မန္တလေး  ၂၇  ဒီဇင်ဘာ

 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ  ဉီးလှသိန်းသည် မန္တလေးတိုင်းဒေသကြီး အတွင်းရှိ တိုင်းဒေသကြီး၊ ခရိုင်နှင့်မြိုနယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံပွဲကို ယနေ့ မွန်းလွဲ ၁ နာရီတွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးရှိန်ဝင်း နှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့် မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌများ၊ ရွေးကောက်ပွဲ အရာရှိများ တက်ရောက်ကြသည်။

 

mdn

 

အခမ်းအနားတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် ရွေးကောက်ပွဲများကို ကျင်းပရာတွင် သတ်မှတ်ထားသောစံ (၅)ချက်ဖြစ်သည့် လွတ်လပ်ရမည်၊ တရားမျှတရမည်၊ ပွင့်လင်းမြင်သာမှုရှိရမည်၊ အများယုံ ကြည်လက်ခံမှုရှိရမည်၊ ပြည်သူ့ဆန္ဒနှင့် ရွေးကောက်ပွဲရလဒ် တစ်ထပ်တည်း ဖြစ်ရမည်ဆိုသည့် အချက်များနှင့်အညီ ကျင်းပပေးလျက်ရှိပါကြောင်း၊ ၂၀၁၉ ခုနှစ်ကို အခြေခံမဲဆန္ဒရှင်စာရင်း ပြုစုရေးနှစ်အဖြစ် သတ်မှတ်ပြီး စီမံချက်ရေးဆွဲဆောင်ရွက်ခဲ့ရာ မြို့နယ်များအလိုက် အခြေံခံ မဲဆန္ဒရှင်စာရင်းများကို ပြုစုခဲ့ပြီး ဖြစ်ပါကြောင်း။

 

စီမံချက်၏ အပိုင်း(၁)တွင် လူဉီးရေ စာရင်းအချက်အလက်များ ကောက်ယူပြုစုခြင်းနှင့်  စိစစ်ခြင်း၊ အပိုင်း(၂)တွင် အခြေခံမဲဆန္ဒရှင် စာရင်းပြုစုခြင်း၊ အပိုင်း(၃)တွင် ပြောင်းလဲနေသော လူဉီးရေစာရင်းနှင့် အခြေခံမဲဆန္ဒရှင် စာရင်းများကို လစဉ်ပြုစုခြင်း၊ ပြင်ဆင်ခြင်း၊ ထိန်းသိမ်းခြင်းနှင့် အပိုင်း(၄)တွင် အခြေခံမဲဆန္ဒရှင် စာရင်းကပ်ထားကြေညာခြင်းဟူ၍ အပိုင်း(၄) ပိုင်းဖြင့် ဆောင်ရွက်ခဲ့ရာ ယခုကာလသည်  စီမံချက်၏ အပိုင်း(၃)ဖြစ်သော ပြောင်းလဲနေသော လူဉီးရေစာရင်းနှင့် အခြေခံမဲဆန္ဒရှင် စာရင်းများကို လစဉ်ပြုစုခြင်း၊ ပြင်ဆင်ခြင်း၊ ထိန်းသိမ်းခြင်းများ ဆောင်ရွက်နေသည့် အချိန်ဖြစ်ပါကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အနေဖြင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် နိုင်ငံသားများအားလုံး မဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးအတွက် အထူးအလေးထား ဆောင်ရွက်လျက်ရှိပြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်အနေဖြင့်လည်း အမှားအယွင်းကင်းသော မဲဆန္ဒရှင်စာရင်းများ ရရှိစေရေးအတွက် ပြောင်းလဲနေသော မဲဆန္ဒရှင်စာရင်းများကို လစဉ် ပြုစုခြင်း၊ ပြင်ဆင်ခြင်း၊ ထိန်းသိမ်းခြင်းလုပ်ငန်းများကို သေချာစွာ စနစ်တကျ ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ စီမံချက်၏ အပိုင်း(၄)ဖြစ်သော အခြေခံ မဲဆန္ဒရှင်စာရင်း ကပ်ထားကြေညာချိန်တွင် မဲဆန္ဒရှင် ပြည်သူများ လာရောက်ကြည့်ရှုစေရေးအတွက် နိုင်ငံရေးပါတီများ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများဖြင့် ပူးပေါင်းပြီး မဲဆန္ဒရှင် အသိပေး လုပ်ငန်းများ ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း။

 

သို့မှသာ မှန်ကန်ပြည့်စုံသည့် မဲဆန္ဒရှင်စာရင်းကို ရရှိမည်ဖြစ်ပါကြောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် တိုင်းဒေသကြီး၊ ပြည်နယ်၊ ပြည်ထောင်စုနယ်မြေ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသ၊ ခရိုင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများမှ အများယုံကြည် လေးစား ခြင်းခံရသော ပုဂ္ဂိုလ်များနှင့် အရာထမ်းများအတွက် ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့် သင်တန်းများကို ၂၀၁၉ ခုနှစ် နိုဝင်ဘာလအတွင်း အုပ်စု (၃)အုပ်စုခွဲ၍ နေပြည်တော်တွင် ဖွင့်လှစ်ပို့ချပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ အဆိုပါ ရွေးကောက်ပွဲ ဆိုင်ရာစွမ်းရည်မြင့်သင်တန်းကို တက်ရောက်ခဲ့သည့် ဥက္ကဋ္ဌများ၊ အဖွဲ့ဝင်များ၊ အရာထမ်းများမှ သက်ဆိုင်ရာ ခရိုင်များအလိုက် ဆင့်ပွားသင်တန်းများကို ဆက်လက်ပို့ချရမည် ဖြစ်ပါကြောင်း၊ အဆင့်ဆင့်သော ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများအနေဖြင့်  ပြဋ္ဌာန်းထားသည့် ဉပဒေ၊ နည်းဉပဒေ၊ လုပ်ငန်းလမ်းညွှန်၊ ညွှန်ကြားချက်များနှင့်အညီ ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပပေးနိုင်ရန်အတွက် ရည်ရွယ်၍ စွမ်းရည်မြှင့်သင်တန်းများကို ဖွင့်လှစ်ပို့ချရခြင်း ဖြစ်ပါကြောင်း၊ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သက်မှတ်ထားသည့် စံ(၅)ချက်နှင့်အညီ ကျင်းပသွားမည်ဖြစ်၍ အဆင့်ဆင့်သော ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများအနေဖြင့် မိမိတို့အား ပေးအပ်ထားသည့် တာဝန်များကို ကျေပွန်စွာ ကြိုးစားထမ်းဆောင်သွားကြရန် ဖြစ်ကြောင်း ပြောကြားသည်။

 

mdn

 

ယင်းနောက် တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးက ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

 

mdn

 

ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဥက္ကဋ္ဌမှ နိဂုံးချုပ်အမှာစကား ပြောကြားသည်။

 

မင်းထက်အောင်(မန်းကိုယ်ပွား)