နေပြည်တော် စက်တင်ဘာ ၆
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဗဟိုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၏ ဖိတ်ကြားမှုအရ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဗဟိုရွေးကောက်ပွဲကော်မရှင်နှင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်တို့အကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးရန်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒေသန္တရရွေးကောက်ပွဲကို လေ့လာရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုး၊ အဖွဲ့ဝင် ဦးအောင်စောဝင်းနှင့် ညွှန်ကြားရေးမှူး ဦးဇော်နောင်လတ် တို့သည် ယနေ့ ညနေပိုင်းတွင် ရန်ကုန်မြို့မှ ရုရှားနိုင်ငံ၊ မော်စကိုမြို့သို့ လေကြောင်း ခရီးဖြင့် ထွက်ခွာသွားကြသည်။
အဆိုပါကိုယ်စားလှယ်အဖွဲ့ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဥပဒေချုပ် ဦးဌေးအောင်နှင့် ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဗဟိုရွေးကောက်ပွဲကော်မရှင်နှင့် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခြင်း၊ ဒေသန္တရရွေးကောက်ပွဲကို လေ့လာခြင်းအားဖြင့် နှစ်နိုင်ငံ အကြား ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်မည်ဖြစ်ပြီး ရုရှားနိုင်ငံ၏ ရွေးကောက်ပွဲစနစ်၊ ရွေးကောက်ပွဲကျင်းပပုံ လုပ်ငန်းစဉ်များ၊ မဲပေးခြင်းလုပ်ငန်းစဉ်များနှင့် မဲရေတွက်ခြင်း လုပ်ငန်းစဉ်များကို လေ့လာသိရှိနိုင်မည်ဖြစ်သည်။ အဆိုပါခရီးစဉ်သည်စက်တင်ဘာ ၆ ရက်မှ ၁၂ ရက်အထိ ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)