နေပြည်တော် ၂၃ ဇန်နဝါရီ
ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးသည် My Justice မှ Team Leader Ms. Caitlin Reiger နှင့် အဖွဲ့အား ယနေ့ နံနက် ၁၀ နာရီတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုရှေ့နေချုပ်က တရားဥပဒေစိုးမိုးရေးသည် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေပါကြောင်း၊ ဥပဒေ အသိပညာပေးရေးနှင့် တရားမျှတမှုကို အားလုံးလက်လှမ်းမီရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်ရာတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် My Justice တို့အကြား ပူးပေါင်းဆောင်ရွက်မှု တိုးတက်ခဲ့ပါကြောင်း၊ တရားဥပဒေ စိုးမိုးရေးဌာနနှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့၏ “ပြည်သူအတွက် တရားမျှတမှု” မဟာဗျူဟာစီမံကိန်းကို ၂၀၁၉ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။
My Justice မှ Team Leader က My Justice Programme ၏ ဒုတိယ ၅ နှစ် စီမံကိန်းကို ဆက်လက်တိုးမြှင့် ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ အဆိုပါစီမံကိန်းအရ ဥပဒေအသိပညာပေးခြင်း၊ ဥပဒေဆိုင်ရာ အထောက်အကူပေးခြင်း၊ တရားမျှတမှု လက်လှမ်းမီရေးအတွက် ဆောင်ရွက်ခြင်း၊ နိုင်ငံတော်အစိုးရ၏ တရားမျှတမှုကဏ္ဍ မူဝါဒများချမှတ်ရေးတွင် ပံ့ပိုးကူညီခြင်းတို့ကို အကောင်အထည်ဖော်မည် ဖြစ်ပါကြောင်း ရှင်းလင်းတင်ပြရာ ဆက်လက်ပူးပေါင်း ဆောင်ရွက်မည့်လုပ်ငန်း အစီအစဉ်များကို ရင်းနှီးစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
(သတင်းစဉ်)