နေပြည်တော် ၃၁ ဇန်နဝါရီ
ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးသည် UNDP (မြန်မာ)မှ ဌာနေအကြီးအကဲ Mr. Peter Batchelor နှင့် ကိုယ်စားလှယ်အဖွဲ့ကို ယနေ့နံနက် ၁၀ နာရီတွင် ပြည်ထောင်စု ရှေ့နေချုပ်ရုံး ဧည့်ခန်းမ၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ် တရားဥပဒေ စိုးမိုးရေးဌာနနှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေး အဖွဲ့၏ “ပြည်သူအတွက်တရားမျှတမှု” မဟာဗျူဟာစီမံကိန်း (၂၀၁၉ - ၂၀၂၃) အရ ၂၀၁၉ ခုနှစ် အတွင်းအကောင်အထည်ဖော်မည့် လုပ်ငန်းများ၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ “တရားဥပဒေစိုးမိုးရေးဆီသို့” မဟာဗျူဟာစီမံကိန်း ပထမအဆင့်သည် ၂၀၁၉ ခုနှစ်တွင် ကုန်ဆုံးမည်ဖြစ်၍ ဒုတိယအဆင့် ဆောင်ရွက်မည့်အစီအစဉ်များ၊ UNDP နှင့် IDLO တို့ဖွင့်လှစ်ထား သည့် တရားဥပဒေစိုးမိုးရေး စင်တာများ၏ လုပ်ငန်းဆောင်ရွက်နေမှုများ၊ တရားမျှတမှုကို အားလုံးလက်လှမ်းမီရေးနှင့် တရားဥပဒေစိုးမိုးမှု တိုးတက်ကောင်းမွန်ရေးအတွက် ဆက်လက် ပူးပေါင်းဆောင်ရွက်မည့်ကိစ္စရပ်များနှင့် UNDP ၏ နည်းပညာဆိုင်ရာ ပံ့ပိုးကူညီမှုများကို ဆွေးနွေးကြသည်။
(သတင်းစဉ်)