စစ်ကိုင်း၊ ၂၄ မေ

ပြည်ထောင်စုရှေ့နေချုပ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ဥပဒေအရာရှိများ တွေ့ဆုံဆွေးနွေးပွဲကို မေ ၂၃ ရက် နံနက် ၁၀ နာရီက စစ်ကိုင်းမြို့ မြို့တော်ခန်းမတွင် ကျင်းပသည်။

အခမ်းအနား၌ ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးက အဖွင့်အမှာစကား ပြောကြားရာတွင် နိုင်ငံတော်၏ လက်ရှိဖြစ်ပေါ်နေသော အခြေအနေနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်မှာကြားချက်များကို ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ အဆင့်ဆင့်သော ဥပဒေရုံးများ၏ လုပ်ငန်းများ အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်နိုင်ရန်၊ ဝန်ထမ်းရေးရာကိစ္စရပ်များ၊ CDM ကိစ္စများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီး ဥပဒေချုပ် ဒေါ်လှလှဝင်းနှင့် တိုင်းဒေသကြီးအတွင်းရှိ ခရိုင်ဥပဒေအရာရှိများက လုပ်ငန်းဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ တွေ့ကြုံနေရသည့် အခြေအနေများကို တင်ပြကြရာ ပြည်ထောင်စုရှေ့နေချုပ်ရုံး ညွှန်ကြားရေးမှူးချုပ်က ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ပြီး ပြည်ထောင်စုရှေ့နေချုပ်က ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။

အဆိုပါတွေ့ဆုံပွဲသို့ တိုင်းဒေသကြီးဥပဒေချုပ်နှင့် တိုင်းအဆင့်ဥပဒေအရာရှိများ၊ ခရိုင်/မြို့နယ်အဆင့် ဥပဒေအရာရှိများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

စစ်ကိုင်းခရိုင် (ပြန်/ဆက်)