နေပြည်တော်  နိုဝင်ဘာ ၂၇

 

ပြည်ထောင်စုရှေ့နေချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်ဥပဒေချုပ်များ၊တိုင်းဒေသကြီး/ ပြည်နယ် ဥပဒေ အရာရှိများ၊ ခရိုင်ဥပဒေအရာရှိများ၏သတ္ထမအကြိမ်လုပ်ငန်း ညှိနှိုင်းဆွေးနွေးပွဲ ကို ယနေ့နံနက် ၉ နာရီတွင် ပြည်ထောင်စု ရှေ့နေချုပ်ရုံးမြေညီထပ် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲတွင် ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး က ဥပဒေအရာရှိများအနေဖြင့် အမှုစစ်ဆေးရာတွင် လုပ်ငန်းကျွမ်းကျင်မှုရှိရန် လိုအပ်ပါကြောင်း၊ ပြစ်မှုကျူးလွန်သည့်အချိန်တွင် မည်သည့် ဥပဒေဖြင့်အကျုံးဝင်ကြောင်းကိုသိရှိရမည်ဖြစ်ပြီး တည်ဆဲဥပဒေ၊ ပြင်ဆင်သည့် ဥပဒေ၊ ဖျက်သိမ်းသည့် ဥပဒေ ၊အသစ်ပြဌာန်းသည့် ဥပဒေများကို မျက်ခြေမပြတ်သိရှိရန်လိုအပ်ပါကြောင်း၊ ဥပဒေ အကြံဉာဏ်ပေးရာတွင် ဥပဒေပြဌာန်းချက် နှင့်အညီဖြစ်စေရေးနှင့် မှားယွင်းစွာအကြံပေးခြင်း မရှိစေရေးတို့ကို ဂရုပြု ဆောင်ရွက်စေလိုပါကြောင်း၊ အယူခံမှုနှင့်ပြင်ဆင်မှုများတင်သွင်းရာတွင် ကာလစည်းကမ်းသတ် မကျော်လွန် စေရေးနှင့် တရားရုံးစီရင်ချက် မိတ္တူမှန်များအား အချိန်မီ ရရှိစေရေး တို့ကို ဂရုပြု ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ လျှောက်လဲချက်များတင်ပြရာတွင် ပြည်ထောင်စု ရှေ့နေချုပ် ဥပဒေ၊ နည်းဥပဒေ၊အမှုလိုက်ဆိုင်ရာ ညွှန်ကြားလွှာများ၊စီမံခန့်ခွဲရေးဆိုင်ရာ ညွှန်ကြားလွှာ များနှင့်အညီဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ်ဥပဒေချုပ်ရုံးများသည် ဆောက်လုပ်ရေး စာချုပ်များ၊ လုပ်ငန်းအပ်နှံခြင်း သဘောတူစာချုပ်များနှင့်ပစ္စည်းဝယ်ယူရေး စာချုပ်များကို စိစစ်အကြံပြုရာတွင် ပြည်ထောင်စုရှေ့နေချုပ် ရုံး၏ ဥပဒေအကြံဉာဏ်ပေးခြင်း ဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ နိုင်ငံပိုင်မြေ၊အဆောက် အအုံများ ငှားရမ်းခြင်း၊ လွှဲပြောင်းခြင်းနှင့် အကျိုးတူ လုပ်ကိုင်ခြင်းများအတွက် မြေနှင့် အဆောက်အအုံ၊ သတင်းအချက် အလက်ဘဏ် (Land and Property Bank) ဆိုင်ရာ နိုင်ငံတော် သမ္မတရုံး၏ ညွှန်ကြားချက်နှင့်အညီ လိုက်နာဆောင်ရွက်ရန်လိုပါကြောင်း၊ မြေသိမ်း ဆည်းခဲ့သည့် ကိစ္စရပ်များအပေါ် လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရမှုများ ပြန်လည် စိစစ်ရေး ဗဟိုကော်မတီမှ ထုတ်ပြန်ထားသည့် မူဝါဒများနှင့်အညီ စိစစ်ရန်ဖြစ်ပါကြောင်း၊ ၁၉၆၃ ခုနှစ်၊ လုပ်ငန်းများ ပြည်သူပိုင် ပြုလုပ်ခြင်း ဥပဒေအရ သိမ်းဆည်းခဲ့သည်များကို ပြန်လည်လျှောက် ထားလာသည့် ကိစ္စများနှင့် စပ်လျဉ်း၍ ပြည်ထောင်စု အစိုးရအဖွဲ့ရုံးကထုတ်ပြန်ထားသည့် မူဝါဒ များနှင့်အညီ စိစစ်ရမည် ဖြစ်ပါကြောင်းနှင့် ဥပဒေအရာရှိများအနေဖြင့်ဥပဒေအရာရှိ ကျင့်ဝတ်ကို လေးစား လိုက်နာပြီး အရည်အသွေး ပြည့်ဝသော ဥပဒေအရာရှိများဖြစ်စေရေး ကြိုးပမ်း ဆောင်ရွက် ကြရမည် ဖြစ်ပါကြောင်းပြောကြားသည်။

 

အဆိုပါ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲသို့ ဒုတိယရှေ့နေချုပ်၊တိုင်းဒေသကြီး/ပြည်နယ်ဥပဒေ ချုပ်များ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြား ရေး မှူးများ၊တိုင်းဒေသကြီး/ပြည်နယ်ဥပဒေအရာရှိများနှင့် ခရိုင်ဥပဒေအရာရှိများ တက်ရောက် သည်။ ယင်းဆွေးနွေးပွဲအား နိုဝင်ဘာ ၂၈ ရက်အထိ ၂ရက် ကြာကျင်းပသွားမည် ဖြစ်ကြောင်းသိရသည်။                  

 

သတင်းစဉ်