နေပြည်တော်၊ ၁၅ ဒီဇင်ဘာ

 

ပြည်ထောင်စုရှေ့နေချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်ဥပဒေချုပ်များ၊ တိုင်းဒေသကြီး/ ပြည်နယ်ဥပဒေအရာရှိများ၏ အဋ္ဌမအကြိမ် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး အစည်းအဝေးခန်းမ၌ အွန်လိုင်းစနစ်ဖြင့် ကျင်းပသည်။

 

လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲတွင် ပြည်ထောင်စုရှေ့နေချုပ်က တိုင်းဒေသကြီးနှင့် ပြည်နယ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မျက်နှာစုံညီပြုလုပ်နိုင်ခြင်း မရှိသဖြင့် အွန်လိုင်းစနစ်ဖြင့် ကျင်းပဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးအနေဖြင့် “တရားဥပဒေစိုးမိုးရေးဆီသို့” ၂၀၁၅-၂၀၁၉ မဟာဗျူဟာစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး ယခုအခါ “တရားမျှတရေးအတွက် ဥပဒေဝန်ဆောင်မှု” ၂၀၂၀-၂၀၂၄ မဟာဗျူဟာစီမံကိန်းကို ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါကြောင်း၊ ယင်းမဟာဗျူဟာစီမံကိန်းတွင် ဥပဒေအကြံဉာဏ်ပေးခြင်း၊ တရားစွဲအမှုလိုက် လုပ်ငန်းများဆောင်ရွက်ခြင်းနှင့် တရားမျှတမှုကဏ္ဍ တိုးတက်ရေးတို့ကို အထောက်အကူပြုရန် ရည်မှန်းချက် ပန်းတိုင် ၅ ရပ် ချမှတ်ထားပါကြောင်း၊ ၂၀၁၉-၂၀၂၀ ကာလအတွင်း တရားဥပဒေစိုးမိုးရေးဌာနနှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့သို့ တင်ပြချက်များနှင့် စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း။

 

တိုင်းဒေသကြီးနှင့် ပြည်နယ်ဥပဒေချုပ်ရုံးများအနေဖြင့် ဥပဒေမူကြမ်းများ စိစစ်အကြံပြုရာတွင် အထောက်အကူပြုရန် ဥပဒေမူကြမ်းရေးဆွဲရေး လမ်းညွှန်စာအုပ်ကို ဖြန့်ဝေထားပြီးဖြစ်ပါကြောင်း၊ ပြည်ထောင်စုရှေ့နေချုပ် နည်းဥပဒေများတွင်လည်း ဥပဒေမူကြမ်းနှင့် တစ်ဆင့်ခံဥပဒေ မူကြမ်းများကို စိစစ်ရန် ပြဌာန်းချက်များပါရှိပါကြောင်း၊ ဥပဒေမူကြမ်းများ စိစစ်အကြံပြုရာတွင် အဂတိလိုက်စားမှု ဖြစ်နိုင်ခြေ ဆန်းစစ်လေ့လာချက်နှင့်စပ်လျဉ်းသည့် စိစစ်ချက်များကို ထပ်မံ ဖြည့်စွက်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ စီးပွားရေးဆိုင်ရာ စာချုပ်စာတမ်းများ စိစစ်အကြံပေးရာတွင် ဥပဒေ၊ နည်းဥပဒေ၊ အမိန့်ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ မြေယာကိစ္စများ အကြံပေးရာတွင် အထောက်အထားများကို ပြည့်ပြည့်စုံစုံ လေ့လာရန် လိုအပ်ပြီး တည်ဆဲဥပဒေများ၊ မူဝါဒများကို သိရှိရန်လိုအပ်ပါကြောင်း၊ ဥပဒေ အရာရှိများသည် ပြင်ဆင်၊ ဖျက်သိမ်း၊ အသစ် ပြဌာန်းသည့် ဥပဒေများကို မျက်ခြေမပြတ် လေ့လာရန်လိုအပ်ပါကြောင်း၊  အယူခံမှုနှင့် ပြင်ဆင်မှုများ တင်သွင်းရာတွင် ကာလစည်းကမ်း သတ်မ ကျော်လွန်စေရေးနှင့် တရားရုံးစီရင်ချက် မိတ္တူမှန်များ အချိန်မီရရှိစေရေး ဂရုပြုဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ဥပဒေအရာရှိကျင့်ဝတ်ကို လိုက်နာကြရန်နှင့်  အရည်အသွေး ပြည့်ဝသူများ ဖြစ်စေရေး ကိုယ်တိုင်ကြိုးစားလေ့လာ သင်ယူကြရမည် ဖြစ်ပါကြောင်း မှာကြားသည်။

 

လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲသို့ ဒုတိယရှေ့နေချုပ်၊ တိုင်းဒေသကြီး/ပြည်နယ် ဥပဒေချုပ်များ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် တိုင်းဒေသကြီး/ပြည်နယ် ဥပဒေအရာရှိများ တက်ရောက်ခဲ့ကြပြီး ယင်းဆွေးနွေးပွဲအား ဒီဇင်ဘာ ၁၆ ရက်အထိ ၂ ရက်ကြာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်

 

mdn