မြိတ် ၆ ဇန်နဝါရီ
ပြည်ထောင်စုရှေ့နေချုပ်ရုံး ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်သည် တနင်္သာရီတိုင်းဒေသကြီး ဥပဒေချုပ်နှင့် တာဝန်ရှိသူများနှင့်အတူ ဇန်နဝါရီ ၅ ရက် နေ့လယ်ပိုင်းက မြိတ်ခရိုင်ဥပဒေရုံး အစည်းအဝေးခန်းမတွင် ဥပဒေအရာရှိများနှင့် ဝန်ထမ်းများအား တွေ့ဆုံ၍ လုပ်ငန်းလမ်းညွှန် မှာကြားခဲ့ကြောင်း သိရသည်။
တွေ့ဆုံပွဲတွင် ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်က နိုင်ငံတစ်ခု တည်ဆောက်ရာတွင် စည်းမျဉ်း၊ စည်းကမ်း၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ကြရခြင်းဖြစ်ပြီး ဥပဒေအရာရှိများသာမက ဝန်ထမ်းများပါ သိဖို့လိုကြောင်း၊ ဥပဒေအကြံပေးရာတွင် ဥပဒေနှင့်အညီ ဖြစ်ရန်လိုကြောင်း ဥပဒေအရာရှိများနှင့် ဝန်ထမ်းများအား လုပ်ငန်းလမ်းညွှန် မှာကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး၊ ခရိုင်နှင့်မြို့နယ် ဥပဒေအရာရှိများက ခရိုင်နှင့်မြို့နယ်များအလိုက် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြပြီး တနင်္သာရီတိုင်းဒေသကြီး ဥပဒေချုပ် ဦးစိုးမြင့်နှင့် ပြည်ထောင်စုရှေ့နေချုပ်ရုံး အမြဲတမ်းအတွင်းဝန် ဒေါ်နုနုယဉ်တို့က တနင်္သာရီတိုင်းဒေသကြီး အတွင်းရှိ ခရိုင်/မြို့နယ်ရုံးများ၏ လုပ်ငန်းလိုအပ်ချက်များကို ဖြည့်စွက်ရှင်းလင်း တင်ပြခဲ့ကြကာ ဒုတိယရှေ့နေချုပ်က နိဂုံးချုပ် အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ ဒုတိယရှေ့နေချုပ်သည် မြိတ်ခရိုင်နှင့် မြိတ်မြို့နယ် ဥပဒေရုံးတို့ အား စစ်ဆေးခဲ့ကြောင်း သိရသည်။
ခိုင်ထူး (မြိတ် ပြန်/ဆက်)