နေပြည်တော် ၁၂ စက်တင်ဘာ
ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ မဟာဗျူဟာစီမံကိန်း ၂၀၁၅-၂၀၁၉ အကဲဖြတ်မှု အစီရင်ခံစာ နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခြင်းအခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီ အချိန်တွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ မြေညီထပ်အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စု ရှေ့နေချုပ် ဦးထွန်းထွန်းဦး တက်ရောက်၍ အမှာစကားပြောကြားခဲ့သည်။
ပြည်ထောင်စုရှေ့နေချုပ်က အမှာစကားပြောကြားရာတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံးသည် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို အထောက်အကူပြုရန် ရည်ရွယ်၍ “တရားဥပဒေစိုးမိုးရေးဆီသို့” ဟူသည့် မဟာဗျူဟာစီမံကိန်း ၂၀၁၅-၂၀၁၉ ကို ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါကြောင်း၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် ဥပဒေရုံးအဆင့်ဆင့်တို့သည် “တရားဥပဒေစိုးမိုးရေး အတွက် ဥပဒေဖြင့် ကာကွယ်စောင့်ရှောက်ခြင်း” ဟူသော မျှော်မှန်းချက်ထားရှိ၍ မဟာဗျူဟာ စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါကြောင်း၊ ယခုအခါစီမံကိန်းကာလ ပြီးဆုံးတော့မည်ဖြစ်၍ ယင်းစီမံကိန်း အကောင်အထည်ဖော်မှု အကဲဖြတ်ဆန်းစစ်ခြင်းလုပ်ငန်းကို UNDP ၏ အကူအညီဖြင့် ၂၀၁၉ခုနှစ် ဖေဖော်ဝါရီလမှ ဧပြီလအထိ ဆောင်ရွက်ခဲ့ပါကြောင်း၊ အကဲဖြတ် ဆန်းစစ်ရာတွင် လွှတ်တော်ဥပဒေကြမ်းကော်မတီများ၊ အချို့သောဝန်ကြီးဌာနများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ နိုင်ငံတကာမိတ်ဖက်အဖွဲ့အစည်းများသို့ မေးမြန်းမှုများ ပြုခဲ့ပါကြောင်း၊ ဥပဒေရုံး အဆင့်ဆင့်မှ အရာရှိ ၈၇% က ဖြေဆိုမှုများ ပေးပို့ခဲ့ပါကြောင်း၊ သို့ဖြစ်ရာ အများစုပါဝင်သော စစ်တမ်းတစ်ခုဖြစ်ပါကြောင်း၊ အကဲဖြတ်ဆန်းစစ်ခြင်းမှ ရရှိလာသော ရလဒ်များအပေါ် အခြေခံ၍ ဒုတိယမဟာဗျူဟာစီမံကိန်းတွင် ဖြည့်စွက်သင့်သည့်အချက်၊ ပြင်ဆင်သင့်သည့် အချက်များကို သိရှိစေပြီး ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ လုပ်ငန်းစွမ်းဆောင်ရည်များ ပိုမိုတိုးတက်ကောင်းမွန်အောင် ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ အကဲဖြတ်ဆန်းစစ်ခြင်း အစီရင်ခံစာပြုစုရေးနှင့် မဟာဗျူဟာ စီမံကိန်းပြီးမြောက် အောင်မြင်ရေးအတွက် အဘက်ဘက်မှ ဝိုင်းဝန်းကူညီပေးခဲ့ကြသော UNDP မှ တာဝန်ရှိသူများ၊ နိုင်ငံတကာမိတ်ဖက် အဖွဲ့အစည်းများနှင့် ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ဥပဒေ အရာရှိများအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်။
အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ဒုတိယရှေ့နေချုပ်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ UNDP မှ တာဝန်ရှိသူများ၊ UNODC ၊ IDLO ၊ JICA ၊ MyJustice နှင့် Promoting the Rule of Law in Myanmar (PRLM) တို့မှ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။
သတင်းစဉ်


