နေပြည်တော် ၁၂ စက်တင်ဘာ 
    

ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ မဟာဗျူဟာစီမံကိန်း ၂၀၁၅-၂၀၁၉ အကဲဖြတ်မှု အစီရင်ခံစာနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခြင်း အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ အဆိုပါရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
    

အခမ်းအနားတွင် ပြည်ထောင်စုရှေ့နေချုပ် ဉီးထွန်းထွန်းဉီးက ပြည်ထောင်စုရှေ့နေချုပ်ရုံးသည် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို အထောက်အကူပြုရန်ရည်ရွယ်၍ “တရားဥပဒေစိုးမိုးရေးဆီသို့”ဟူသည့် မဟာဗျူဟာစီမံကိန်း ၂၀၁၅-၂၀၁၉ ကို ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါကြောင်း၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် ဥပဒေရုံး အဆင့်ဆင့်တို့သည် “တရားဥပဒေစိုးမိုးရေးအတွက် ဥပဒေဖြင့် ကာကွယ်စောင့်ရှောက်ခြင်း”ဟူသော မျှော်မှန်းချက်ထားရှိ၍ မဟာဗျူဟာ စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး စီမံကိန်းအကောင်အထည်ဖော်မှု အကဲဖြတ်ဆန်းစစ်ခြင်းလုပ်ငန်းကို UNDP ၏ အကူအညီဖြင့် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီမှ ဧပြီအထိဆောင်ရွက်ခဲ့ပါကြောင်း၊ အကဲဖြတ်ဆန်းစစ်ခြင်းမှ ရရှိလာသောရလဒ်များအပေါ် အခြေခံ၍ ဒုတိယမဟာဗျူဟာ စီမံကိန်းတွင် ဖြည့်စွက်သင့်သည့်အချက်၊ ပြင်ဆင်သင့်သည့်အချက်များကို သိရှိပြီး ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ လုပ်ငန်းစွမ်းဆောင်ရည်များ ပိုမိုတိုးတက်ကောင်းမွန်အောင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။
    

အခမ်းအနားသို့ ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ဒုတိယရှေ့နေချုပ်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ UNDP မှတာဝန်ရှိသူများ၊ UNODC ၊ IDLO ၊ JICA ၊MyJustice နှင့် Promoting the Rule of Law in Myanmar (PRLM) တို့မှ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။


သတင်းစဉ်