နေပြည်တော် ၂  ဒီဇင်ဘာ

 

ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ မဟာဗျူဟာစီမံကိန်း (၂၀၂၀-၂၀၂၄ ) မူကြမ်း ဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ Kempinski Hotel ၌ ကျင်းပသည်။

 

အဆိုပါအခမ်းအနား၌ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက ပြည်ထောင်စု ရှေ့နေချုပ်ရုံး ပထမအကြိမ် မဟာဗျူဟာစီမံကိန်း (၂၀၁၅-၂၀၁၉) ကို UNDP ၏ အကူ အညီဖြင့် ၂၀၁၅ ခုနှစ်မှစတင်၍ ရေးဆွဲအကောင်အထည် ဖော်ခဲ့ပါကြောင်း၊ ယင်းစီမံ ကိန်း အရလုပ်ငန်းများကို အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ရာ ယခု ၂၀၁၉ ခုနှစ်တွင် စီမံကိန်း ကာလပြီးစီးမည်ဖြစ်သည့်အတွက် ဒုတိယအကြိမ် မဟာဗျူဟာစီမံကိန်း (၂၀၂၀-၂၀၂၄) ကို  USAID (PRLM-Promoting Rule of Law in Myanmar) ၏ ပံ့ပိုးကူညီမှုဖြင့် ရေးဆွဲထားခြင်းဖြစ်ပါကြောင်း၊ ယင်းစီမံကိန်းကို ပြည်ထောင်စုရှေ့နေချုပ်ရုံးသည် USAID (PRLM) နှင့်ပူးပေါင်း၍ ၂၀၁၉ မတ်လ ၂၂ ရက်မှစ၍ ပြည်ထောင်စုရှေ့နေချုပ်ရုံးရှိ လူပုဂ္ဂိုလ် နှင့် အဖွဲ့အစည်းဆိုင်ရာ အရည်အချင်းတိုးတက်အားကောင်းလာစေရေး (HICD -Human and Institutional Capacity Development) ကို ကနဦးလေ့လာဆန်းစစ်မှုပြု လုပ်ခဲ့ပါ ကြောင်း။

 

 ၂၀၁၅-၂၀၁၉ မဟာဗျူဟာစီမံကိန်း အကောင်အထည်ဖော်ဆောင် ရွက်ခြင်းအပေါ် UNDP ကလည်းလေ့လာသုံးသပ်ချက်များ ဆောင်ရွက်ခဲ့ပါကြောင်း၊ ယင်းလေ့လာဆန်းစစ် မှုမှရရှိသော အားနည်းချက်၊ အားသာချက်များ၊ အကြံပြုချက်များ အပေါ်အခြေခံ၍ နောက်ထပ် ၅ နှစ်တာကာလအတွက် မဟာဗျူဟာစီမံကိန်း(၂၀၂၀-၂၀၂၄) ကို ထပ်မံ ရေးဆွဲခဲ့ခြင်းဖြစ်ပါကြောင်း၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် ဥပဒေရုံးအဆင့် ဆင့်၏ မဟာဗျူဟာစီမံကိန်း (၂၀၂၀-၂၀၂၄) သည် ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် ဥပဒေရုံး အဆင့် ဆင့်ရှိ ဥပဒေအရာရှိများ၏ အရည်အသွေးပိုမိုမြင့်မားလာစေရန်၊ ပြည်သူနှင့် နိုင်ငံတော် အတွက် ပိုမိုကောင်းမွန်ထိရောက်သော ဥပဒေအကြံဉာဏ်များပေးနိုင်ရန်၊ ပြည်သူများ အတွက် တရားမျှတမှုဖော်ဆောင်ပေးနိုင်ရန်နှင့် ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပွင့်လင်းမြင်သာမှုရှိပြီး အများပြည်သူ ပိုမိုအားကိုးယုံကြည်သည့် အဖွဲ့ အစည်း တစ်ခုဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ဤစီမံကိန်းကို ရေးဆွဲခဲ့ခြင်း ဖြစ်ပါကြောင်း ပြောကြားသည်။

 

အခမ်းအနားသို့ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီ တို့မှ အဖွဲ့ဝင်များ၊တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ လွှတ်တော်ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်၊ ပြည်ထောင်စု ဥပဒေအထောက်အကူပြုအဖွဲ့နှင့် တရားလွှတ်တော်ရှေ့နေများ ကောင်စီတို့မှအဖွဲ့ဝင်များ၊ အစိုးရဌာန အဖွဲ့အစည်းများမှ အရာရှိကြီးများ၊ USAID (PRLM)မှ Chief of Party နှင့်ဖိတ်ကြားထားသည့် အပြည်ပြည်ဆိုင်ရာမိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

                                               

(သတင်းစဉ်)