နေပြည်တော်  ၁၉  ဇွန်

 

ပြည်သူ့အတွက် စတုတ္ထ (၁) နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်သည့် နိုင်ငံခြားရေးဝန်ကြီးဌာန/ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် ပြည်ထောင်စုရာထူးဝန်အဖွဲ့ တို့၏ သတင်းစာရှင်းလင်းပွဲကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ ပြည်သူ့အတွက် စတုတ္ထ (၁) နှစ်တာကာလ အတွင်း ဆောင်ရွက်ခဲ့မှု နှင့်စပ်လျဉ်း၍ အမြဲတမ်းအတွင်းဝန် ဒေါက်တာဒေါ်သီတာဦး က ဥပဒေများ စိစစ်အကြံပြုရေးဦးစီးဌာနအနေဖြင့် စတုတ္ထ (၁) နှစ်တာကာလအတွင်း ဥပဒေ (မူကြမ်း) ၁၇၈ ခု၊ နည်းဥပဒေ၊ စည်းမျဉ်း၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်း ၄၃၇ ခုကို စိစစ်အကြံပြုခြင်း၊ ပြဋ္ဌာန်းပြီးဥပဒေ ၃၈ ခုနှင့် နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့် ၂၆ ခုတို့ကို မြန်မာဘာသာမှ အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း။

 

ဥပဒေအကြံဉာဏ်ပေးရေးဦးစီးဌာနအနေဖြင့် စတုတ္ထ (၁) နှစ်တာကာလအတွင်း အပြည်ပြည်ဆိုင်ရာ ဥပဒေနှင့် အာဆီယံဥပဒေရေးရာနှင့် သက်ဆိုင်သည့်ကိစ္စ ၉၅၂ ခု၊ အစိုးရ ဌာနများနှင့် ပြည်တွင်း၊ ပြည်ပ ပုဂ္ဂလိကကုမ္ပဏီများချုပ်ဆိုသော စီးပွားရေးစာချုပ်စာတမ်း ကိစ္စ ၁၂၆၇ ခုနှင့် အထွေထွေဥပဒေအကြံပေး ၆၅၄ ခုတို့ကို စိစစ်အကြံပြုပြန်ကြားနိုင်ခဲ့ပါကြောင်း။

 

တရားစွဲနှင့် အမှုလိုက်ဦးစီးဌာနအနေဖြင့် စတုတ္ထ (၁) နှစ်တာကာလတွင် ရာဇ၀တ် အယူခံမှု ၅၀၈ မှု၊ ရာဇ၀တ်အထူးအယူခံမှု ၂၅  မှု၊ ရာဇ၀တ်ပြင်ဆင်မှု ၉၀၉ မှု၊ သေဒဏ် အတည်ပြုမှု ၃၈ မှု၊ ရာဇ၀တ်အထွေထွေ လျှောက်ထားမှု ၁၁ မှုနှင့် ရာဇဝတ် အထွေထွေ လျှောက်ထားမှု (အထူး) ၃၅ မှု ပြီးပြတ်အောင် ဆောင်ရွက်နိုင်ခဲ့ သည့်အပြင် စာချွန်တော်အမိန့် လျှောက်ထားမှုများတွင် နိုင်ငံတော်ကိုယ်စား အမှု ၃၉ မှု လက်ခံ ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ တရားမစွဲမီ ဥပဒေအကြံဉာဏ်ပေးခြင်း နှင့်စပ်လျဉ်း၍ ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ စတုတ္ထ (၁) နှစ်တာကာလတွင် ရာဇဝတ်အမှုပေါင်း  ၂၃၈ မှု ဆောင်ရွက်နိုင်ခဲ့ပါကြောင်း။

 

စီမံရေးရာဦးစီးဌာနအနေဖြင့် ဥပဒေအရာရှိများအတွက် မွမ်းမံသင်တန်း ၄ ကြိမ် ဖွင့်လှစ်ခြင်း၊ ပြည်တွင်း/ ပြည်ပအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အလုပ်ရုံဆွေးနွေးပွဲ ၆၅ ခု ကျင်းပခြင်း၊ ၂၀၁၈ခုနှစ် ဥပဒေများ၊ နည်းဥပဒေများစာအုပ်၊ ဥပဒေဂျာနယ် အတွဲ ၁၁၊ အမှတ် (၂)၊ ဥပဒေရုံးများရည်ညွှန်းစာစောင်များ၊ ဥပဒေဘာသာပြန်စာအုပ်အမှတ် (၃)၊ (၄)၊ (၅)၊ (၆) နှင့် (၇)၊ တရားလွှတ်တော်ရှေ့နေများ ကောင်စီအက်ဥပဒေ၊ တရားလွှတ်တော်ရှေ့နေများ ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ နည်းဥပဒေများနှင့် လုပ်ထုံးလုပ်နည်းများ စာအုပ်တို့ကို ပုံနှိပ်ထုတ်ဝေခဲ့ပြီး ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် တိုင်းဒေသကြီး/ပြည်နယ် ဥပဒေချုပ်ရုံးရှိ အဆင့်ဆင့်သော ဥပဒေရုံးများသို့ ဖြန့်ဝေခဲ့ပါကြောင်း။

 

ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ ထူးခြားသော လုပ်ငန်းဆောင်ရွက်ချက်များအနေဖြင့် တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုဆိုင်ရာ လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် လုပ်ငန်းများ အဆင်ပြေချောမွေ့စွာနှင့်  ထိရောက်အောင်မြင်စွာ ဆောင် ရွက်နိုင်ရေးအတွက် တရားဥပဒေစိုးမိုးရေးဌာနနှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများ ပေါင်းစပ် ညှိနှိုင်းရေးအဖွဲ့ကို ပြည်ထောင်စုအစိုးရအဖွဲ့က ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလတွင် ဖွဲ့စည်းခဲ့ပါ ကြောင်း၊ အဆိုပါအဖွဲ့တွင် ပြည်ထောင်စုရှေ့နေချုပ်က ဥက္ကဋ္ဌအဖြစ် လည်းကောင်း၊  ဒုတိယ ရှေ့နေချုပ်နှင့် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးတို့က ဒုတိယဥက္ကဋ္ဌများ အဖြစ်လည်းကောင်း ဆောင်ရွက်လျက်ရှိပါကြောင်း။

 

 ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့နှင့် အဖွဲ့ခွဲများ ဖွဲ့စည်းပြီး ဥပဒေအသိပညာပေးရေး၊ တရားမျှတမှုကို အားလုံးလက်လှမ်းမီရေးတို့ကို ဆောင်ရွက်လျက်ရှိရာ ယခုစတုတ္ထနှစ် ကာလတွင် ၃ နှစ် ပြည့်ပြီဖြစ်ပါကြောင်း၊ ၎င်းအဖွဲ့ကို ဖွဲ့စည်းပြီး နှစ်နှစ်တာကာလအတွင်း တရားမျှတမှုဆိုင်ရာ တင်ပြစာပေါင်း ၇၃၁ စောင် ရှိခဲ့ပါကြောင်း၊ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့၏ “ပြည်သူ့အတွက် တရားမျှတမှု” မဟာဗျုဟာစီမံကိန်း (၂၀၁၉ - ၂၀၂၃)ကို ၂၀၁၉ ခုနှစ် ဇန်နဝါရီလတွင် ထုတ်ပြန်နိုင်ခဲ့ပြီး အဖွဲ့ခွဲများမှ ကျင်းပသည့် အသိပညာပေးဆွေးနွေးပွဲ  ၃၄  ကြိမ် ဆောင်ရွက်ခဲ့ပါကြောင်း။

 

တရားလွှတ်တော် ရှေ့နေများကောင်စီအနေဖြင့် လုပ်ငန်းဆိုင်ရာအစည်းအဝေးကို စတုတ္ထ (၁) နှစ်တာကာလတွင် ၃ ကြိမ်ကျင်းပနိုင်ခဲ့ပြီး စတုတ္ထ (၁) နှစ်တာကာလအတွင်း တရားလွှတ်တော်ရှေ့နေအဖြစ် လျှောက်ထားသူ ၁၁၁၅ ဦး၏ တရားလွှတ်တော် ရှေ့နေ ဝင်ခွင့်ကို စိစစ်၍ ထောက်ခံကြောင်း သဘောထားမှတ်ချက်ကို ပြည်ထောင်စုတရားလွှတ် တော်ချုပ်သို့ ပေးပို့ခဲ့ပါကြောင်း။

 

တရားလွှတ်တော်ရှေ့နေများကောင်စီ၏ တရားလွှတ်တော်ရှေ့နေများ မှတ်ပုံတင်ကဒ်ပြားကို Smart Card  ပြုလုပ်ပေးလျက်ရှိပါကြောင်း၊  ၂၀၁၉ ခုနှစ် ဇွန်လတွင် တရားလွှတ်တော် ရှေ့နေများကောင်စီအက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေပြဌာန်းခဲ့ပြီး ပြည်ထောင်စုတရား လွှတ်တော်ချုပ်က တရားလွှတ်တော်ရှေ့နေများကောင်စီ ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ နည်းဥပဒေများနှင့် တရားလွှတ်တော်ရှေ့နေများကောင်စီက ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို  ပြဋ္ဌာန်းပြီးဖြစ်ပါကြောင်း၊ နည်းဥပဒေ ၄ (က) အရ တရားလွှတ်တော်ရှေ့နေများကောင်စီ ရွေးကောက်ပွဲကို ၂၀၂၀ ပြည့်နှစ် ဩဂုတ် ၂ ရက်တွင် ကျင်းပမည်ဖြစ်ပြီး ကောင်စီအဖွဲ့ဝင် ၁၅ ဦးတွင် ရွေးကောက်တင်မြှောက်ခြင်းခံရသော တရား လွှတ်တော်ရှေ့နေ ၁၁ ဦး ပါဝင်မည်ဖြစ်ပါကြောင်း။

 

ဥပဒေဘာသာပြန်ကော်မရှင်ကို နိုင်ငံတော်သမ္မတရုံး၏ အမိန့်ကြော်ငြာစာအမှတ်၊ ၁၆/၂၀၁၆ ဖြင့်ဖွဲ့စည်းခဲ့ပြီး အမိန့် ကြော်ငြာစာအမှတ်၊ ၃၁/၂၀၁၇ ဖြင့် ပြင်ဆင်ဖွဲ့ စည်းခဲ့ပါကြောင်း၊ ဥပဒေဘာသာပြန် ကော်မရှင်တွင် ပြည်ထောင်စုရှေ့နေချုပ်က ဥက္ကဌ အဖြစ် ဆောင်ရွက်ပြီး အဖွဲ့ဝင် ၁၂ ဦး ဖြင့် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဥပဒေဘာသာပြန်ကော်မရှင်က ဥပဒေဘာသာ ပြန်ဆိုရမည့် ဥပဒေ ၈၁ ခုအနက် ဥပဒေ ၂၄ ခု ကို အင်္ဂလိပ်ဘာသာမှ မြန်မာဘာသာသို့ ပြန်ဆို၍ ဥပဒေစာအုပ်အမှတ်စဉ် ၇ အထိ အတည် ပြုထုတ်ပြန်ခဲ့ပါကြောင်း။

 

ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးခြင်းနှင့် တရားစွဲဆိုခြင်းများဆောင်ရွက်ရေးအဖွဲ့ အ နေဖြင့် လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင် (ICOE)အစီရင်ခံစာကို နိုင်ငံတော်သမ္မတ ထံ  ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၂၀  ရက်တွင် တင်ပြခဲ့ရာ နိုင်ငံတော်သမ္မတရုံးက ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၂၁  ရက်စွဲဖြင့် ရခိုင်ပြည်နယ်ဖြစ်စဉ် နှင့်စပ်လျဉ်းသည့် ရာဇဝတ်မှုဆိုင်ရာ စုံစမ်း စစ်ဆေးမှုများ ဆက်လက်ပြုလုပ်သွားရန်နှင့် အထောက်အထားများ ခိုင်လုံပါက တရားစွဲဆိုမှုများ ပြုလုပ်သွားရန် ပြည်ထောင်စု ရှေ့နေချုပ်ရုံးကို ညွှန်ကြားခဲ့ပါကြောင်း။

 

အဆိုပါ လုပ်ငန်းတာဝန်များကို ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတော်သမ္မတရုံးက ဇန်နဝါရီလ ၂၄ ရက်တွင် ပြည်ထောင်စုရှေ့နေချုပ်ဥက္ကဌ အဖြစ် ပါဝင်သည့် အဖွဲ့ဝင် ၁၀ ဦးဖြင့် “ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးခြင်းနှင့် တရားစွဲဆိုခြင်းများ ဆောင်ရွက်ရေးအဖွဲ့” ကို ဖွဲ့စည်းပေးခဲ့ပါကြောင်း၊ ယင်းအဖွဲ့ဝင်များတွင် သက်ဆိုင်ရာဌာနများမှ ဒုတိယဝန်ကြီးများ၊ ဒုတိယစစ်ဥပဒေချုပ်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဒုတိယရဲချုပ်တို့ ပါဝင်ပါကြောင်း၊ ယင်း အဖွဲ့၏ အစည်းအဝေးကို ၄ ကြိမ် ကျင်းပပြုလုပ်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၂၄ ရက်မှ ၃၀ ရက်အထိ လုပ်ငန်း ဆောင်ရွက်ချက် အစီရင်ခံစာကို ၂၀၂၀ ပြည့်နှစ် မေလ ၁ ရက်တွင် နိုင်ငံတော်သမ္မတရုံးသို့ တင်ပြပြီးဖြစ်ပါကြောင်း။

 

နိုင်ငံတကာရာဇဝတ်မှု တရားစီရင်ရေးဆိုင်ရာအထူးအဖွဲ့ (Special Unit)အနေဖြင့် ရခိုင်ပြည်နယ် ဖြစ်စဉ်အတွင်း လူ့အခွင့်အရေးဆိုင်ရာ ချိုးဖောက်မှုများအပေါ် နိုင်ငံတကာ ရာဇဝတ်မှု တရားစီရင်ရေးဆိုင်ရာ ဆောင်ရွက်ချက်များ နှင့်စပ်လျဉ်း၍ နိုင်ငံတော်သမ္မတရုံးက  ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်တွင် “နိုင်ငံတကာရာဇဝတ်မှု တရားစီရင်ရေးဆိုင်ရာ အထူး အဖွဲ့”ကို ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ကာကွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန တို့မှ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းခဲ့ပြီး ပြည်ထောင်စုရှေ့နေချုပ်ရုံးက ဦးဆောင်၍ ဥပဒေဆိုင်ရာ အထောက်အကူပြု လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း။

 

အာဆီယံ ဥပဒေပညာရှင်များအသင်း (ASEAN Law Association - ALA) အနေဖြင့် ၁၉၇၉ ခုနှစ် ဖေဖော်ဝါရီလတွင် အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့၌ အာဆီယံ ဥပဒေပညာရှင် များအသင်းကို အာဆီယံနိုင်ငံများအကြား ဥပဒေရေးရာကိစ္စများတွင် တက်ကြွစွာ ပူးပေါင်း ဆောင်ရွက်မှုများပြုလုပ်နိုင်ရန် ရည်ရွယ်၍ ဖွဲ့စည်းတည်ထောင်ခဲ့ပါကြောင်း၊ ယင်းအဖွဲ့သို့ မြန်မာနိုင်ငံက ၂၀၁၂ ခုနှစ်တွင် အဖွဲ့ဝင်နိုင်ငံအဖြစ် ဝင်ရောက်ခဲ့ပြီး အာဆီယံဥပဒေပညာရှင် များအသင်း(မြန်မာ)ကို ၂၀၁၃ ခုနှစ် ဇူလိုင်လတွင် ဖွဲ့စည်းတည်ထောင်ခဲ့ပါကြောင်း၊ ပြည်ထောင်စုရှေ့နေချုပ်က ဥက္ကဌအဖြစ် ပါဝင်သည့် အဖွဲ့ဝင် ၉ ဦးဖြင့် ပြည်ထောင်စုရှေ့နေ ချုပ်ရုံး၏ ၂၀၁၉ ခုနှစ် ဧပြီလ ၂၅ ရက် ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ ၇၁/၂၀၁၉ ဖြင့် ကော်မတီကို ထပ်မံ၍ အသစ်ပြန်လည်ဖွဲ့စည်းခဲ့ပြီး ယင်းကော်မတီအသစ်၏ ပထမအကြိမ် အစည်းအဝေးကို ၂၀၁၉ ခုနှစ် မေလ ၃၀ ရက်တွင် ကျင်းပနိုင်ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံက အဖွဲ့ဝင်ဖြစ်ပြီး နောက်ပိုင်းတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ အဆင့်မြင့်အရာရှိများသည် မြန်မာကိုယ်စားလှယ်များ အဖြစ် အာဆီယံ ဥပဒေပညာရှင်များအသင်း အစည်းအဝေးများသို့ နှစ်စဉ်တက်ရောက် ပါဝင် ဆွေးနွေးနိုင်ခဲ့ပါကြောင်း။

 

မြန်မာဥပဒေသတင်းအချက်အလက်စနစ်ကို (www.mlis. gov.mm) website တွင် KOICA ၏ ပံ့ပိုးကူညီမှုဖြင့် ၂၀၁၈ ခုနှစ် မေလ ၂၄ ရက်မှ စတင်၍ အောင်မြင်စွာ လွှင့်တင် နိုင်ခဲ့ပြီး  ဥပဒေများ၊ တစ်ဆင့်ခံ ဥပဒေများ၊ စီရင်ထုံးများနှင့် မြန်မာနိုင်ငံက ပါ၀င်လက်မှတ် ရေးထိုးထားသော Convention များ အပါအဝင် ဥပဒေသတင်း အချက်အလက် စုစုပေါင်း ၉၁၀၀ ကျော်ကို အချိန်နှင့် တစ်ပြေးညီ ထုတ်လွှင့်လျက်ရှိပါကြောင်း။

 

ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် အဆင့်ဆင့်သောဥပဒေရုံးများကို ပြည်သူများက ယုံကြည်မှုတိုးတက်လာစေရေးအတွက် ဥပဒေအရာရှိကျင့်၀တ်ဆိုင်ရာ လက်စွဲစာအုပ်ကို ထုတ်ဝေခဲ့ပြီး သင်တန်းများတွင် ဘာသာရပ်တစ်ခုအဖြစ် ပို့ချခဲ့ပါကြောင်း။

 

အမှုတွဲစီမံခန့်ခွဲခြင်း နှင့် စာရွက်စာတမ်းစီမံခန့်ခွဲခြင်းစနစ်ကို USAID ၏ ပံ့ပိုးကူညီမှုဖြင့် အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ပြီး အမှုများမှန်ကန်မြန်ဆန်ရေး အတွက်လည်း ရှေ့ပြေး ဥပဒေရုံး ၈ ရုံးကိုလည်း တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့ပါကြောင်း၊ နိုင်ငံဖြတ်ကျော်ရာဇ၀တ်မှုခင်းများ လိုက်ပါဆောင်ရွက်ရာတွင် အမှုလိုက်ပါဆောင်ရွက်မှုစွမ်းရည် နှင့် အမှုတည်ဆောက်ခြင်း ဆိုင်ရာ အယူအဆများ မြင့်မားတိုးတက်စေရန် တရားစွဲနှင့်အမှုလိုက်ဦးစီးဌာန၊ ညွှန်ကြားရေး မှူးချုပ်နှင့် ဥပဒေအရာရှိ ၂၄ ဦးဖြင့်  Special Prosecution Unit  ကိုဖွဲ့စည်း၍ အမေရိကန် ပြည်ထောင်စု တရားရေးဝန်ကြီးဌာနနှင့် ပူးပေါင်းကျင်းပသော အလုပ်ရုံဆွေးနွေးပွဲ ၇ ကြိမ် ကျင်းပနိုင်ခဲ့ပြီး သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တရားသူကြီးများ၊ ဥပဒေအရာရှိများနှင့် ရဲအရာရှိ များကို စွမ်းရည်မြှင့်တင်နိုင်ခဲ့ပါကြောင်း။

 

 လိုအပ်သော ဝန်ထမ်းအင်အားများကို နှစ်စဉ်ဖြည့်ဆည်းခန့်ထားခြင်း၊ ဝန်ထမ်းများ၏ စွမ်းဆောင်ရည်ကို မြှင့်တင်ရန်သင်တန်းများနှင့် မွမ်းမံသင်တန်းများကျင်းပပေးခြင်း၊ ဥပဒေ ရေးဆွဲခြင်း၊ စာချုပ်စာတမ်းစိစစ်ခြင်းနှင့် ဥပဒေဘာသာပြန်ကိစ္စရပ်များအတွက် သင်တန်းများ ပေးခြင်း၊ သင်ရိုးညွှန်းတမ်းများပြင်ဆင်ရေးဆွဲခြင်း၊ ရာဇဝတ် ကျင့်ထုံးဥပဒေ လုပ်ငန်းဝင် သင်ရိုးညွှန်းတမ်းထုတ်ပြန်ခြင်း၊ သင်တန်းဆရာများ လေ့ကျင့်မွေးထုတ်ပေးခြင်းနှင့် လုပ်ငန်း ခွင်သာယာရေးကို အလေးထားဖန်တီးပေးခြင်း စသည့်လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင် ရွက်လျက်ရှိပါကြောင်း ရှင်းလင်းပြောကြားသည်။

 

ထို့နောက် သတင်းမီဒီယာများက နိုင်ငံတကာရာဇဝတ်မှု တရားစီရင်ရေးဆိုင်ရာ အထူးအဖွဲ့၏ လက်ရှိလုပ်ငန်းဆောင်ရွက်နေမှုများနှင့် ပြည်ထောင်စုရှေ့နေချုပ်ရုံးအနေဖြင့် ICJ ကိစ္စ နှင့်ပတ်သက်၍ အကူအညီများနှင့် အကြံဉာဏ်ပေးခြင်းများ မည်သို့ဆောင်ရွက်လျက်ရှိ သည်ကို မေးမြန်းရာ အမြဲတမ်းအတွင်းဝန် ဒေါက်တာသီတာဦးက နိုင်ငံတကာရာဇဝတ် တရားစီရင်ရေး နှင့်ပတ်သက်၍ အတွေ့အကြုံ၊ ဗဟုသုတ လိုအပ်နေသည့်အတွက် နိုင်ငံတကာ ရာဇဝတ်မှု တရားစီရင်ရေးဆိုင်ရာ အထူးအဖွဲ့က သုတေသနစာတမ်းများကို ပြုစုပါကြောင်း၊ အကြံပြုချက်များ ပေးပါကြောင်း၊ ပထမဆုံးအနေဖြင့် လွတ်လပ်သောစုံစမ်းစစ်ဆေးရေး ကော်မရှင်(ICOE) အစီရင်ခံစာကို အကောင်အထည်ဖော်ရေးကိစ္စတွင် ပြည်ထောင်စုရှေ့နေ ချုပ်ရုံးက ဦးဆောင်၍ အဖွဲ့ဖွဲ့စည်းထားပါကြောင်း၊ ယင်းအဖွဲ့အစည်းအောက်တွင် Task Force အဖွဲ့ဖွဲ့စည်းပါကြောင်း၊ ယင်းအဖွဲ့များကို အထူးအဖွဲ့က မည်သည့်ဒေသတွင် ဦးစားပေး ဆောင်ရွက်သင့်သည်၊ မည်သည့်မဟာဗျူဟာများဖြင့် မည်သို့ချဉ်းကပ်သင့်သည်တို့ကို အကြံ ဉာဏ်ပေးပါကြောင်း၊ ICJ သို့ သွားရောက်သည့်ကိစ္စများတွင် အထူးအဖွဲ့က Research Paper များ ရေးသား၍ အဆင့်ဆင့် တင်ပြခြင်းများ ဆောင်ရွက်နေပါကြောင်း။

 

ICJ နှင့် ပတ်သက်၍ ဦးဆောင်ကော်မတီများ၊ လုပ်ငန်းကော်မတီများ စသည်ဖြင့် အဆင့်ဆင့် ဖွဲ့စည်းထားပါကြောင်း၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ တာဝန်ရှိသူများနေဖြင့် ယင်း ကော်မတီများတွင် ပါဝင်ပါကြောင်း၊ ထို့ပြင် ယင်းကော်မတီများတွင် သွားရောက်တာဝန် ထမ်းဆောင်နေသည့် ဝန်ထမ်းများလည်းရှိပါကြောင်း၊ Provisional measures အရ လိုအပ်သည့် အစီရင်ခံစာများ ရေးသားခြင်း၊  ဘာသာပြန်ခြင်း၊ လိုအပ်ချက်များကို မှတ်ချက်ပြုပေးခြင်းများ ကို ဆောင်ရွက်နေပါကြောင်း၊ အမုန်းစကား မပြန့်ပွားရေး၊ Genocide Convention ပါ အချက် များလိုက်နာရေး၊ သက်သေခံပစ္စည်း မဖျောက်ဖျက်ရေး စသည့် လိုအပ်သော အမိန့်နှင့် ညွှန်ကြားချက်ထုတ်ပြန်ရာတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံးအနေဖြင့် ဘာသာပြန်ခြင်း၊ အမိန့် ညွှန်ကြားချက်များ ရေးဆွဲခြင်းနှင့် တည်းဖြတ်ခြင်းခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိ ပါကြောင်း ပြန်လည်ရှင်းလင်းဖြေကြားသည်။

 

ဆက်လက်၍ သတင်းမီဒီယာများက ဌာနဆိုင်ရာအကြီးအကဲများ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်တွင် ဒါရိုက်တာအဖြစ် ပါဝင်နေမှု နှင့်ပတ်သက်၍ ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ သဘောထားမှတ်ချက်ပြန်ကြားခဲ့မှု အခြေအနေ၊ နိုင်ငံ့တာဝန်နှင့် ပုဂ္ဂလိက အကျိုးစီးပွား ဆိုင်ရာ အခွင့်အရေးများ နှင့်ပတ်သက်၍ ပြန်လည်သုံးသပ်ဆောင်ရွက်နေမှု ရှိ/မရှိ၊ ဉပဒေများ ကို ဘာသာပြန်လုပ်ငန်း ဆောင်ရွက်နေမှုနှင့် သာသာပြန်ပြီးသည့် ဉပဒေအရေအတွက်၊ ပြင်ပ ရှေ့နေများ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ စသည်တို့ကို မေးမြန်းရာ ပြည်ထောင်စုရှေ့နေချုပ် ရုံးမှ အမြဲတမ်းအတွင်းဝန် ဒေါက်တာဒေါ်သီတာဦး နှင့်တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားကြသည်။

 

နိုင်ငံတော်အစိုးရ၏ ပြည်သူ့အတွက် စတုတ္ထ (၁) နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့ မှုများနှင့် ပတ်သက်သည့် ပြည်ထဲရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာနနှင့် ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန တို့၏ သတင်းစာရှင်းလင်းပွဲကို ဇွန် ၂၂ ရက်တွင် ဆက်လက် ကျင်းပသွားမည်ဖြစ်သည်။

 

(ဟန်မျိုးစိုး၊ ကေတာ)