သိုက်စိုးထွန်း(နတ်ရွာ)
တိုင်းပြည်ကရှေ့ကိုသွားနေတယ်။ မြန်မြန်ခရီးရောက်ဖို့ ကြိုးစားနေတယ်။ ဒီလိုအချိန်မျိုးမှာ ပြည်ထောင်စုတစ်ဝန်းလုံးမှာ နေထိုင်ကြတဲ့ ပြည်ထောင်စုသားအားလုံးရဲ့ ပူးပေါင်းပါဝင်ဆောင်ရွက်မှုတွေ အားကောင်းနေဖို့လိုပါတယ်။ အရွေ့ မြန်ဖို့အတွက် တစ်ဦး ချင်း တစ်ဦးချင်းစီမှာလည်း တာဝန်ရှိတယ်ဆိုတဲ့ ခံယူချက်မျိုးကို အားလုံးခံယူထားသင့်ပါတယ်။
ဒီအချိန်ဟာ ပြည်ထောင်စုတစ်ဝန်းလုံးအတွက် မင်္ဂလာ ရှိတဲ့ အချိန်အခါ ဖြစ်ပါတယ်။ လွတ်လပ်ရေးကို အတူရယူပြီး ပြည်ထောင်စုကို အတူလက်တွဲ တည်ဆောက်ကြမယ်ဆိုတဲ့ ကတိကဝတ်ဖြစ်တဲ့ ပင်လုံစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့တဲ့ (၇၂) နှစ်မြောက် နှစ်ပတ်လည် အချိန်အခါသမယ ဖြစ်ပါတယ်။ လက်ရှိအချိန်က တိုင်းရင်းသားလက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းရေးအတွက် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစုပင်လုံမှာ မျက်နှာစုံညီ အဖြေရှာနေကြတဲ့ အချိန်လည်း ဖြစ်ပါတယ်။ တစ်ဆက်တည်းမှာပဲ ပြည်ထောင်စုတိုင်းရင်းသား အားလုံး မျှော်လင့်တောင့်တနေကြတဲ့ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကြီးနဲ့ သင့်လျော်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ တစ်ရပ် ဖြစ်ပေါ်လာရေးအတွက်လည်း အခြေခံဥပဒေပြင်ဆင် ရေးကို ကြိုးပမ်းနေချိန် ဖြစ်ပါတယ်။
ပြင်ဆင်လိုက်မယ့် အခြေခံဥပဒေဟာ တိုင်းရင်းသား အားလုံးရဲ့ မျှော်လင့်ချက်တွေနဲ့ ထပ်တူကျရင် ကျသလောက် ပြည်တွင်းငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည် ရင်ကြားစေ့ ရေးပန်းတိုင်ကြီးတွေနဲ့ ပိုမိုနီးကပ်သွားနိုင်ပြီးတော့ တိုင်းရင်း သား ညီအစ်ကိုမောင်နှမတွေကြားမှာ ဒီ့ထက်ပိုမိုခိုင်မြဲတဲ့ ချစ်ကြည်ရင်းနှီးမှုကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။
ဘိုးဘေးတွေ ကြိုးစားအားထုတ်ခဲ့ရ
တကယ်တော့ မြန်မာ့သမိုင်းမှာ ပြည်ထောင်စုနေ့ဆိုတဲ့ နေ့ထူးနေ့မြတ်တစ်ခု ပေါ်ပေါက်လာဖို့အတွက်၊ ပင်လုံစာချုပ် ဆိုတဲ့ သဘောတူညီမှုတစ်ခု ဖြစ်ပေါ်လာဖို့အတွက် တိုင်းရင်း သားဘိုးဘေးတွေက အခက်အခဲပေါင်း မြောက်မြားစွာထဲက ကြိုးပမ်းအားထုတ်ခဲ့ကြရတာ ဖြစ်ပါတယ်။ ဒီစာချုပ်ကြီးရဲ့ ကျေးဇူးကြောင့်သာလျှင် ဒီကနေ့အချိန်မှာ လွတ်လပ်တဲ့ ပြည်ထောင်စုကြီးအဖြစ် တစ်စုတစ်စည်းတည်း ရပ်တည်နေနိုင် တာဖြစ်ပါတယ်။ ပြည်ထောင်စုအမွေကို မျက်မှောက်ခေတ် တိုင်းရင်းသားအားလုံးက တန်ဖိုးထားမြတ်နိုးကြရမှာ ဖြစ်ပါတယ်။
ပြည်ထောင်စုနေ့အခါသမယမှာ တိုင်းရင်းသားအားလုံး က ဘိုးဘေးတွေထားခဲ့တဲ့ ပြည်ထောင်စုအမွေကို ဆက်လက် တည်တံ့အောင် ထိန်းသိမ်းဖို့ တာဝန်အပြင် ဒီပြည်ထောင်စု ကြီး ပိုမိုတိုးတက်မြင့်မားရေး၊ ပိုမိုသာယာဝပြောရေး၊ ပိုမို အေးချမ်းတည်ငြိမ်ရေးအတွက် တက်ညီလက်ညီ စုပေါင်း ဆောင်ရွက်ရမယ့် တာဝန်လည်းရှိတယ်ဆိုတာကို သတိရ သင့်ပါတယ်။ ပြည်ထောင်စုရဲ့အရေးဟာ ကိုယ့်အရေးလို့ တွေးပြီး အရေးအရာကိစ္စမှန်သမျှမှာ ကိုယ်တတ်စွမ်းသမျှ ပါဝင်အားဖြည့်ကြမယ်ဆိုတဲ့ အတွေးမျိုးကို စဉ်ဆက်မပြတ် မွေးမြူထားကြရမှာ ဖြစ်ပါတယ်။
တစ်ဦးချင်းစီကို စုစည်းပြီး မိသားစုရယ်လို့ ဖြစ်တည်လာ တာ။ မိသားစုတွေ၊ အိမ်ထောင်စုတွေ ဖွဲ့စည်းထားလို့ ကျေးရွာ တွေ၊ ကျေးရွာအုပ်စုတွေ၊ ရပ်ကွက်တွေဖြစ်လာတာ။ ရပ်ကွက် တွေကိုစုစည်းပြီးတော့ မြို့၊ မြို့နယ်၊ မြို့နယ်တွေကို စုစည်းပြီးတော့ခရိုင်၊ တိုင်းဒေသကြီး၊ ပြည်နယ် စသည်အားဖြင့် အဆင့် ဆင့်ဖွဲ့စည်းထားလို့သာ ပြည်ထောင်စုကြီး ဖြစ်လာတာပါ။ အခြေခံကို ပြန်ကောက်ကြည့်လိုက်တော့ နိုင်ငံတော်ဆိုတာ လည်း နိုင်ငံသားတစ်ဦးချင်းစီနဲ့ ဖွဲ့စည်းထားတာပါပဲ။ တစ်ဦး ချင်း တစ်ယောက်ချင်းစီရဲ့ အခြေအနေအပေါ် မူတည်ပြီးတော့ တိုင်းပြည်ရဲ့အခြေအနေဟာ ပြောင်းလဲသွားနိုင်ပါတယ်။ ဒါ့ကြောင့် တစ်ဦးချင်းတစ်ယောက်ချင်းစီတိုင်းက တိုင်းပြည် ကြီးတစ်ခုလုံးအတွက် အရေးကြီးတယ်ဆိုတာကို သတိမူရမှာ ဖြစ်ပါတယ်။
တိုင်းရင်းသားအားလုံး စုပေါင်းကာကွယ်ဖို့လို
ပြည်ထောင်စုနေ့ကြီးရဲ့ အမျိုးသားရေး ဦးတည်ချက်တွေ ထဲမှာ နံပါတ်(၁) အချက်က ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်း ရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေးတို့အတွက် တိုင်းရင်းသားအားလုံး၏ စုပေါင်းအင်အားဖြင့် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေး ဖြစ်ပါတယ်။ ထူးခြားချက်အနေနဲ့ ဒီအချက်တွေကို စုပေါင်း အင်အားနဲ့ ဆောင်ရွက်ရမယ်လို့ ဆိုထားတာကို သတိပြုရမှာ ဖြစ်ပါတယ်။ နံပါတ် (၁) အချက်ကို အလွယ်ပြောရင်တော့ တို့တာဝန်အရေးသုံးပါး ဖြစ်ပါတယ်။ တို့တာဝန်အရေးသုံးပါးကို အာဏာပိုင် အဖွဲ့အစည်းတစ်ရပ်ရပ်ကသာ ကာကွယ်ရမှာ မဟုတ်ဘူး။ တိုင်းရင်းသားအားလုံးစုပေါင်း ကာကွယ်ရမယ်လို့ ရည်ညွှန်းထားတာကိုတွေ့ရမှာ ဖြစ်ပါတယ်။
သာမန်အားဖြင့်ကြည့်လိုက်တော့ ပြည်ထောင်စုကြီး မပြိုကွဲ အောင်၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲအောင်၊ အချုပ်အခြာ အာဏာတည်တံ့အောင်လုပ်ရမယ့် တာဝန်တွေက ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုတဲ့ မဏ္ဍိုင်သုံးရပ်က တာဝန်ရှိသူတွေမှာသာလျှင် တာဝန်ရှိလိမ့်မယ်လို့ ထင်စရာရှိပါတယ်။ မဟုတ်ပါဘူး။ အားလုံး မှာ တာဝန်ကိုယ်စီ ရှိနေပါတယ်။ မဏ္ဍိုင်သုံးရပ်က ပုဂ္ဂိုလ်တွေမှာ ကြီးလေးတဲ့ တာဝန်တွေရှိနေသလိုပဲ ပြည်ထောင်စုသားတစ်ဦးချင်းစီမှာ လည်း ကိုယ်စီတာဝန်တွေ ရှိနေကြပါတယ်။
နှမ်းတစ်လုံးနဲ့ ဆီမဖြစ်ဘူးဆိုပေမယ့် နှမ်းဆယ်တင်း၊ ဆယ့်ငါးတင်းဆိုတာလည်း သေချာပြန်ကြည့်လိုက်တော့ နှမ်းစေ့ တစ်စေ့စီ စုထားတာကိုတွေ့ရမှာပါပဲ။ တိုင်းရင်းသားတစ်ဦးစီနဲ့ စုပေါင်းဖွဲ့စည်းထားတဲ့ ပြည်ထောင်စုကြီးဖြစ်တဲ့အတွက် ပြည် ထောင်စုကြီး မပြိုကွဲရေးဆိုတာ တိုင်းရင်းသားတစ်ဦး တစ် ယောက်ချင်းစီရဲ့ ခံယူချက်၊ စိတ်နေစိတ်ထား၊ အရည်အချင်း စတာတွေအပေါ်မှာ မူတည်နေပါတယ်။ ဒီပြည်ထောင်စုကြီးရဲ့ အရေးဟာ ကိုယ့်အရေးမဟုတ်ဘူး။ ကိုယ်နဲ့မဆိုင်ဘူးလို့ မတွေး သင့်ပါဘူး။
တချို့ကလည်း ကိုယ်လုပ်မှ ကိုယ်စားရတာ၊ လူတွေမူ တွေဘယ်လိုပဲပြောင်းပြောင်း စိတ်ဝင်စားစရာမရှိပါဘူးလို့ ပြော တတ်ကြပါတယ်။ သေချာတွေးကြည့်လိုက်တော့လည်း ကိုယ်လုပ် မှ ကိုယ်စားရတာတော့ အမှန်ပါပဲ။ ဒါပေမယ့်လည်း သေသေ ချာချာဆက်ပြီး စဉ်းစားကြည့်လိုက်မယ်ဆိုရင် ကိုယ်လုပ်တဲ့ ဟာကို ကိုယ်စားနေရရင်ကိုပဲ တော်လှပြီဆိုတဲ့ အဖြေကို တွေ့လာမှာပါ။ ဟုတ်ပါတယ်။ ကိုယ်လုပ်မှ ကိုယ်စားရတာကတော့ သဘာဝပါပဲ။ ဘယ်လောက်တိုးတက်ဖွံ့ ဖြိုးတဲ့ တိုင်းပြည်မှာပဲ ဖြစ်ဖြစ် ကိုယ်လုပ်မှ ကိုယ်စားရတာပါပဲ။ တစ်ခုခုအတွက် အထောက်အပံ့ပေးတာမျိုးကတော့ ြွခင်းချက်ထားပါတော့။ အဓိကကတော့ ဘယ်အရပ်ဒေသမှာပဲဖြစ်ဖြစ် ကိုယ်လုပ်မှ ကိုယ်စားရတာပါ။ မလုပ်ဘဲစားရတဲ့ တိုင်းပြည်မရှိပါဘူး။ တိုင်းပြည်တစ်ခု၊ ဒေသတစ်ခုမှာမလုပ်ဘဲ စားနေရတဲ့သူတွေရှိ နေခဲ့မယ်ဆိုရင်လည်း အဲ့ဒီပုဂ္ဂိုလ်တွေ စားနေရတာတွေက အမှန် တကယ်လုပ်ကိုင်နေသူတွေဆီက ယူပြီးစားတာမျိုးသာဖြစ်တဲ့ အတွက် တကယ်လုပ်နေတဲ့သူတွေက လုပ်သလောက်မစားရ ဘူးဆိုတဲ့အဓိပ္ပာယ်ကို ရောက်သွားပါတယ်။ ဒီတော့ ကိုယ်လုပ် တာလေးတောင် ကိုယ်မစားရတော့တဲ့ကိန်း ဆိုက်သွားတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။
လောကပါလတရားထွန်းကားမှသာလျှင်
တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ ညီမျှခြင်းဆိုတဲ့ လောက ပါလတရားတွေ ထွန်းကားတဲ့ အရပ်ဒေသမှာတော့ ကိုယ်လုပ်မှ ကိုယ်စားရတာဖြစ်ပြီး ဒီတရားတွေ မထွန်းကားတဲ့အရပ်မှာတော့ လုပ်တဲ့သူတွေက ကုန်းရုန်းလုပ်ကိုင်ကြရပြီး ကိုယ်လုပ်သလောက် ကိုယ်ပြန်မစားရပေမယ့် ဘာမှမလုပ်ဘဲ စားနေရသူတွေ ရှိနေ မှာ ဖြစ်ပါတယ်။ လောကပါလတရားတွေ အားကောင်းရင် အားကောင်းသလို ကိုယ်လုပ်တာကို ပြည့်ပြည့်ဝဝ ပြန်လည် စားသုံးခွင့်ရပြီး အားနည်းချက်တွေရှိလာရင်တော့ လုပ်ရကိုင်ရတာ နဲ့ စားသုံးရတာအချိုးမညီ ဖြစ်နေနိုင်ပါတယ်။ ဒီတော့ သေသေ ချာချာ ပြန်စဉ်းစားကြည့်မယ်ဆိုရင် ကိုယ်လုပ်မှ ကိုယ်စားရတယ် ဆိုတဲ့ဟာလေးက သိပ်တော့မဆိုးဘူးဆိုတာကို တွေ့ရမှာ ဖြစ်ပါတယ်။ တကယ်တော့ သိပ်မဆိုးတာတောင် မဟုတ်ပါဘူး။ တော်တော်ကို ကောင်းတာ ဖြစ်ပါတယ်။ ကိုယ်လုပ်မှ ကိုယ်စားရ တယ်။ ဒါအလွန်ရှင်းလင်းတဲ့ အဆိုတစ်ခုပါပဲ။ အရေးကြီးတာ တစ်ခုတော့ ရှိပါတယ်။ ကိုယ်လုပ်နေပါလျက်နဲ့ ကိုယ်မစားရတဲ့ ကိန်းဆိုက်မသွားဖို့တော့ အလွန်အရေးကြီးပါတယ်။
ကိုယ်လုပ်တာ ကိုယ်စားရဖို့၊ ကိုယ်လုပ်တာတွေ သူများ စားမသွားဖို့အတွက်က တိုင်းရေးပြည်ရေးကို တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးက စိတ်ဝင်တစားရှိပြီးတော့ နိုင်ငံသား တစ်ဦးချင်းစီရဲ့ တာဝန်တွေကို ကျေပွန်အောင် ထမ်းဆောင်နိုင်ဖို့ လိုပါတယ်။ တာဝန်တွေရှိသလို အခွင့်အရေးတွေလည်း ရှိနေပါ တယ်။ ပြည်ထောင်စုကြီး မပြိုကွဲဖို့အတွက် တိုင်းရင်းသားတစ်ဦး ချင်းစီမှာ တာဝန်ရှိပါတယ်။ ကိုယ့်ရှေ့မှာ ဘယ်သူကလာပြောပြောပိုကွဲဖို့ အရိပ်အရောင်မျိုးဆိုရင် လက်မခံဘူး။ အကွဲအပြဲအတွက် ဝါဒဖြန့်မှုမျိုးကို နားမဝင်ဘူးဆိုရင်၊ တိုင်းရင်းသားတွေထဲက ဘယ်သူကမှ ပြိုကွဲဖို့ ဆန္ဒမရှိဘူးဆိုရင် ဒီပြည်ထောင်စုကြီး နောင်အနာဂတ်ကာလတစ်လျှောက်လုံး ဘယ်တော့မှ ပြိုကွဲနိုင် မှာမဟုတ်ပါဘူး။
နောက်တစ်ချက်က နိုင်ငံသားတာဝန်လို့ ဆိုရာမှာ ကျန်တဲ့ တာဝန်တွေအပြင် ကိုယ်စားပြုပုဂ္ဂိုလ်ရွေးချယ်မှုလည်း ပါဝင်နေ ပါတယ်။ ကိုယ်လုပ်တာ ကိုယ်စားရမယ့် အခြေအနေမျိုး၊ တစ်နည်းအားဖြင့် ဆူကြုံနိမ့်မြင့်မရွေး လူတန်းစားအားလုံး အတွက် မျှတခြင်းတွေကို ဆောင်ကြဉ်းပေးနိုင်မယ့် ပုဂ္ဂိုလ်မျိုး တွေကို ကိုယ်စားပြုပုဂ္ဂိုလ်အဖြစ် ရွေးချယ်ပေးနိုင်ဖို့လိုပါတယ်။
တစ်ဦးချင်းအပေါ် မူတည်နေ
တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးကလည်း တိုင်းရင်းသားတစ်ဦးချင်းစီအပေါ်မှာသာ မူတည်နေတာပါပဲ။ တိုင်းရင်းသားလူမျိုး တစ်မျိုးနဲ့တစ်မျိုး စိတ်ဝမ်းကွဲတာကိုမှ တိုင်းရင်းသားစည်းလုံးညီညွတ်မှု ထိခိုက်တယ်လို့ ဆိုနိုင်တာ မဟုတ်ပါဘူး။ တောင်ဘက်အိမ်နဲ့ မြောက်ဘက်အိမ် မတည့်ရာက စပြီး ရွာတောင်ပိုင်း၊ မြောက်ပိုင်းနှစ်ခြမ်းကွဲတာမျိုး၊ တစ်ရွာနဲ့ တစ်ရွာ က္ဘာ့ရန်တွေ ဖြစ်နေကြတာမျိုး၊ ဟိုအုပ်စုနဲ့ ဒီအုပ်စု၊ ဟိုဘက်အဖွဲ့နဲ့ ဒီဘက်အဖွဲ့ မတည့်ကြတာတွေကလည်း တိုင်းရင်း သားစည်းလုံးညီညွတ်မှုကို ထိခိုက်စေတာပါပဲ။ ဒီတော့ ကိုယ်စီ ကိုယ်စီက ကိုယ့်ပတ်ဝန်းကျင်အသိုင်းအဝိုင်းထဲမှာ တစ်ယောက် နဲ့တစ်ယောက်၊ တစ်ဖက်နဲ့တစ်ဖက်၊ တစ်ဖွဲ့နဲ့တစ်ဖွဲ့ စိတ်ဝမ်း ကွဲပြားစေမယ့် အပြောအဆို၊ အပြုအမူမျိုးကို ဝေးဝေးရှောင်ပြီး ညီညွတ်ရေးအတွက်ကိုသာ ရှေးရှုနေထိုင်ပြောဆိုမယ်ဆိုရင် စည်းလုံးညီညွတ်မှုဆိုတာ ဘယ်သောအခါမှ ပြိုကွဲတော့မှာ မဟုတ်ပါဘူး။
တစ်ဖက်နဲ့တစ်ဖက် ကုန်းတိုက်တဲ့ ပိသုဏဝါစာ စကား တွေရဲ့ အ္တရာယ်ကို အထူးသတိပြုကြရမှာပါ။ ကိုယ်ကိုယ်တိုင် ရှောင်ကြဉ်သလို သူတစ်ပါးပြောဆိုနေတာတွေ့ရင်လည်း ဒီလို မပြောသင့်တဲ့အကြောင်း၊ ညီညွတ်ရေးကို ရှေးမရှုတဲ့ စကားမျိုး ပြောဆိုတာဟာ အလွန်အ္တရာယ်ကြီးတဲ့အကြောင်း သတိပေး သင့်ရင်ပေးကြရမှာပါ။ ဒါမှသာ ရေရှည်အတွက် ကောင်းနိုင်မှာ ဖြစ်ပါတယ်။ တစ်ဖက်နဲ့တစ်ဖက်၊ တစ်ဖွဲ့နဲ့တစ်ဖွဲ့ ထာဝရအတွက် ယုံယုံကြည်ကြည် လက်တွဲနိုင်မှာ ဖြစ်ပါတယ်။
နောက်တစ်ခုက အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး ပါ။ ဒီစကားရပ်တွေကို တချို့က လိုရာဆွဲပြီး အဓိပ္ပာယ် ကောက် လိုက်တော့ အချုပ်အခြာအာဏာဆိုတဲ့ စကားလုံးတွေက သိပ်တင်းမာလွန်းတဲ့ စကားလုံးကြီးတွေပဲ ဖြစ်နေသလိုလို ထင်မှတ်မှားသွားတတ်ကြပါတယ်။ တကယ်တော့ အချုပ်အခြာ အာဏာဆိုတာဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး ဆိုတဲ့ အာဏာသုံးရပ်ကိုဆိုလိုတာဖြစ်ပါတယ်။ တစ်နည်းအား ဖြင့်ပြောရမယ်ဆိုရင်လည်း မဏ္ဍိုင်ကြီးသုံးရပ်ဆိုတာ တာဝန် တွေလို့ပဲ ရှုမြင်ရမှာ ဖြစ်ပါတယ်။ ဘယ်သူကတော့ ဘာတာဝန် ကိုယူ၊ ဘယ်သူတွေကတော့ဖြင့် ဘယ်အဖွဲ့အစည်းတွေမှာ အလုပ် လုပ်ဆိုပြီးတော့ တာဝန်ခွဲဝေသတ်မှတ်ပေးထားမှုသာ ဖြစ်ပါ တယ်။ ဒီဟာကိုပဲ အာဏာလို့ဆိုလိုခြင်း ဖြစ်ပါတယ်။ ဒီအာဏာ ကလည်း ပြည်သူလူထုဆီကနေ ဆင်းသက်လာခြင်း ဖြစ်ပါတယ်။ ဒီတော့အာဏာဆိုတဲ့စကားလုံးဟာ လန့်စရာစကားလုံးတစ်ခု မဟုတ်ဘဲပင်ကိုအားဖြင့်တော့ မွန်မြတ်တဲ့ စကားရပ်တစ်ခုသာ ဖြစ်တယ်လို့ဆိုနိုင်မှာ ဖြစ်ပါတယ်။ အာဏာအလွဲသုံးမှုသာ မဖြစ်ဖို့သာ လိုပါတယ်။ အာဏာကို မတရားတဲ့ နည်းလမ်းနဲ့ သိမ်းယူခြင်းမပြုဖို့သာ လိုပါတယ်။ နိုင်ငံတစ်ခုအတွက် သက်ဆိုင်ရာ နိုင်ငံသားတွေက အပ်နှင်းလိုက်တဲ့ အာဏာမျိုးကို ရယူဆောင်ရွက်ခြင်းမျိုး၊ ရရှိထားတဲ့အာဏာကို လျော်ကန် သင့် မြတ်သလို သုံးစွဲဆောင်ရွက်ခြင်းမျိုးဟာ ချီးကျူးထိုက်တဲ့ လုပ်ရပ် တစ်ခုသာဖြစ်ပါတယ်။
အချုပ်အခြာအာဏာသည် တိုင်းပြည်အတွက်အရေးကြီး
ဒါနဲ့တစ်ဆက်တည်းပဲ တင်ပြလိုတာကတော့ အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေးဆိုတာ ဘယ်တိုင်းပြည်အတွက်မဆို အလွန်အရေးကြီးပါတယ်ဆိုတဲ့အကြောင်းပါ။ နိုင်ငံတစ်ခုမှာ အချုပ်အခြာအာဏာ ယိမ်းယိုင်သွားပြီဆိုရင်၊ အချုပ်အခြာ အာဏာမရှိတော့ဘူးဆိုရင် အဲ့ဒီနိုင်ငံဟာ ကျဆုံးခန်းကို ရောက် တော့တာပါပဲ။ နိုင်ငံကြီးတစ်ခုလုံး ကျရှုံးပြီဆိုတာနဲ့ အဲ့ဒီနိုင်ငံမှာ နေထိုင်တဲ့သူတွေအားလုံးရဲ့ ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ လူမှုရေး၊ အသက်အိုးအိမ်စည်းစိမ်ဥစ္စာတွေရဲ့ အရေးအရာတွေ မှန်သမျှအခက်အခဲပေါင်းမျိုးစုံနဲ့ ရင်ဆိုင်ကြုံတွေ့ ကြရမှာပါပဲ။ ဒီတော့ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဆိုတာ အလွန် အရေးကြီးတယ်လို့ ပြောရမှာဖြစ်ပါတယ်။ ဘယ်သူ့ ဆီမှာတည်တံ့ နေရမှာလဲဆိုတော့ ပြည်ထောင်စုသားအားလုံးဆီမှာ တည်တံ့ နေရမှာဖြစ်ပါတယ်။ အချုပ်အခြာအာဏာရဲ့ မူလပိုင်ရှင် အစစ်သည် ပြည်သူတစ်ရပ်လုံး ဖြစ်ပါတယ်။ ဒီပြည်သူတွေကသာ ရွေးကောက်ပွဲတွေမှာ ဘယ်သူ့ကိုဘယ်အာဏာအပ်နှင်းမယ် ဆိုတာကို အဆုံးအဖြတ်ပြုကြရတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် သေချာ ပြန်ဆန်းစစ်ကြည့်လိုက်ရင် တို့တာဝန်အရေးသုံးပါး စလုံးအတွက် ပြည်ထောင်စုသားတစ်ဦးချင်း တစ်ဦးချင်းစီမှာ ကိုယ်စီတာဝန်တွေရှိနေကြတာကို တွေ့ မြင်ရမှာ ဖြစ်ပါတယ်။ ဒီအရေးသုံးပါးကို စုပေါင်းအင်အားနဲ့ ကာကွယ်ရမယ်လို့လည်း ဦးတည်ချက်ချမှတ်ထားတာကို တွေ့ မြင်နိုင်မှာ ဖြစ်ပါတယ်။
ပြည်သူတစ်ဦးချင်းစီမှာ အာဏာရှိတယ်လို့သာဆိုတယ်၊ တချို့နေရာတွေမှာတော့ ဒီလိုမဟုတ်ပါပဲလားလို့ စောဒက တက်စရာရှိပါတယ်။ အဲ့ဒီအချက်အတွက်ပဲ ပြည်သူ့အာဏာ ပြည်သူ့လက်ပြန်အပ်ဖို့၊ တိုင်းရင်းသားတွေရဲ့ အရေးကို တိုင်းရင်းသားတွေကိုယ်တိုင် ပြဋ္ဌာန်းဆောင်ရွက်နိုင်ဖို့ အတွက် ဒီကနေ့အချိန်မှာ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု နဲ့ လျော်ညီတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ် ပေါ်ပေါက်ရေး ကို ကြိုးပမ်းဆောင်ရွက်နေကြတာ ဖြစ်ပါတယ်။ ဒီကြိုးပမ်းမှုမှာ ပြည်ထောင်စုသားအားလုံး တက်ညီလက်ညီ ပါဝင်ဆင်နွှဲကြမှ သာလျှင် အားလုံးမျှော်လင့်နေတဲ့ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကြီးကို အားလုံးရဲ့ဆန္ဒတွေနဲ့အညီ တည်ဆောက် နိုင်မှာ ဖြစ်ပါတယ်။
ပြည်ထောင်စုနေ့ကြီးမှာ အမျိုးသားရေး ဦးတည်ချက် ကြီး (၅)ရပ် ချမှတ်ထားတာကို အားလုံးအသိ ဖြစ်ပါလိမ့် မယ်။ ဒီ ဦးတည်ချက်ကြီးတွေဟာ တကယ်တော့ ဒီနေ့ဒီအချိန်၊ ဒီ ပြည်ထောင်စုနေ့ တစ်နေ့တစ်ရက်တည်းအတွက်သာ သီးသန့် ချမှတ်ထားတာ မဟုတ်ပါဘူး။ ဒီနေ့ကို အကြောင်းပြု ပြီးတော့ ရှေ့ကိုဘယ်လို ဆက်သွားမယ်ဆိုတဲ့ ဦးတည်ချက်တွေ ဖြစ်ပါတယ်။ ဒီ ဦးတည်ချက်တွေကို အောင်မြင်မှု မရမချင်း အကောင်အထည်ဖော် ဆောင်ရွက်နေကြမှာ ဖြစ်ပါတယ်။
ပြည်ထောင်စုနေ့တွေ ရောက်တိုင်း ပြည်ထောင်စုရဲ့အစ ခရီးကို ပြန်လည်လှမ်းမျှော်ကြည့်ပြီး လက်ရှိ အခြေအနေတွေနဲ့ ပြန်လည်နှိုင်းယှဉ် သုံးသပ်သင့်သလို ဒီ ပြည်ထောင်စုကြီး ဒီ့ထက်မက တိုးတက်အောင်မြင်ဖို့အတွက်၊ ဒီ့ထက်မကဖွံ့ ဖြိုးဖို့ အတွက်၊ ဒီ့ထက်မက ငြိမ်းချမ်းသာယာဖို့အတွက် ဘယ်နေရာ ဘယ်ကဏ္ဍတွေမှာ ဘာတွေများ ထပ်ပြုပြင်ကြရင် ကောင်းမလဲ ဆိုတာကို လေးလေးနက်နက် စဉ်းစားဆင်ခြင်သင့်ပါတယ်။ နိုင်ငံတော်ပိုင်းကတော့ ဒီလိုစဉ်းစားမိလို့လည်းပဲ ဘာတွေ ဘာတွေတော့ ဦးတည်ဆောင်ရွက်မယ်ဆိုတဲ့ အမျိုးသားရေး ဦးတည်ချက်တွေကို ချမှတ်ထုတ်ပြန်ပေးထားတာ ဖြစ်ပါတယ်။
ခွင့်သာတုန်းမှာ ရုန်းကြရအောင်ပါ
စောစောကတင်ပြခဲ့သလို အမျိုးသားရေး ဦးတည်ချက် တွေ အောင်မြင်ဖို့အတွက်က နိုင်ငံတော်အကြီးအကဲတွေ၊ တာဝန်ရှိသူတွေချည်း ဆောင်ရွက်နေရုံနဲ့ မအောင်မြင်နိုင်ပါ ဘူး။ အမျိုးသားရေးဦးတည်ချက်ဖြစ်တဲ့အတွက် တစ်မျိုးသား လုံးက ပူးပေါင်းပါဝင်ကြိုးပမ်းကြမှသာ အောင်မြင်မှုရနိုင်တာ ဖြစ်ပါတယ်။ သမိုင်းမော်ကွန်းဆိုတာမျိုးကို တစ်ဦးတစ်ယောက် တည်း၊ တစ်စုတစ်ဖွဲ့တည်း ရေးထိုးနိုင်ဖို့ဆိုတာ တော်တော်ကို ခက်ခဲပါတယ်။ အားလုံးစုစည်းပြီးတော့ တက်ညီလက်ညီ ရေးထိုးကြမယ်ဆိုရင်တော့ မဖြစ်နိုင်စရာ အခြေအနေနည်းပါး နေမှာဖြစ်ပါတယ်။
ပင်လုံစာချုပ်ကြီးရဲ့ သက်တမ်းနှစ်ပေါင်း ခုနစ်ဆယ်ကျော် ကြာမြင့်လာတဲ့ ဒီလိုအခါသမယမျိုးမှာ ရှေးကဘိုးဘေးတွေ မျှော်လင့်ခဲ့တဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီး တည် ဆောက်မယ်ဆိုတဲ့ ဦးတည်ချက်တွေလည်း ရှိနေပြီဖြစ်ပါ တယ်။ အုတ်တစ်ချပ်၊ သဲတစ်ပွင့်အနေနဲ့ ပါဝင်ဆောင်ရွက် နိုင်ခွင့်တွေလည်းရနေပြီ ဖြစ်ပါတယ်။
ဒီလိုအခွင့်အရေးမျိုးဟာ သမိုင်းတစ်လျှောက်မှာ ဘယ်နှ ကြိမ်လောက်ရခဲ့ကြသလဲဆိုတာကို ပြန်ကြည့်လိုက်မယ်ဆိုရင် လက်ရှိရနေတဲ့ လက်တွဲကြိုးပမ်းနိုင်ခွင့် အခွင့်အရေးဟာ ဘယ်လောက်တန်ဖိုးရှိတယ်ဆိုတာကို တွေ့ မြင်နိုင်မှာ ဖြစ်ပါ တယ်။ ဒါ့ကြောင့် ရရှိလာတဲ့ ကြုံတောင့်ကြုံခဲ အခွင့်အရေးကို မိမိရရ ဆုပ်ကိုင်ပြီးတော့ ပြည်ထောင်စုသားအားလုံး ပြည် ထောင်စုသားတိုင်းရဲ့ တာဝန်တွေကျေနိုင်ဖို့အတွက် ခွင့်သာ တုန်းမှာ ရုန်းလိုက်ကြရအောင်ပါလို့ တိုက်တွန်းတင်ပြလိုက် ရပါတယ်။ မြန်မာ့အလင်း