မြိတ် ၁၀ ဖေဖော်ဝါရီ
တနင်္သာရီတိုင်းဒေသကြီး မြိတ်ကျွန်းစုသို့ လေ့လာရေးခရီးအဖြစ်ရောက်ရှိနေကြသော အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် ဦးဆောင်သည့် သံတမန်လေ့လာရေး အဖွဲ့သည် ဖေဖော်ဝါရီလ (၁၀)ရက် နံနက်ပိုင်းတွင် မြိတ်ဆိပ်ကမ်းမှ အမြန်ရေယာဉ်ဖြင့် ကမ်းရိုးတန်းပင်လယ် အား ဖြတ်သန်းကာ မြိတ်ကျွန်းစုရှိကျွန်းများအား ကြည့်ရှုလေ့လာခဲ့ကြသည်။
သံတမန်လေ့လာရေးအဖွဲ့သည် ပထမဦးစွာ သယောသဏ္ဍန်ကြီးကျွန်းရှိ မြန်မာအတ္တလန်တစ် ကုမ္ပဏီ ပုလဲ မွေးမြူရေးစခန်းသို့ရောက်ရှိလေ့လာခဲ့ရာ ပုလဲမွေးမြူရေးစခန်း တာဝန်ခံ ဦးစောထဲလာ မှ ပုလဲမွေးမြူရေး လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီးနောက် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် ဦးဆောင်သည့် သံတမန်လေ့လာရေးအဖွဲ့သည် မုတ်ကောင်သားပေါက်ခန်းနှင့် ဝတ်ဆံသွင်းခန်းမတွင် မုတ်ကောင်အတွင်း ဝတ်ဆံသွင်းနေမှုအား ကြည့်ရှုလေ့လာခဲ့ကြသည်။
ထိုမှတစ်ဆင့် ပြည်တွင်း ပြည်ပ ခရီးသွားဧည့်သည်များအကြားတွင် ရေပန်းစား လူကြိုက်များပြီး ဧရိယာအားဖြင့် (၅၅ ဒသမ ဝ၆) ဧကခန့်ရှိကာ တောတောင်ထူထပ်၍ ကျွန်း၏မြောက်ဘက်ပိုင်းတွင် ပေ(၄၀ဝ၀)ခန့်ရှည်လျားသော ကျောက်စရစ်ကမ်းခြေတစ်ခုနှင့် တောင်ဘက် တွင် ပေ(၆၀ဝ)ခန့်ရှည်လျားကာ သဲဖြူကမ်းခြေ(၃)ခု တည် ရှိသည့် မြိတ်မြို့မှ ရေမိုင်(၅၆)မိုင်ခန့် ကွာဝေးသော စမတ်ကျွန်းသို့ ရောက်ရှိလေ့လာခဲ့ကြ၍ သဘာဝကမ်းခြေအလှအပများကို ကြည့်ရှုလေ့လာကြပြီး အမှတ်တရ ဓာတ်ပုံများရိုက်ကူးခဲ့ကြသည်။
ဆက်လက်၍ ဒုံးညောင်မှိုင်းကျေးရွာရှိ ဆလုံလူမျိုးများ နေထိုင်မှုများကို သွားရောက်လေ့လာခဲ့ကြပြီး ဆလုံလူမျိုးများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်ထောင်စုဝန်ကြီးက လှူဒါန်းငွေ နှစ်သိန်းကျပ် ကို လှူဒါန်းပေးအပ်ပြီး သံတမန်များစုပေါင်းလှူဒါန်းသည့် အမေရိကန်ဒေါ်လာ(၅၆၈)နှင့် (၁၃၂၈၀ဝ၀)ကျပ်ကို သံတမန်အဖွဲ့နာယက မြန်မာနိုင်ငံ ဆိုင်ရာ တီမောလက်စ်တေနိုင်ငံ သံအမတ်ကြီးက လှူဒါန်းပေးအပ်ခဲ့သည်။ ထိုနောက် အမြန်ရေယာဉ်ဖြင့် ကမ်းရိုးတန်းပင်လယ်ရှိကျွန်းများအား ကြည့်ရှုလေ့လာခဲ့ကြ၍ မြိတ်မြို့သို့ ပြန်လည်ရောက်ရှိခဲ့သည်။
ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် ဦးဆောင်သည့် သံတမန်လေ့လာရေးအဖွဲ့သည် သံတမန်လေ့လာ ရေးအဖွဲ့သည် မြိတ်လေဆိပ်မှ မြန်မာ့အမျိုးသားလေကြောင်းလိုင်းဖြင့် ညနေ(၄)နာရီ(၁၅)မိနစ်တွင် ရန်ကုန်မြို့သို့ ပြန်လည်ထွက်ခွာပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ညနေ(၆)နာရီခန့်တွင် ရောက်ရှိခဲ့သည်။ သံတမန် အဖွဲ့တွင် တီမောလက်စ်တေနိုင်ငံသံရုံး၊ ရုရှာနိုင်ငံသံရုံး၊ အီဂျစ်နိုင်ငံသံရုံး၊ ဖိလစ်ပိုင်နိုင်ငံသံရုံး၊ နီပေါနိုင်ငံသံရုံး၊ ဖင်လန်နိုင်ငံသံရုံး၊ အင်ဒိုနီးရှားနိုင်ငံသံရုံး၊ ဘင်္ဂလားဒေရှ့်နိုင်ငံသံရုံး၊ မလေးရှားနိုင်ငံသံရုံး၊ အစ္စရေးနိုင်ငံသံရုံး၊ အိန္ဒိယနိုင်ငံသံရုံး၊ သြစတြေးလျနိုင်ငံသံရုံး၊ ထိုင်းနိုင်ငံသံရုံး၊ ဂါနာနိုင်ငံသံရုံး၊ ကမ္ဘောဒီးယားနိုင်ငံသံရုံး၊ ကနေဒါ နိုင်ငံသံရုံး၊ နော်ဝေးနိုင်ငံသံရုံး၊ ဘရူနိုင်းနိုင်ငံသံရုံးများမှ သံရုံးအကြီးအကဲများနှင့်ဇနီးများ၊ ILO ဆက်သွယ်ရေးရုံးမှ ဆက်သွယ်ရေးအရာရှိနှင့်ဇနီးတို့ပါဝင်ကြောင်း သိရှိရသည်။
ခိုင်ထူး (မြိတ် ပြန်/ဆက်)