နေပြည်တော် နိုဝင်ဘာ ၂၁
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရမှ သီရိလင်္ကာဒီမိုကရက်တစ် ဆိုရှယ်လစ် သမ္မတ နိုင်ငံအစိုးရသို့ လှူဒါန်းသည်ဆေးနှင့်ဆေးပစ္စည်းများ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ယနေ့တွင် ရန်ကုန်မြို့၊ ဆေးသုတေသနဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ကျန်းမာရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာ ဒီမိုကရက်တစ် ဆိုရှယ်လစ်သမ္မတနိုင်ငံ သံအမတ်ကြီး H.E Mr. J.M.J.P Bandara၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝင်များ တက်ရောက်ကြသည်။
ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက အမေရိကန် ဒေါ်လာ (၁ ဒသမ ၄၈)သန်းကျော် တန်ဖိုးရှိ အိမ်သုံးဆေးဝါးများ၊ ခွေးရူးပြန်ရောဂါကာကွယ်ဆေး များ၊ ပဋိဇီဝဆေးများ၊ နာတာရှည်ရောဂါဆိုင်ရာဆေးဝါးများ၊ ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းသုံး ပစ္စည်းများ စသည်တို့ လှူဒါန်းရသည့် အကြောင်းအရင်းအား ရှင်းလင်း ပြောကြားရာတွင် ဆေးနှင့်ဆေးပစ္စည်းများကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ ကိုယ်စား သီရိလင်္ကာ နိုင်ငံအစိုးရနှင့် ပြည်သူများသို့ လှူဒါန်းရသည့်အတွက် ဝမ်းမြောက်မိပါကြောင်း၊ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂ ရက်တွင်လည်း နိုင်ငံတော်ဝန်ကြီးချုပ်၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဌကြီး၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံမှသီရိလင်္ကာနိုင်ငံသို့ ဆန်တန်ချိန် (၁,၀၀၀) ကိုလည်းလွဲပြောင်းလှူဒါန်းခဲ့ပါကြောင်း၊ မြန်မာနိုင်ငံနှင့် သီရိလင်္ကာနိုင်ငံ တို့သည် တူညီသော ဘာသာ၊ သာသာနာ၊ ယဉ်ကျေးမှုဓလေ့များဖြင့် ရှေးယခင်ကာလတည်းကပင် ရင်းနှီးချစ်ကြည်မှု ရှိခဲ့ကြပါကြောင်း၊ ယနေ့လှူဒါန်းမှုများသည် ၎င်းချစ်ကြည်ရင်းနှီးမှုများနှင့် နှစ်နိုင်ငံမိတ်ကောင်း ဆွေကောင်းရှိမှု၊ မိတ်ဆွေပီသမှုအား မီးမောင်းထိုးပြလျက်ရှိပြီး မိတ်ဆွေနိုင်ငံ အခက်အခဲဖြစ်ပေါ် နေချိန်၌ “Sharing is caring” (“မျှဝေခြင်းသည် ဂရုစိုက်ခြင်းဖြစ်သည်”) ဆိုသည့် စကားနှင့် အညီ မြန်မာနိုင်ငံတော်အစိုးရ အနေဖြင့် လှူဒါန်းခြင်းဖြစ်ပါကြောင်း၊ သီရိလင်္ကာနိုင်ငံ၏ ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများ၊ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများနှင့် စီပွားရေး၊ လူမှုရေး ဘက်စုံပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အထောက်အကူပြုနိုင်မည်ဟု မျှော်လင့်ပါကြောင်းနှင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးနှင့် ချစ်ကြည်ရေးကို ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာသံအမတ်ကြီးက ကျေးဇူးတင်စကားပြောကြားရာ တွင် ယခုကဲ့သို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်၏ လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံမှ ဆေးနှင့်ဆေးပစ္စည်းများ လှူဒါန်းသည့် အတွက် သီရိလင်္ကာ နိုင်ငံအစိုးရနှင့် ပြည်သူများကိုယ်စား ကျေးဇူးတင်ရှိပါကြောင်း၊ သီရိလင်္ကာ နိုင်ငံသည် မမျှော်လင့်သည့် စီးပွားရေးစိန်ခေါ်မှုများ ကြုံတွေ့နေရသည့်အချိန်တွင် အစိုးရအနေဖြင့် ပြည်သူများအတွက် စားနပ်ရိက္ခာဖူလုံရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ရေးတို့ကို အဓိကထားဆောင်ရွက်လျက်ရှိပါကြောင်း၊ ယနေ့ကူညီမှုများသည် မြန်မာနိုင်ငံ၏ ပထမဆုံး အကြိမ်ကူညီမှုများ မဟုတ်ပါကြောင်း၊ ၂၀၁၇ ခုနှစ် သီရိလင်္ကာနိုင်ငံတွင် ရေဘေးကြုံတွေ့ရသည့် အချိန်တွင် မြန်မာနိုင်ငံမှ ဆန်တန်ချိန်တန် (၃၀၀) လှူဒါန်းပေးခဲ့ပါကြောင်း၊ ယခုနှစ် စက်တင်ဘာ ၂ ရက်ကလည်း ဆန်တန်ချိန် (၁,၀၀၀) လှူဒါန်းပေးခဲ့ပါကြောင်း၊ ထိုကဲ့သို့ ကူညီထောက်ပံ့ပေးမှုများသည် သီရိလင်္ကာနိုင်ငံ၏ ခက်ခဲသည့်အချိန်များတွင် မြန်မာနိုင်ငံ၏ မိတ်ဆွေကောင်းနိုင်ငံပီသမှု၊ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုများအား အလေးထားကြောင်းပြသရာ ရောက်သည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ ထေရဝါဒဗုဒ္ဓဘာသာ၏ အဆုံးအမများကို အခြေခံ၍ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုမှာ ကြာမြင့်ခဲ့ပြီဖြစ်ပြီး ယခုနှစ်တွင် မြန်မာ-သီရိလင်္ကာ သံတမန်ဆက်ဆံရေးမှာ (၇၃)နှစ်မြောက်ခဲ့ပြီဖြစ်ပါကြောင်း၊ ဆက်လက်ပြီးလည်း ချစ်ကြည် ရင်းနှီးစွာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး ယနေ့လှူဒါန်းမှုများအတွက် ပါဝင် ဆောင်ရွက်ပေးခဲ့သူများ အားလုံးကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။
ထို့နောက် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက လှူဒါန်းပစ္စည်းများနှင့်သက်ဆိုင် သည့် စာရွက်စာတမ်းများကို သီရိလင်္ကာသံအမတ်ကြီးထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး သီရိလင်္ကာ သံအမတ်ကြီးက ကျေးဇူးတင်ဂုဏ်ပြုလွှာကို ပြည်ထောင်စုဝန်ကြီးထံ ပြန်လည်ပေးအပ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်မှုဖြင့် သီရိလင်္ကာနိုင်ငံသို့ ယနေ့လှူဒါန်းသည့် ဆေးဝါးနှင့်ဆေးပစ္စည်းများသည် ကျန်းမာရေးဝန်ကြီးဌာနှင့် မြန်မာနိုင်ငံဆေးနှင့်ဆေး ပစ္စည်းလုပ်ငန်းရှင်များ အသင်းမှပူးပေါင်းလှူဒါန်းခြင်းဖြစ်ပြီး တန်ဖိုးငွေအားဖြင့် အမေရိကန် ဒေါ်လာ(၁ ဒသမ ၄၈)သန်းကျော် တန်ဖိုးရှိကြောင်း သိရသည်။
သတင်းစဉ်