နေပြည်တော် ၅ ဇန်နဝါရီ
၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၄ ရက်နေ့၌ ကျရောက်သည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့အခါသမယတွင် ကမ္ဘာ့နိုင်ငံအသီးသီးမှ နိုင်ငံတော်အကြီးအကဲများက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံ ဝမ်းမြောက်ကြောင်း သဝဏ်လွှာများ အသီးသီးပေးပို့ကြသည်။
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံသို့ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ၊ သမ္မတနှင့် ကွန်မြူနစ်ပါတီဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး မစ္စတာ ငုယင်ဖူးကျောင့်ထံမှ ပေးပို့သည့် (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့အတွက် ဝမ်းမြောက်ကြောင်း သဝဏ်လွှာ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏ (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အခါသမယတွင် ဗီယက်နမ်နိုင်ငံနှင့်ပြည်သူများကိုယ်စား အဆွေတော်နှင့်တကွ မြန်မာပြည်သူပြည်သားများအတွက် ဂုဏ်ယူ ဝမ်းမြောက်ပါကြောင်း ခင်မင် ရင်းနှီးစွာ ပြောကြားလိုပါသည်။
လွန်ခဲ့သည့်နှစ်များအတွင်း ရရှိခဲ့သည့်အောင်မြင်မှုများအတွက် မြန်မာပြည်သူပြည်သားများအား ဂုဏ်ယူဝမ်းမြောက်ပါကြောင်း ပြောကြားလိုပါသည်။ အဆွေတော်၏ ဦးဆောင်မှုအောက်တွင် မြန်မာပြည်သူ များအနေဖြင့် နိုင်ငံတည်ဆောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အောင်မြင်စွာ အကောင်အထည်ဖော် နိုင်ကြမည်ဖြစ်ကြောင်းနှင့် ထိုမှတစ်ဆင့် မြန်မာနိုင်ငံအနေဖြင့် သဟဇာတရှိ၍ သာယာဝပြောသည့်နိုင်ငံအဖြစ်သို့ ရောက်ရှိနိုင်မည်ဟု အခိုင်အမာယုံကြည်ပါသည်။
နှစ်နိုင်ငံအကြား အစဉ်အလာအရ တည်ရှိခဲ့သည့် ချစ်ကြည်ရင်းနှီးမှုနှင့် ကဏ္ဍစုံပူးပေါင်း ဆောင်ရွက်မှုများမှာ လွန်ခဲ့သည့်နှစ်များအတွင်း တစိုက် မတ်မတ် တိုးတက်ခိုင်မာလာခဲ့ပါသည်။ ၂၀၁၉ခုနှစ်အတွင်း (၁၆)ကြိမ်မြောက် ကုလသမဂ္ဂဗုဒ္ဓနေ့အခမ်းအနားဖွင့်ပွဲသို့ တက်ရောက်ခဲ့သည့် အဆွေတော်၏ ခရီးစဉ်အပါအဝင် အဆင့်မြင့် ခရီးစဉ်များ အပြန်အလှန် သွားရောက်ခဲ့ကြပါသည်။ နှစ်နိုင်ငံအစိုးရနှင့် ပြည်သူများ၏ ခိုင်မာသည့် ဆုံးဖြတ်ချက်နှင့် အားထုတ်ကြိုးပမ်းမှုများမှတစ်ဆင့် မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံအကြား ထူထောင်ထားရှိသည့် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးမှာ ဆက်လက်ဖွံ့ဖြိုးတိုးတက်၍ နှစ်နိုင်ငံပြည်သူများ၏ အကျိုးစီးပွား၊ ဒေသတွင်းနှင့် ကမ္ဘာ့ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ ပူးပေါင်းဆောင်ရွက်မှုများနှင့် ဖွံ့ဖြိုး တိုးတက်ရေးတို့အတွက် များစွာအထောက်အကူပြုလိမ့်မည်ဟု ခိုင်ခိုင် မာမာ ယုံကြည်ထားပါသည်။
အဆွေတော်ကျန်းမာရွှင်လန်း၍ အောင်မြင်မှုများ ဆက်လက်ရရှိပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံသို့ ကိုရီးယားသမ္မတနိုင်ငံ သမ္မတ မွန်ဂျေအင်းထံမှ ပေးပို့သည့် (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့အတွက် ဝမ်းမြောက်ကြောင်းသဝဏ်လွှာ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ လွတ်လပ်ရေးနေ့ အခါသမယတွင် အဆွေတော်နှင့်တကွ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်သူများထံ နွေးထွေးလှိုက်လှဲစွာ ဝမ်းမြောက်ဂုဏ်ယူပါကြောင်း မိမိအနေဖြင့် နှုတ်ခွန်းဆက်သအပ်ပါသည်။
၂၀၂၀ ပြည့်နှစ်တွင် ကိုရီးယားသမ္မတနိုင်ငံနှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံအကြား သံတမန်ဆက်ဆံရေး ထူထောင်သည့် (၄၅)နှစ် ပြည့်မြောက်မည်ဖြစ်ရာ ယခုအချိန်အထိ မိမိတို့နှစ်နိုင်ငံအကြား ပြုစု ပျိုးထောင်ရရှိထားသည့် ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှု အသီးအပွင့်များ ပိုမိုခံစားရရှိမည်ဟု မျှော်လင့်ပါသည်။ အဆွေတော်နှင့် အနာဂတ်တွင် လည်း နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားလိုပါသည်။
အဆွေတော်ကျန်းမာပါစေကြောင်း၊ အောင်မြင်မှုများ ဆက်လက်ရရှိပါ စေကြောင်းနှင့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် သာယာဝပြောမှုများ အဓွန့်ရှည်ပါစေကြောင်း ဆုမွန်ကောင်းများ ပို့သအပ်ပါသည်။
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံသို့ ထိုင်းနိုင်ငံဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုဒ် ချန်အိုချာ (ငြိမ်း) ထံမှ ပေးပို့သည့် (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့အတွက် ဝမ်းမြောက်ကြောင်းသဝဏ်လွှာ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏ (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အခါသမယတွင် ထိုင်းနိုင်ငံ အစိုးရနှင့် ပြည်သူများကိုယ်စား ဂုဏ်ယူဝမ်းမြောက်ပါကြောင်းနှင့် အဆွေတော်နှင့်တကွ မြန်မာပြည်သူပြည်သား များအတွက် ဆုမွန်ကောင်းတောင်းအပ်ပါကြောင်း ပြောကြားလိုပါသည်။
မြန်မာ-ထိုင်း နှစ်နိုင်ငံအကြား ပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ကူးလူးဆက်နွယ်မှုများအပြင် တူညီသည့် ယဉ်ကျေးမှုနှင့် ဘာသာရေးဆိုင်ရာ အမွေအနှစ်များဖြင့် နှစ်ကာလကြာမြင့်စွာ ခိုင်မာသည့် ဆက်ဆံရေးကို ထူထောင်ထားရှိပါသည်။ မိမိတို့ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ဘုံအကျိုးစီးပွား ဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုများမှာ ပြီးခဲ့သည့်နှစ်များအတွင်း မဟာဗျူဟာကျသည့် မိတ်ဖက် ဆက်ဆံရေးအောက်တွင် အရှိန်အဟုန်ဖြင့် ခိုင်မာစွာတိုးတက်ဖြစ်ထွန်းလာခဲ့သည်ကို စိတ်ကြည် နူးဖွယ်တွေ့မြင်နေရပါသည်။
အိမ်နီးချင်းကောင်းများဖြစ်ကြသည့် မြန်မာ-ထိုင်း နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုကို အခြေခံလျက် ရေရှည်တည်တံ့သည့် ဖွံ့ဖြိုးတိုးတက်မှု များ ဖြစ်ပေါ်ရေးကို ဦးတည်သော ဘုံရည်မှန်းချက်များနှင့် အတူတကွ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် နှစ်နိုင်ငံအကျိုးအတွက်သာမက ဒေသတွင်း တည်ငြိမ်အေးချမ်းရေးနှင့် သာယာဝပြောရေးအတွက် အကျိုးဖြစ်ထွန်းစေ မည်ဟု ခိုင်မြဲစွာ ယုံကြည်ပါသည်။
အဆွေတော်ကျန်းမာရွှင်လန်း၍ အောင်မြင်မှုများ ဆက်လက်ရရှိပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံသို့ ကျူးဘားသမ္မတနိုင်ငံ သမ္မတ မီဂဲလ် ဒီရက်(ဇ်)-ကန်နယ် ဘယ်(ရ်)မူဒက်(ဇ်) ထံမှ ပေးပို့သည့်(၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့အတွက်ဝမ်းမြောက်ကြောင်းသဝဏ်လွှာ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏(၇၂) နှစ်မြောက် လွတ်လပ်ရေး နေ့ နှစ်ပတ်လည်အခါသမယအတွက် လှိုက်လှဲစွာ ဂုဏ်ယူဝမ်းမြောက်မိပါ ကြောင်း ကျူးဘာအစိုးရနှင့် ပြည်သူများကိုယ်စား မိမိအနေဖြင့် ပြောကြား လိုပါသည်။ အခွင့်အခါကြုံခိုက်တွင် မိမိတို့နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတောင့်တင်း ခိုင်မာစေရန် မိမိတို့၏ စိတ်အားထက်သန်မှုကို ထပ်လောင်းအတည်ပြု ဖော်ပြအပ်ပါသည်။
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံသို့ ဆွစ်ဇာလန်နိုင်ငံ သမ္မတ စင်မိုနက်တာ ဆွန်မာရုဂါထံမှ ပေးပို့သည့် (၇၂) နှစ်မြောက်လွတ်လပ်ရေးနေ့အတွက် ဝမ်းမြောက်ကြောင်းသဝဏ်လွှာ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏လွတ်လပ်ရေးနေ့ အခါသမယတွင် အဆွေတော်နှင့် မြန်မာပြည်သူ ပြည်သားများထံသို့ မိမိအနေဖြင့် ဆုမွန်ကောင်းပို့သအပ်ပါသည်။
ဆွစ်ဇာလန်နိုင်ငံနှင့်မြန်မာနိုင်ငံတို့သည် ယုံကြည်မှုအပေါ်အခြေခံသည့် ရေရှည်တည်တံ့သော နှစ်နိုင်ငံ ဆက်ဆံရေးကို ထူထောင်ခံစားလျက်ရှိပါသည်။ ဆွစ်ဇာလန်နိုင်ငံသည် မြန်မာနိုင်ငံနှင့် ခိုင်မြဲသောဆက်ဆံရေးကို ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း သန္နိဋ္ဌာန်ချထားပါသည်။ မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ရေး စီမံကိန်းအစီအစဉ် (၂၀၁၉-၂၀၂၀) ကို သက်တမ်း တိုးမြှင့်ဆောင်ရွက်ခြင်းမှတစ်ဆင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီ နှင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုရရှိရေးတို့အတွက် ဆွစ်ဇာလန်နိုင်ငံ အနေဖြင့် ဆက်လက်ကူညီပံ့ပိုးပေးသွားမည်ဖြစ်ပါသည်။ နှစ်နိုင်ငံ သာယာ ဝပြောရေးနှင့် အကျိုးဖြစ်ထွန်းစေရေးတို့ကို ရည်သန်လျက် မိမိတို့အနေဖြင့် ဆက်လက် လက်တွဲဆောင်ရွက်သွားမည် ဖြစ်ပါသည်။
အဆွေတော်ရင်ဆိုင်နေရသည့် ယင်းစိန်ခေါ်မှုများအား ရင်ဆိုင်ကျော်လွှား သွားနိုင်ရန် မိမိတို့အတူ ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။ အဆွေတော်နှင့် မြန်မာပြည်သူပြည်သားများ ပျော်ရွှင်မှု၊ သာယာဝ ပြောမှုနှင့် အနာဂတ်တွင် တည်ငြိမ်အေးချမ်းမှုတို့နှင့် ပြည့်ဝပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည်။ မိမိအနေဖြင့် အဆွေတော်အားချစ်ကြည်အလေးထားလျက်ရှိပါကြောင်း ဖော်ပြအပ်ပါသည်။
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံသို့ ဆားဘီးယားသမ္မတနိုင်ငံ သမ္မတ အဲလက်ဇန္ဒြား ဗူစစ်ထံမှ ပေးပို့သည့် (၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့အတွက် ဝမ်းမြောက်ကြောင်းသဝဏ်လွှာ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ လွတ်လပ်ရေးနေ့အခါသမယ တွင် ဆားဘီးယား ပြည်သူများကိုယ်စား မိမိအနေဖြင့် အဆွေတော်၊ မြန်မာ နိုင်ငံနှင့် မြန်မာပြည်သူများ ကြွယ်ဝရွှင်လန်းချမ်းသာပါစေကြောင်း နှုတ်ခွန်း ဆက်သလျက် ဆုမွန်ကောင်းပို့သအပ်ပါသည်။
ဘက်မလိုက်လှုပ်ရှားမှု အခြေခံမူများအပေါ်တွင် အခြေခံပြီး ဆယ်စုနှစ် များစွာ အဓွန့်ရှည်လျက်ရှိသည့် မြန်မာ-ဆားဘီးယား နှစ်နိုင်ငံချစ်ကြည် ရင်းနှီးသည့် ဆက်ဆံရေးသည် အထူးအလေးထားသော အပြန်အလှန်လေးစား မှုနှင့် တန်ဖိုးထားမှုတို့ဖြင့် ဖော်ညွှန်းလျက်ရှိပါသည်။ နှစ်နိုင်ငံအကြားဆက်ဆံရေးနှင့် အပြန်အလှန် အကျိုးဖြစ်ထွန်းမှုရှိသည့် နယ်ပယ်အားလုံး၌ ထိရောက်သော ပူးပေါင်းဆောင်ရွက်ရေးတို့ကို မိမိတို့နှစ်နိုင်ငံ အနေဖြင့် ပိုမိုမြှင့်တင်နိုင်လိမ့်မည်ဟု မိမိအနေဖြင့် ယုံကြည်ပါသည်။
မိမိတို့နှစ်နိုင်ငံသည် နိုင်ငံရေးဆွေးနွေးမှုများနှင့် ဘုံအကျိုးထွန်းကား စေမည့် နယ်ပယ်များ၌ နက်ရှိုင်းစွာ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားနိုင်မည်ဟု ယုံကြည်ပါသည်။ မိမိအနေဖြင့် နှစ်နိုင်ငံနှင့် ပြည်သူများ အကျိုးစီးပွား အတွက် ဆက်လက်ထိတွေ့သွားမည် ဖြစ်ပါသည်။
မိမိအနေဖြင့် အဆွေတော်အားချစ်ကြည်အလေးထားလျက်ရှိပါကြောင်း ဖော်ပြအပ်ပါသည်။
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံသို့ ဩစတြီးယားသမ္မတနိုင်ငံ သမ္မတ အလက်ဇန္ဒားဗန်ဒါဘယ်လန်ထံမှ ပေးပို့သည့် (၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့အတွက် ဝမ်းမြောက်ကြောင်းသဝဏ်လွှာ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ လွတ်လပ်ရေးနေ့အခါသမယတွင် အဆွေတော်ထံသို့ ဂုဏ်ယူဝမ်းမြောက်ပါကြောင်း မိမိအနေဖြင့် ဆုမွန်ကောင်းတောင်းအပ်ပါသည်။
အဆွေတော် ကျန်းမာချမ်းသာ၍မြန်မာပြည်သူပြည်သားများ အနာဂတ်တွင် ပျော်ရွှင်ပါစေကြောင်း အခါအခွင့်ကြုံခိုက် ဆုမွန်ကောင်းတောင်းအပ်ပါသည်။
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံသို့ ပိုလန်သမ္မတနိုင်ငံ သမ္မတအန်ဒရစ်(၇) ဒူဒါထံမှ ပေးပို့သည့် (၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့အတွက် ဝမ်းမြောက်ကြောင်းသဝဏ်လွှာ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ လွတ်လပ်ရေးနေ့အခါသမယတွင် ပိုလန်ပြည်သူများကိုယ်စား အဆွေတော်ထံသို့ ဂုဏ်ယူဝမ်းမြောက်ပါကြောင်း မိမိအနေဖြင့် ဆုမွန်ကောင်းတောင်းအပ်ပါသည်။
မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ခေတ်မီသော ဒီမိုကရေစီ နိုင်ငံတည်ဆောက်ရာတွင် ဆက်လက်အောင်မြင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။ မိမိတို့နှစ်နိုင်ငံအကြား ပူးပေါင်း ဆောင်ရွက်မှုများသည် လာမည့်နှစ်များတွင် ပိုမိုတိုးတက်ဖြစ်ထွန်းလာမည်ဟု မိမိအနေဖြင့် မျှော်လင့်ပါသည်။
အဆွေတော်နှင့် မြန်မာပြည်သူပြည်သားများ ကျန်းမာချမ်းသာ၍ သာယာ ဝပြောပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါသည်။
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံသို့ မော်ရိုကိုနိုင်ငံ ဘုရင် ဆဋ္ဌမမြောက် မိုဟာမက်ထံမှ ပေးပို့သည့် (၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့အတွက်ဝမ်းမြောက်ကြောင်းသဝဏ်လွှာ
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ လွတ်လပ်ရေးနေ့အခါသမယ တွင် ဂုဏ်ယူဝမ်းမြောက်ကြောင်းနှင့် မြန်မာပြည်သူပြည်သားများ ဆက်လက်တိုးတက်သာယာဝပြောပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ် ပါသည်။
နှစ်နိုင်ငံအပြန်အလှန် အကျိုးဖြစ်ထွန်းစေရန်အတွက် မော်ရိုကိုနိုင်ငံအနေဖြင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံနှင့် နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများခိုင်မာစေရန်နှင့် တိုးမြှင့်သွားရန် စိတ်အား ထက်သန်လျက် ရှိပါသည်။
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံသို့ အီတလီသမ္မတနိုင်ငံ သမ္မတ ဆာဂျီရို မတ်တာရီလာထံမှ ပေးပို့သည့် (၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့အတွက် ဝမ်းမြောက်ကြောင်း သဝဏ်လွှာ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏လွတ်လပ်ရေးနေ့အခါသမယတွင် မြန်မာနိုင်ငံ၏ငြိမ်းချမ်းရေး သဟဇာတမျှတစွာ အတူယှဉ်တွဲနေထိုင်ရေးနှင့် အနာဂတ်တွင် ပိုမိုကြွယ်ဝချမ်းသာစေရေးတို့အတွက် အဆွေတော်ထံသို့ မိမိအနေဖြင့် ဆုမွန်ကောင်းပို့သအပ်ပါသည်။
အစဉ်အလာအရရှိခဲ့သည့် ချစ်ကြည်ရင်းနှီးမှုသည် မြန်မာ-အီတလီ နှစ်နိုင်ငံဆက်ဆံရေးကို ပုံဖော်လျက်ရှိပြီး ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းစီမံချက်များ၏ အကျိုးရလဒ်အနေဖြင့် ဖွံ့ဖြိုးတိုးတက် မှုအစီအစဉ် ၂၀၃၀ ၏ ရည်မှန်းချက်များရရှိရေးနှင့် နှစ်နိုင်ငံဆက်ဆံရေးနှင့် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုများ ထိရောက်စေရေးတို့အတွက် မိမိတို့ နှစ်နိုင်ငံအကြား ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။
အီတလီပြည်သူများကိုယ်စား မိမိအနေဖြင့် ဆုမွန်ကောင်းတောင်းအပ်ပါသည်။
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံသို့ ဟန်ဂေရီသမ္မတနိုင်ငံ သမ္မတ ဂျားနို့စ် အာဒါထံမှ ပေးပို့သည့် (၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့အတွက်ဝမ်းမြောက်ကြောင်း သဝဏ်လွှာ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ လွတ်လပ်ရေးနေ့အခါသမယတွင် အဆွေတော်နှင့် မြန်မာပြည်သူ ပြည်သားများထံသို့ ဂုဏ်ယူဝမ်းမြောက်ပါကြောင်း မိမိအနေဖြင့် ဆုမွန်ကောင်း တောင်းအပ်ပါသည်။
ဟန်ဂေရီနိုင်ငံအနေဖြင့် မိမိတို့နှစ်နိုင်ငံအကြား အပြန်အလှန် အကျိုးဖြစ်ထွန်းစေရေးအတွက် ပူးပေါင်းဆောင်ရွက် မှုများကို လာမည့်နှစ်များတွင် ပိုမိုတိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မိမိအနေဖြင့် ထပ်လောင်း အတည်ပြုအပ်ပါသည်။
အဆွေတော်ကျန်းမာပါစေကြောင်းနှင့် မြန်မာပြည်သူပြည်သားများ ပျော်ရွှင်သာယာဝပြောပါစေကြောင်း အခါအခွင့်ကြုံခိုက် ဆုမွန်ကောင်း တောင်းအပ်ပါသည်။