mdn

နေပြည်တော် ၅ ဇန်နဝါရီ

 

 ၂ဝ၂ဝ ပြည့်နှစ် ဇန်နဝါရီလ ၄ ရက်နေ့၌ ကျရောက်သည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့အခါသမယတွင် ကမ္ဘာ့နိုင်ငံအသီးသီးမှ နိုင်ငံတော်အကြီးအကဲများက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ ဝမ်းမြောက်ကြောင်းသဝဏ်လွှာများ အသီးသီးပေးပို့ကြသည်။

 

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံသို့ ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ရှင်ဇိုအာဘေးထံမှ ပေးပို့သည့် (၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့အတွက် ဝမ်းမြောက်ကြောင်း သဝဏ်လွှာ

 

 ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့ အခါသမယတွင် ဂျပန်နိုင်ငံအစိုးရနှင့် ပြည်သူများကိုယ်စား ဝမ်းမြောက်ဂုဏ်ယူကြောင်း မိမိအနေဖြင့် ပြောကြားလိုပါသည်။

 

ပြီးခဲ့သည့် အောက်တိုဘာလက ကျင်းပခဲ့သော ဂျပန်ဧကရာဇ် နန်းတက်ပွဲအခမ်းအနားသို့ အဆွေတော် တက်ရောက်ချီးမြှင့်ပေးခဲ့သည့် အတွက် ကျေးဇူးတင်ရှိပါကြောင်းဖြင့် ထပ်မံပြောကြားလိုပါသည်။ ဂျပန် နိုင်ငံနှင့် မြန်မာနိုင်ငံအကြား ဆက်ဆံရေး ခိုင်မာစေရေးအတွက် အောင်မြင်စွာ ဆွေးနွေးနိုင်ခဲ့သည့်အတွက်လည်း အထူးဝမ်းမြောက်မိပါသည်။

 

ဂျပန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံဘက်မှ ဆက်လက်ရပ်တည်ပေးသွားမည်ဖြစ်ပြီး၊ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ နိုင်ငံတော်တည်ထောင်ရေး ကြိုးပမ်းမှုအတွက် ထောက်ပံ့ကူညီမှုများ အစွမ်းကုန် ဆက်လက်ပေးအပ် သွားမည် ဖြစ်ပါသည်။

 

အဆွေတော် ကျန်းမာပါစေကြောင်းနှင့် ပြည်သူအများ ငြိမ်းချမ်း သာယာကြပါစေကြောင်း ဆုမွန်ကောင်း တောင်းလျက် အဆွေတော်အား ချစ်ကြည်အလေးထားလျက်ရှိပါကြောင်း ဖော်ပြအပ်ပါသည်။

 

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံသို့ အိန္ဒိယသမ္မတနိုင်ငံ ဝန်ကြီးချုပ် ရှရီ နာရန်ဒရာ မိုဒီထံမှ ပေးပို့သည့် (၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့အတွက် ဝမ်းမြောက်ကြောင်း သဝဏ်လွှာ

 

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ လွတ်လပ်ရေးနေ့ အခါသမယ တွင် အိန္ဒိယနိုင်ငံပြည်သူများကိုယ်စား မိမိအနေဖြင့် ဂုဏ်ယူဝမ်းမြောက် ပါကြောင်း နွေးထွေးလှိုက်လှဲစွာ နှုတ်ခွန်းဆက်သအပ်ပါသည်။

 

ဗန်ကောက်မြို့တွင် ကျင်းပခဲ့သော အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်ထိပ်သီးအစည်းအဝေးများသို့ တက်ရောက်ခဲ့စဉ် အဆွေတော်နှင့် တွေ့ဆုံ၍ အကျိုးရှိစွာ ဆွေးနွေးနိုင်ခဲ့ပါသည်။ မိမိတို့၏ တွေ့ဆုံဆွေးနွေးမှု များသည် နွေးထွေးမှုရှိသော နှစ်နိုင်ငံဆက်ဆံရေးကို ထပ်လောင်းအတည်ပြုခဲ့ပါသည်။ အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များ ပြည့်မီရန်အတွက် ဆောင်ရွက်ရာတွင် ခိုင်မြဲစွာ ရပ်တည်လျက်ရှိ သော မိတ်ဆွေနိုင်ငံအဖြစ် ဆက်ဆံဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို ထပ်လောင်းအတည်ပြုအပ်ပါသည်။ မိမိတို့ နှစ်နိုင်ငံ၏အရေးပါသည့် မိတ်ဖက် ဆက်ဆံရေးအပေါ် အခြေပြုကာ အဆွေတော်နှင့် ပိုမိုနီးကပ်စွာ ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

 

မိမိအနေဖြင့် အခွင့်ကြုံခိုက် အဆွေတော် ကျန်းမာပျော်ရွှင်ပါစေကြောင်းနှင့် မြန်မာနိုင်ငံ ဆက်လက်သာယာ ဝပြောပြီး ငြိမ်းချမ်းတည်ငြိမ် စည်းလုံးသော နိုင်ငံတော်အဖြစ် တိုးတက်ဖွံ့ဖြိုးမှုများ ဆက်လက်ရရှိပါစေ ကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။

 

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံသို့ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတ နိုင်ငံဝန်ကြီးချုပ် ထောင်လွန်းဆီဆုလစ်ထံမှ ပေးပို့သည့် ဝမ်းမြောက်ကြောင်း သဝဏ်လွှာ

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏ (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အခါသမယတွင် လာအိုပြည်သူ့ ဒီမိုကရက်တစ်သမ္မတနိုင်ငံ အစိုးရကိုယ်စား အဆွေတော်နှင့် မြန်မာပြည်သူပြည်သားများအတွက် မိမိအနေဖြင့် ဂုဏ်ယူ ဝမ်းမြောက်စွာ ဆုမွန်ကောင်းပို့သအပ်ပါသည်။

 

နှစ်နိုင်ငံအကြား အစဉ်အလာအရရှိခဲ့သည့် ချစ်ကြည်ရင်းနှီးမှု၊ မိမိတို့ နှစ်နိုင်ငံအကြားနှင့် နှစ်နိုင်ငံအစိုးရများ အကြား နှစ်နိုင်ငံနှင့် နိုင်ငံတကာ မျက်နှာစာတွင် ကောင်းမွန်သည့် ပူးပေါင်းဆောင်ရွက်မှုများမှာ ယခုထက် ပိုမိုခိုင်မာတိုးတက်လာမည်ဟု မိမိအနေဖြင့် ယုံကြည်ပါသည်။ မိမိတို့နှစ်နိုင်ငံ နှင့် နှစ်နိုင်ငံပြည်သူများသာမက အာဆီယံမိသားစု၏ ဘုံအကျိုးဖြစ်ထွန်းမှု၊ ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတွင် ပူးပေါင်းဆောင်ရွက်မှုများ၊ ချစ်ကြည်ရင်းနှီးမှုနှင့် ငြိမ်းချမ်းရေးတို့အတွက် အဆွေတော်နှင့်အတူ ဆက်လက်၍ နီးကပ်စွာ လက်တွဲ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

 

၂၀၂၀ ပြည့်နှစ်၊ နှစ်သစ်ကူးအခါသမယတွင် အဆွေတော် ကျန်းမာ ရွှင်လန်းပါစေကြောင်းနှင့် အဆွေတော်၏ လုပ်ငန်းဆောင်တာများ ပိုမို အောင်မြင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည်။