နေပြည်တော် မတ် ၃၀
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် မြန်မာ့တပ်မတော်၏ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တာဝန် လွှဲပြောင်းလက်ခံခြင်း ဂုဏ်ပြုစစ်ရေးပြအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌ ကျင်းပပြုလုပ်သည်။
ဦးစွာ လက်ရှိမြန်မာ့တပ်မတော်၏ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် တာဝန်ထမ်းဆောင်လျက် ရှိသည့် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တာဝန် လွှဲပြောင်းလက်ခံ တာဝန်ထမ်းဆောင်မည့် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင်စည်သူ ရဲဝင်းဦးတို့သည် ရှေ့ဆောင် အရာရှိနှစ်ဦး ဦးဆောင်၍ အခမ်းအနားကျင်းပမည့်နေရာသို့ ရောက်ရှိကြသည်။
ထို့နောက် လက်ရှိမြန်မာ့တပ်မတော်၏ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန်ထမ်း ဆောင်လျက်ရှိသည့် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာ သရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တာဝန် လွှဲပြောင်း လက်ခံတာဝန်ထမ်းဆောင်မည့် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် စည်သူရဲဝင်းဦးတို့သည် အလေးပြုခံစင်မြင့်တွင် နေရာယူကြပြီး ဂုဏ်ပြုတပ်ခွဲ၏ အလေးပြုခြင်းကို ခံယူသည်။
ထိုသို့ ဂုဏ်ပြုတပ်ခွဲ၏ အလေးပြုခြင်းကို ခံယူနေချိန်တွင် ဂုဏ်ပြု အမြောက်တပ်ဖွဲ့မှလည်း အမြောက် ၁၉ ချက်ကို စစ်ရေးပြ အခမ်းအနားဖြင့် ဂုဏ်ပြုပစ်ဖောက်သည်။
ဂုဏ်ပြုတပ်ခွဲအားစစ်ဆေး
ယင်းနောက် လက်ရှိမြန်မာ့ တပ်မတော်၏ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန် ထမ်းဆောင်လျက်ရှိသည့် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိ သုဓမ္မ မင်းအောင်လှိုင် သည် ဂုဏ်ပြုတပ်ခွဲအား စစ်ဆေးသည်။
ဆက်လက်၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်က ဂုဏ်ပြုမိန့်ခွန်း ပြောကြားရာတွင် ယနေ့သည် တပ်မတော်ထဲကို စတင်ဝင်ရောက်ခဲ့သည့် ၁၉၇၄ ခုနှစ် အချိန်ကဆိုပါက ရာထူးတာဝန်အသီးသီး ထမ်းဆောင်ခဲ့သည်မှာ ၅၂ နှစ်ခန့် ရှိပြီဖြစ်ကြောင်း၊ လွန်ခဲ့သည့် ၁၅ နှစ် ၂၀၁၁ ခုနှစ် မတ်လ ၃၀ ရက်နေ့ တွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တပ်မတော်အကြီးအကဲများက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ် ယုံကြည်စွာဖြင့် တာဝန်လွှဲပြောင်းပေးအပ်ခဲ့သည့် ယခုတာဝန်ကို ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ အကောင်းဆုံးဖြစ်အောင် ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြောင်း၊ ဗိုလ်ချုပ်ကြီး နေဝင်း အပါအဝင် ခေတ်အဆက်ဆက် တပ်မတော် ခေါင်းဆောင်ကြီးများ မျှော်မှန်းတည်ဆောက်ခဲ့သည့်အတိုင်း အင်အားတောင့်တင်းပြီး စွမ်းရည် ထက်မြက်သည့် ခေတ်မီမျိုးချစ် တပ်မတော်ကြီးဖြစ်အောင် ကြိုးပမ်းတည်ဆောက်ခဲ့ကြောင်း၊ ထိုသို့ တည်ဆောက်သည့်နေရာတွင် ယခင်တပ်မတော်အကြီးအကဲများ၏ လမ်းညွှန်ဆုံးမဩဝါဒများ၊ ဖြတ်သန်းခဲ့ရသည့် ဘဝအတွေ့အကြုံများနှင့်ပေါင်းစပ်ပြီး အကောင်းဆုံး ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ထို့ကြောင့်လည်း တပ်မတော်၏ စွမ်းရည်မြင့်မားရေး၊ နိုင်ငံတကာ တပ်မတော်များနှင့် ရင်ပေါင်တန်းနိုင်ရေးတို့ကို အတိုင်းအတာတစ်ရပ်အထိ ရောက်အောင် မြှင့်တင်စွမ်းဆောင် ပေးနိုင်ခဲ့ကြောင်း။
ထို့ပြင် တပ်မတော် (ကြည်း၊ ရေ၊ လေ)၊ လက်ရုံးတပ်ဖွဲ့များအတွက် တိုးတက်ပြုပြင်ပြောင်းလဲမှု များစွာ ဆောင်ရွက်နိုင်ခဲ့ပြီး ဒီမိုကရေစီ အစိုးရသက်တမ်း နှစ်ဆက်တွင်လည်း နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကဏ္ဍများစွာ ပူးပေါင်းလက်တွဲဆောင်ရွက်ခဲ့ကြောင်း၊ ထိုသို့ဆောင်ရွက်နေချိန်အတွင်း ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုများစွာ ဖြစ်ပေါ်ခဲ့သည်ကို ဖြေရှင်း ဆောင်ရွက်ပေးရန် (၂၀၀၈ ခုနှစ်) ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပေးအပ်ထားသောတာဝန်နှင့် အညီ တပ်မတော်မှ အကြိမ်ကြိမ်ကြိုးစားခဲ့သော်လည်း ဖြေရှင်းမပေးဘဲ နိုင်ငံတော်အာဏာကို အတင်းအဓမ္မနည်းဖြင့်ရယူရန် ကြိုးစားခဲ့ကြောင်း၊ ထို့ကြောင့်ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ နိုင်ငံတော်ကို အရေးပေါ်အခြေအနေ ကြေညာခဲ့ပြီး နိုင်ငံတော်၏ တာဝန်အရပ်ရပ်ကိုပါပူးတွဲ ထမ်းဆောင်ခဲ့ရကြောင်း၊ ထိုသို့ဆောင်ရွက်ခဲ့ရမှုသည် အားလုံးမျှော်လင့်မထားသည့် နိုင်ငံရေး အလှည့်အပြောင်းကြီးဖြစ်ကြောင်း၊ အဆိုပါကာလက နိုင်ငံတော်တွင် ကိုဗစ်-၁၉ ကပ်ရောဂါအပြင် သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားခဲ့ပြီး ပြည်တွင်းဆူပူအုံကြွမှုမျိုးစုံ၊ ပြည်ပက သွေးထိုးလှုံ့ဆော်မှု မျိုးစုံနှင့် အခက်ခဲအကျပ်တည်းဆုံးအချိန်များကို ကြုံတွေ့ဖြတ်သန်းခဲ့ရကြောင်း၊ အဆိုပါ အခက်အခဲများကို တပ်နှင့်ပြည်သူလက်တွဲပြီး အားလုံးစုစည်းညီညွတ်စွာဖြင့် အကောင်းဆုံး ကျော်ဖြတ် နိုင်ခဲ့ပြီဖြစ်ကြောင်း၊ ယခုအခါ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတသည့် ဂုဏ်သိက္ခာရှိသော ရွေးကောက်ပွဲအဖြစ် သန့်သန့်ရှင်းရှင်းအောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီဖြစ်သဖြင့် မကြာမီအချိန်တွင် လွှတ်တော်မှ ရွေးချယ်တင်မြောက်သည့် နိုင်ငံတော် သမ္မတ ဦးဆောင်သည့် အစိုးရသစ်ကို နိုင်ငံတော်တာဝန်များ လွှဲပြောင်းပေးနိုင်တော့မည် ဖြစ်ကြောင်း။
ထိုသို့ နိုင်ငံတော်တွင် ကြုံတွေ့ ဖြတ်သန်းခဲ့သည့် အခြေအနေများတွင် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးအနေဖြင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ တွဲဖက်အတွင်းရေးမှူး၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ တွဲဖက်အမှုဆောင်ချုပ်၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် အတွင်းရေးမှူး၊ တပ်မတော် စစ်ဘက်ရေးရာလုံခြုံရေး အရာရှိချုပ်တာဝန်နှင့် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) တာဝန်တို့ကို တက်တက်ကြွကြွ ကျေကျေပွန်ပွန် ထမ်းဆောင်နိုင်ခဲ့သည့်အတွက် အထူးပင် ဂုဏ်ယူကြောင်း။
ထို့ကြောင့် ယခုလက်ရှိတာဝန် ယူထားသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန်များကို ယနေ့တွင် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးထံကို လွှဲပြောင်းပေးအပ်လိုက်ပါကြောင်း၊ နိုင်ငံတော်၊ ပြည်သူလူထု နှင့် တပ်မတော်၏အကျိုး၊ နိုင်ငံတော်၏ အမျိုးသား အကျိုးစီးပွားအတွက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကျရာနေရာကနေ ဆက်လက်အကျိုးပြု လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ တပ်မတော်ထဲ စတင် ဝင်ရောက်စဉ်ကတည်းက တွေ့ကြုံခဲ့ရသည့် တပ်မတော်ခေါင်းဆောင်များ၊ လုပ်ဖော်ကိုင်ဖက်များ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန်ထမ်းဆောင်ပြီးနောက် လက်တွဲလုပ်ဆောင်ခဲ့ကြသည့် လုပ်ဖော်ကိုင်ဖက်များအားလုံးကို အထူးကျေးဇူးတင်ရှိသည်ကို ပြောကြားလိုကြောင်း။
မျိုးဆက်သစ် တပ်မတော် ခေါင်းဆောင်များအနေဖြင့်လည်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးနှင့် ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တို့၏ ဦးဆောင်မှုအောက်တွင် တပ်မတော်၏ တာဝန်များကို စုစည်းညီညွတ်စွာဖြင့် ကြိုးပမ်းဆောင်ရွက်ကြရန် ပြောကြား လိုကြောင်း၊ ကမ္ဘာတည်သရွေ့ မြန်မာတည်ရမည်၊ မြန်မာတည်သရွေ့ မြန်မာ့တပ်မတော် တည်ရှိရမည်၊ ကောင်းမြတ်သည့် တပ်မတော်၏ သမိုင်းအစဉ်အလာများကို ဆက်လက်ထိန်းသိမ်းပြီး နိုင်ငံတော်က အားထားရသော၊ ပြည်သူလူထုက အားကိုးရသော တပ်မတော်အဖြစ် ဆက်လက် ရပ်တည်သွားကြပါဟု ဆန္ဒပြုကြောင်း ပြောကြားသည်။
ထို့နောက် စစ်ရာထူးခန့်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် ထိန်ဝင်းက ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် စည်သူ ရဲဝင်းဦးအား ကာကွယ်ရေးဦးစီးချုပ်ရုံး၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ရာထူးခန့်အပ်ကြောင်း ခန့်အပ်လွှာအား ဖတ်ကြားတင်ပြသည်။
ယင်းနောက် လက်ရှိတပ်မတော် ကာကွယ်ရေးဦးစီးချုပ် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်က တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တာဝန် လွှဲပြောင်းလက်ခံတာဝန်ထမ်းဆောင်မည့် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ် ကြီး ဇေယျကျော်ထင် စည်သူ ရဲဝင်းဦးထံသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ အဆောင်အယောင် ဓားနှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး၏ အလံတို့ကို လွှဲပြောင်း ပေးအပ်ပေးပြီး တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ ဦးစီးကွပ်ကဲမှုတံဆိပ်ကို တပ်ဆင်ပေးသည်။
ဆက်လက်၍ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် တာဝန်လက်ခံ ထမ်းဆောင်သည့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဇေယျ ကျော်ထင် စည်သူ ရဲဝင်းဦးက တာဝန် လွှဲပြောင်း ပေးအပ်ခဲ့သည့် ယခင်တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံသို့ ဂုဏ်ပြု အဆောင်အယောင်ဓားကို ဂါရဝပြု ပြန်လည်ပေးအပ်သည်။
ထို့နောက် မြန်မာ့တပ်မတော်၏ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် တာဝန်များကို လွှဲပြောင်း လက်ခံတာဝန် ထမ်းဆောင်သည့် ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် စည်သူရဲဝင်းဦးက မိန့်ခွန်း ပြောကြားရာတွင် လက်ရှိတပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန်ယူခဲ့သည့် ၁၅ နှစ်တာ ကာလအတွင်း ခေတ်မီတပ်မတော် (Standard Army) တည်ဆောက်ရေး လုပ်ငန်းစဉ်များကို စနစ်တကျ အကောင်အထည်ဖော် လုပ်ဆောင်ခဲ့ပါကြောင်း၊ မိမိအနေဖြင့်လည်း တပ်မတော်ကို သမားရိုးကျစစ် ဆင်နွှဲနိုင်သည့်၊ တိုက်စွမ်းရည်နှင့် တိုက်စွမ်းအားရှိသည့် ခေတ်မီ တပ်မတော် တစ်ရပ်အဖြစ် ရည်မှန်းချက်ထား ဖွဲ့စည်းတည်ဆောက်နိုင်ရေး ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။
တပ်မတော်အနေဖြင့် ခေတ်အဆက်ဆက်တွင် ဒို့တာဝန်အရေး (၃)ပါးကို အမျိုးသားရေးတာဝန် အဖြစ် ခံယူထားကြောင်း၊ နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွားဖြစ်သည့် ဒို့တာဝန်အရေး (၃) ပါးကို ဆက်လက်ထိန်းသိမ်းကာကွယ် စောင့်ရှောက်သွားမည် ဖြစ်ပါကြောင်း၊ နိုင်ငံတော်က အတည်ပြု ပြဋ္ဌာန်းထားသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ကို ကာကွယ်စောင့်ရှောက်သွားမည် ဖြစ်သကဲ့သို့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ “အခြေခံဥပဒေကို ကာကွယ် စောင့်ရှောက်ရန်၊ ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ကို ကာကွယ်စောင့်ရှောက်ရန်၊ စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို စောင့်ရှောက်ရန်” တာဝန်ပေးထားသည့်အတွက် ယခုတာဝန်များကို သစ္စာရှိရှိ ကျေပွန်စွာဖြင့် ဆက်လက်ကြိုးပမ်း ထမ်းဆောင်သွားမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှုနှင့်အတူ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူတစ်ရပ်လုံး၏ လိုလားချက်ဖြစ်သည့် ဒီမိုကရေစီလမ်းကြောင်းကို ဆက်လက်လျှောက်လှမ်းနိုင်ရေးအတွက် တာဝန်များကို ထမ်းဆောင်သွားမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော် အစိုးရ၏ ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်ရာတွင် အပြည့်အဝ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ချမှတ်ထားသည့် “လေ့လာ၊ လေ့ကျင့်၊ လိုက်နာ” ဆိုသည့် ဆောင်ပုဒ်အတိုင်း လိုက်နာကျင့်သုံး ပြီး တိုက်စွမ်းအားနှင့် တိုက်စွမ်းရည် ရှိသည့် တပ်မတော် ဖြစ်အောင် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ “ပြည်သူသာ အမိ၊ ပြည်သူသာအဖ” ဆိုသည့် မူဝါဒကို လိုက်နာပြီး တပ်နှင့်ပြည်သူ တစ်သားတည်းဖြစ်အောင် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ အရပ်ဘက်-စစ်ဘက် ဆက်ဆံရေး တိုးတက်ကောင်းမွန်စေရန် တပ်တွင်း၊ တပ်ပြင် စည်းရုံးရေးကို အကောင်းဆုံး အကောင်အထည် ဖော်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။
နိုင်ငံတော်နှင့် ခေါင်းဆောင်အဆက်ဆက်က အမြော်အမြင်ရှိရှိ ချမှတ်ထားခဲ့သော “မွန်မြတ်သည့် လက်ဆင့်ကမ်း အမွေကို ထိန်းသိမ်းပြီး တပ်မတော်နှင့် နိုင်ငံ့ဂုဏ်ကို ဆက်လက်မြှင့်တင်သွားကြရန်” ဆိုသည့် တိုက်တွန်းမှာကြားမှုကို အလေးအနက် လိုက်နာဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ တပ်မတော်၏ ကောင်းမြတ်သည့် သမိုင်းအစဉ်အလာများကို ဆက်လက်ထိန်းသိမ်းပြီး နိုင်ငံတော်က အားထားရသော တပ်မတော်၊ ပြည်သူလူထုက အားကိုးရသော တပ်မတော်ဖြစ်အောင် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်သည်ကို အလေးအနက်ထား ပြောကြားလိုပါကြောင်း။
မိမိတို့အနေဖြင့် တာဝန်ထမ်းဆောင်ခဲ့သည့် ကာလတစ်လျှောက်လုံးတွင် ပေးအပ်သည့် အမိန့်နှင့် တာဝန်များကို ဦးလည်မသုန် ကျေပွန်စွာကြိုးပမ်းထမ်းဆောင်ခဲ့ပါကြောင်း၊ ယခုကဲ့သို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အဖြစ် ယုံကြည်စွာ တာဝန်ပေးအပ်ခဲ့သည့် တပ်မတော်အကြီးအကဲများကို အထူးပင် ကျေးဇူးတင်ရှိပါကြောင်း၊ အထက်အကြီးအကဲများ၏ ယုံကြည်မှုနှင့် ထိုက်တန်စွာ နိုင်ငံတော် အကျိုး တပ်မတော် အကျိုးကို ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ ကြိုးပမ်း ထမ်းဆောင်သွားမည်ကို ကတိပြု အပ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တာဝန် လွှဲပြောင်းပေးအပ်ခဲ့သည့် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်နှင့် တာဝန်လက်ခံ ထမ်းဆောင်သူ ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် စည်သူ ရဲဝင်းဦးတို့သည် ဂုဏ်ပြုတပ်ခွဲ၏ အလေးပြုခြင်းကို ခံယူပြီး ဂုဏ်ပြုတပ်ခွဲက စစ်ကြောင်းပုံပြု ချီတက်အလေးပြု၍ ပြန်လည်ထွက်ခွာသည်။
ဆက်လက်၍ မြန်မာ့တပ်မတော် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ တာဝန်များကို လွှဲပြောင်း ပေးအပ်ခဲ့သည့် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ တာဝန်များကို လွှဲပြောင်းလက်ခံတာဝန် ထမ်းဆောင်သည့် ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် စည်သူရဲဝင်းဦးနှင့်ဇနီး ဒေါ်နီလာတို့သည် အခမ်းအနား တက်ရောက်လာကြသည့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော် အရာရှိကြီးများနှင့် ဇနီးများ၊ ဖိတ်ကြားထားသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။
ထို့နောက် မြန်မာ့တပ်မတော် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ တာဝန်များကို လွှဲပြောင်း ပေးအပ်ခဲ့သည့် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့သည် ကာကွယ်ရေးဦးစီးချုပ်ရုံး ရုံးဌာနအသီးသီးမှ ဂါရဝပြုပေးအပ်သည့် အမှတ်တရ လက်ဆောင်ပစ္စည်းများကို ကြည့်ရှုကြသည်။
ယင်းနောက် မြန်မာ့တပ်မတော် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ တာဝန်များကို လက်ဆင့်ကမ်း လွှဲပြောင်းပေးအပ်ခဲ့သည့် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့ လိုက်ပါလာသည့် မော်တော်ယာဉ်သည် ဇေယျာသီရိ ဗိမာန်မှ ပြန်လည်ထွက်ခွာရာ ဂုဏ်ပြုစစ်တီးဝိုင်း၏ ဂုဏ်ပြုတီးခတ်သီဆိုမှုနှင့်အတူ ဂုဏ်ပြုမြင်းစီးတပ်ဖွဲ့မှ လိုက်ပါချီတက်၍ စစ်ရေးပြအခမ်းအနားဖြင့် ပို့ဆောင်နှုတ်ဆက်ကြသည်။
ယနေ့ ကျင်းပပြုလုပ်သည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် မြန်မာ့တပ်မတော် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် တာဝန်လွှဲပြောင်းလက်ခံခြင်း ဂုဏ်ပြုစစ်ရေးပြ အခမ်းအနားသို့ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး သီရိပျံချီ မဟာသရေစည်သူ စိုးဝင်း နှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော် အရာရှိကြီးများနှင့်ဇနီးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


