ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံခြားရေးရာမူဝါဒကော်မတီ အစည်းအဝေးအမှတ်စဉ်(၁/၂၀၂၂) အစည်းအဝေးကျင်းပ

နေပြည်တော် မတ် ၁၁

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံခြားရေးရာမူဝါဒကော်မတီ အစည်း အဝေးအမှတ်စဉ် (၁/၂၀၂၂)အား ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ နိုင်ငံခြားရေးရာ မူဝါဒကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။

ဘက်မလိုက်အုပ်စုတွင်လည်း ပါဝင်ခဲ့

အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ ဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဦးသိန်းညွန့်၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးဝဏ္ဏမောင်လွင်၊ ဦးကိုကိုလှိုင်၊ ဒေါက်တာ သီတာဦး၊ ဦးခင်ရီ၊ ဦးမြင့်ကြိုင်၊ ဒုတိယ ဝန်ကြီးများဖြစ်ကြသည့် ဦးကျော်မျိုးထွဋ်၊ ဒေါ်သန်းသန်းလင်း၊ ဦးသန်းအောင် ကျော်နှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။

ဦးစွာ နိုင်ငံခြားရေးရာမူဝါဒကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က နိုင်ငံတကာဆက်ဆံရေးနှင့်ပတ်သက်၍ မိမိတို့နိုင်ငံသည် လွတ်လပ်သည့်နိုင်ငံ တစ်ခုဖြစ်ပြီး အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်ခုဖြစ်သောကြောင့် နိုင်ငံတကာဆက်ဆံရေးသည် အရေးကြီးကြောင်း၊ နိုင်ငံတော်၏ နိုင်ငံခြားရေးမူဝါဒများနှင့်ပတ်သက်၍ ဖွဲ့စည်းပုံအခြေခံ ဥပဒေ(၂၀၀၈ ခုနှစ်) ပုဒ်မ ၄၁ တွင် လွတ်လပ်ပြီးတက်ကြွသည့် နိုင်ငံခြားရေးမူဝါဒကိုကျင့်သုံးသည်၊ ကမ္ဘာ့ငြိမ်းချမ်း ရေးနှင့် နိုင်ငံအချင်းချင်းမိတ်ဝတ်မပျက် ပေါင်းဖက်ဆက်ဆံရေးကိုရှေးရှုသည်၊ နိုင်ငံ အချင်းချင်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူများကို စောင့်ထိန်းသည်ဟု ပါရှိပြီး ဖြစ်ပြီး အဆိုပါမူဝါဒအတိုင်း ရပ်တည်ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတကာ ဆက်ဆံရေးနှင့်ပတ်သက်၍ ယခင်က ကြားနေနိုင်ငံ အဖြစ်ရပ်တည်ခဲ့ပြီး လွတ်လပ်ပြီး တတ်ကြွသည့် နိုင်ငံခြားရေးမူဝါဒဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကာ ဘက်မလိုက် အုပ်စု တွင်လည်းပါဝင်ခဲ့ကြောင်း၊ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအနေဖြင့် နိုင်ငံတကာ ဆက်ဆံရေးတွင် အမြင့်ဆုံးပါဝင်ခဲ့သည်များရှိကြောင်း။

အဓိကတာဝန်ယူဆောင်ရွက်

ဒေသတွင်း နိုင်ငံတကာဆက်ဆံရေးအနေဖြင့် ၁၉၉၇ ခုနှစ်တွင် အာဆီယံ အဖွဲ့ဝင်နိုင်ငံအဖြစ် စတင် ရောက်ရှိခဲ့ကြောင်း၊ အိမ်နီးနားချင်း ၅ နိုင်ငံနှင့်လည်း နှစ်နိုင်ငံဆက်ဆံရေး ကောင်းမွန်သည်များလည်း ရှိကြောင်း၊ နယ်နိမိတ်ချင်းထိစပ် လျက်ရှိပြီးရွေးချယ်ခွင့်မရှိသည့် အိမ်နီးချင်းနိုင်ငံများဖြစ်ခြင်းကြောင့် နှစ်နိုင်ငံဆက်ဆံ ရေးကောင်းမွန်ရန်လိုအပ်ပြီး လိုက်လျောညီထွေဖြစ်အောင် ဆောင်ရွက်ရန်လိုအပ် ကြောင်း၊ ထိုသို့ဆက်ဆံဆောင်ရွက်ရာတွင်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) ပုဒ်မ ၄၁ တွင် ပြဋ္ဌာန်းထားသည့် နိုင်ငံတော်၏ နိုင်ငံခြားရေးအခြေခံမူများအတိုင်း အကောင်းဆုံးဖြစ်အောင် ဆက်ဆံဆောင်ရွက်လျက်ရှိကြောင်း၊ ကုလသမဂ္ဂတွင် မြန်မာကိုယ်စားလှယ်အဖွဲ့ရုံးရှိသကဲ့သို့ နိုင်ငံတကာတွင်လည်း သံအမတ်ကြီးများ ခန့်အပ်၍ ဆောင်ရွက်လျက်ရှိပြီး နိုင်ငံခြားရေးဝန်ကြီးဌာနမှ နိုင်ငံတကာ ဆက်ဆံရေး နှင့်ပတ်သက်၍ အဓိကတာဝန်ယူ ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ဆောင်ရွက်ချက်များသည် မိမိတို့နိုင်ငံ၏ နိုင်ငံတကာဆက်ဆံရေးနယ်ပယ်တွင် များစွာ သက်ရောက်မှုရှိသဖြင့် နိုင်ငံတကာဆက်ဆံရေးနှင့် ပတ်သက်၍ အလေးထား ဆောင်ရွက်ကြရန် လိုကြောင်း။

အားလုံးဝိုင်းဝန်းကြိုးပမ်း

မိမိတို့နိုင်ငံကို အပြည်ပြည်ဆိုင်ရာတရားရုံတွင် ဂမ်ဘီယာနိုင်ငံ၏  တရားစွဲဆိုမှု နှင့်ပတ်သက်၍လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့်ပတ်သက်သည့် အိမ်နီးနားချင်းနိုင်ငံ ဆက်ဆံရေးမှစတင်ခဲ့ခြင်းဖြစ်ကြောင်း၊ ကိုလိုနီခေတ်တွင် စတင်ခဲ့သည့်ပြဿနာ တစ်ရပ်ဖြစ်ပြီး အဆိုပါလူဝင်မှုပြဿနာများမှ ယခုအခါ အဆိုပါတရားစွဲဆိုမှုပြဿနာအထိ ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း၊ ယခုတရားစွဲဆိုသည့် ဂမ်ဘီယာ နိုင်ငံအနေဖြင့်လည်း မိမိတို့နိုင်ငံနှင့် တိုက်ရိုက်ထိတွေ့သည့် နိုင်ငံတစ်ခုမဟုတ်ဘဲ ကိုယ်စားလှယ် အနေဖြင့် ဝင်ရောက်ဆောင်ရွက်ခဲ့သည်ကို တွေ့ရှိရကြောင်း၊ အဆိုပါတရားစွဲဆို မှုနှင့် ပတ်သက်၍ ဥပဒေပိုင်းဆိုင်ရာများတွင် ခိုင်ခိုင်မာမာဖြင့် ဆောင်ရွက်နိုင်ရန် တာဝန်ရှိ သူများအားလုံး ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း၊ မမှန်ကန်သည့် စွပ်စွဲချက်များဖြင့် မိမိတို့နိုင်ငံ၏ဂုဏ်သိက္ခာကျဆင်း စေရန်နှင့် တပ်မတော်ကိုထိခိုက်အောင် ကြိုးပမ်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ တပ်မတော်သည် နိုင်ငံတော်ကိုကာကွယ်ရန်၊ ပြည်သူ များ၏ အသက်၊ အိုးအိမ်၊ စည်းစိမ်ကို ကာကွယ်ရန်ဖြစ်ကြောင်း၊ ၁၉၄၈ ခုနှစ် မတိုင်မီက ဖြစ်စဉ်များတွင် မိမိတို့နိုင်ငံသည် လွတ်လပ်ရေးမရရှိသေးဘဲ အုပ်ချုပ်ခံ လူတန်းစားအနေဖြင့်သာရှိခဲ့သဖြင့် အဆိုပါအချိန်က အုပ်ချုပ်သူများ၏ အလိုကျ ဆောင်ရွက် ခဲ့မှုများကြောင့် ပြည်သူလူထုနှင့် တိုင်းပြည်က နစ်နာခဲ့ရကြောင်း၊ အလားတူ လွတ်လပ်ရေး ရပြီးစတွင်လည်း အင်အားနည်းသည့် နိုင်ငံကို အင်အားကြီးမားသည့် နိုင်ငံများက မျိုးစုံခြိမ်းခြောက် ဖိအားပေးခဲ့သည်များလည်း ရှိခဲ့ကြောင်း၊   ထို့ကြောင့် မိမိတို့နိုင်ငံအင်အားရှိရန်အတွက် အားလုံးဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်လျက်ရှိ ကြောင်း၊ ယခုကဲ့သို့ အပြည်ပြည်ဆိုင်ရာတရားရုံးတွင် သွားရောက်ရင်ဆိုင်ချိန်တွင်လည်း အင်အားကိုရအောင်တည်ဆောက်၍ ဆောင်ရွက်ခဲ့ရကြောင်း၊ အပြည်ပြည် ဆိုင်ရာတရားရုံးတွင် မြန်မာနိုင်ငံကို ကိုယ်စားပြု၍ ပြန်လည်ရှင်းလင်းပြောဆိုမှုများ သည် နိုင်ငံအတွက်အားများစွာ ဖြစ်စေသည်ကိုတွေ့ရှိရကြောင်း၊ ထို့ကြောင့်တာဝန်ရှိသူ များကိုလည်း ချီးကျူးဂုဏ်ပြုပါကြောင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန၏ လုပ်ဆောင်မှု သည် နိုင်ငံတကာဆက်ဆံရေး၏ ပင်မအလုပ်ဖြစ်သဖြင့် လုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်နိုင်ခြင်းဖြင့် မိမိတို့၏ အမျိုးသား နိုင်ငံရေး ဦးဆောင်မှုအခန်း ကဏ္ဍသည် ပိုမိုခိုင်မာ မှုရှိစေမည်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၌ မြန်မာနိုင်ငံက တင်သွင်းခဲ့သော ကနဦးကန့်ကွက်လွှာဆိုင်ရာ ကြားနာပွဲသို့ တက် ရောက်ခဲ့သည့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးကိုကိုလှိုင်နှင့် ဥပဒေရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စု ရှေ့နေချုပ် ဒေါက်တာ သီတာဦးတို့က အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) တွင် ဥပဒေကြောင်းအရ တင်ပြလျှောက်လဲခဲ့ခြင်းနှင့်စပ်လျဉ်း၍ အသေးစိတ် ရှင်းလင်းတင်ပြကြပြီး ကောင်စီအဖွဲ့ဝင် ဦးသိန်းညွန့်က ဖြည့်စွက်ဆွေးနွေးသည်။

ယင်းနောက် ကော်မတီအတွင်းရေးမှူး နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝဏ္ဏမောင်လွင်က နိုင်ငံခြားရေးရာမူဝါဒပိုင်းဆိုင်ရာ ဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့် အဆုံး အဖြတ်ပေးရန်ကိစ္စရပ်များကိုရှင်းလင်းတင်ပြသည်။

အမှာစာများကို အသီးသီးရှင်းလင်းတင်ပြ

ထို့နောက် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနပြည်ထောင်စု ဝန်ကြီး ဦးကိုကိုလှိုင်နှင့် ကော်မတီတွဲဖက်အတွင်းရေးမှူးတို့က အမှာစာများကို အသီးသီး ရှင်းလင်း တင်ပြကြပြီး နိုင်ငံခြာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ရုရှား-ယူကရိန်း ပဋိပက္ခနှင့်ပတ်သက်၍ သုံးသပ်ဆွေးနွေးတင်ပြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ်က နိဂုံးချုပ် အမှာစကား ပြောကြားရာတွင် မိမိတို့နိုင်ငံအတွက် International Law နှင့် ပတ်သက်၍ လူသားအရင်းအမြစ်များ မွေးထုတ်ပေးရန်လိုအပ်မှု၊ ဂမ်ဘီယာ ကိစ္စနှင့် ပတ်သက်၍ အပြည်ပြည်ဆိုင်ရာတရားရုံးမှမည်ကဲ့သို့ ဆုံးဖြတ်သည်ဖြစ်စေ မိမိတို့ အနေဖြင့် ကြိုတင်ပြင်ဆင်အရေးယူဆောင်ရွက်ရန်လိုအပ်မှု၊ နိုင်ငံတကာ ကိစ္စရပ်များတွင် မိမိတို့၏ နိုင်ငံခြားရေးမူဝါဒအတိုင်း ကျင့်သုံးဆောင်ရွက်သွားမည့် အခြေ အနေများနှင့် အခြားလိုအပ်သည်များကို ဆွေးနွေးမှာကြားခဲ့ကြောင်းသတင်းရရှိသည်။

သတင်းစဉ်