mdn

အိန္ဒိယသမ္မတနိုင်ငံ၊ သမ္မတ ရှရီ ရမ် နက်သ် ကိုဗင့်ဒ် နှင့် ဇနီး ရှရီမတီ ဆာဗီးတာ ကိုဗင့်ဒ် တို့၏ ဖိတ်ကြားချက် အရ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော် သမ္မတဦးဝင်းမြင့်နှင့် ဇနီးဒေါ်ချိုချိုတို့သည် အိန္ဒိယနိုင်ငံသို့ ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်မှ ၂၉ ရက်အထိ ချစ်ကြည်ရေးခရီးသွားရောက်ခဲ့သည်။ မြန်မာကိုယ်စား လှယ်အဖွဲ့တွင် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက် ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး သူရဦးအောင်ကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့် နိုင်ငံတော်သမ္မတရုံး၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဌာနတို့မှ အဆင့်မြင့်အရာရှိကြီးများ ပါဝင်သည်။

 

နိုင်ငံတော်သမ္မတနှင့် ကိုယ်စားလှယ်အဖွဲ့သည် နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ အထူး လေယာဉ်ဖြင့် ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်တွင် ထွက်ခွာခဲ့ပြီး နယူးဒေလီမြို့ Palam လေတပ်စခန်းသို့ ဒေသစံတော်ချိန် ၁၃၅၀ နာရီတွင် ရောက်ရှိခဲ့ပါသည်။ မြန်မာကိုယ်စားလှယ်အဖွဲ့အား အိန္ဒိယနိုင်ငံ စားသောက် ကုန်ပစ္စည်းများ ထုတ်လုပ်မှုလုပ်ငန်းဝန်ကြီးဌာန ဒုတိယ ဝန်ကြီး Shri Rameshwar Teli၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး Shri Saurabh Kumar၊ အိန္ဒိယ နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင်နှင့် ဇနီး၊ မြန်မာစစ်သံမှူး ဗိုလ်မှူးချုပ်သိန်းဇော်၊ အိန္ဒိယ ပြည်ပရေးရာဝန်ကြီးဌာနမှ အရာရှိများ၊ မြန်မာသံတမန် အရာရှိများနှင့် ၎င်းတို့၏မိသားစုများမှ လေတပ်စခန်းတွင် ကြိုဆိုခဲ့ကြသည်။

 

mdn

 

၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက် နံနက်ပိုင်းတွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီးဒေါ်ချိုချိုတို့အား အိန္ဒိယနိုင်ငံ သမ္မတ ရှရီရမ် နက်သ် ကိုဗင့်ဒ်က နယူးဒေလီ မြို့ရှိ ရပ်စ်ထရာပတိဘာဝန်အိမ်တော်၌ တရားဝင် အခမ်းအနားဖြင့် ကြိုဆိုခဲ့သည်။ နိုင်ငံတော်သမ္မတနှင့် ကိုယ်စားလှယ်အဖွဲ့သည် မွန်းလွဲပိုင်းတွင် အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် ရှရီ နာရမ်ဒရာ မိုဒီမှဟိုက်ဒြာဘတ်အိမ်တော်၌ တည်ခင်းဧည့်ခံသည့် နေ့လယ်စာစားပွဲသို့ လည်းကောင်း၊ ညပိုင်းတွင် အိန္ဒိယနိုင်ငံ သမ္မတ ရှရီ ရမ် နက်သ် ကိုဗင့်ဒ်မှ ရပ်စ်ထရာပတိဘာဝန်အိမ်တော်၌ တည်ခင်းဧည့်ခံသည့်  ဂုဏ်ပြုညစာစားပွဲသို့လည်းကောင်း တက်ရောက်ခဲ့သည်။ ညစာစားပွဲတွင် နှစ်နိုင်ငံသမ္မတ များက အပြန်အလှန် ဆုတောင်းမိန့်ခွန်းများ ပြောကြားခဲ့သည်။

 

ယင်းနေ့ နေ့လယ်ပိုင်းတွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် အိန္ဒိယဝန်ကြီးချုပ်ရှရီ နာရန်ဒရာ မိုဒီနှင့် ဟိုက်ဒြာဘတ်အိမ်တော်တွင်လည်းကောင်း၊ ညပိုင်းတွင် အိန္ဒိယနိုင်ငံ သမ္မတ ရှရီ ရမ် နက်သ် ကိုဗင့်ဒ်နှင့် ရပ်စ်ထရာပတိဘာဝန်အိမ်တော်တွင် လည်းကောင်း တွေ့ဆုံဆွေးနွေးခဲ့သည်။

 

ယင်းတွေ့ဆုံပွဲများတွင် နှစ်နိုင်ငံခေါင်းဆောင်များသည် နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးကို ပိုမိုတိုးတက်ခိုင်မာစေရေး၊ ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု ပေါင်းစည်းဆက်နွယ်မှု စွမ်းအင်၊ စိုက်ပျိုးရေး၊ အခြေခံအဆောက်အဦဖွံ့ဖြိုးတိုးတက်ရေး၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးအပါအဝင် ကဏ္ဍစုံ အကျိုးတူပူးပေါင်းဆောင်ရွက်မှု ဆက်လက်မြင့်တင်သွားရေး၊ လက်ရှိဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများအား အောင်မြင်စွာအကောင်အထည်ဖော်သွားရေး၊ ရခိုင်ပြည်နယ်တွင် လူမှု-စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အိန္ဒိယ နိုင်ငံမှ ဆက်လက်ကူညီပံ့ပိုးသွားရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမို ကရေစီဖော်ဆောင်ရေးနှင့် ရခိုင်ကိစ္စဖြေရှင်းရေးတို့ အတွက် မြန်မာနိုင်ငံ၏ ကြိုးပမ်းအားထုတ်နေမှုများကို အိန္ဒိယနိုင်ငံက ဆက်လက်ထောက်ခံကူညီသွားရေး၊ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းနှင့် ဒေသဆိုင်ရာအဖွဲ့အစည်းများတွင် နီးကပ်စွာ ဆက်လက် ပူးပေါင်းဆောင်ရွက်သွားရေးဆိုင်ရာ ကိစ္စရပ်များအပေါ် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့သည်။ မြန်မာနိုင်ငံမှ ပဲစင်းငုံ၊ မတ်ပဲနှင့် ပဲတီစိမ်းတို့အား အိန္ဒိယ နိုင်ငံက မက်ထရစ် တန်ချိန် (၄) သိန်းအထိ တိုးမြှင့်ဝယ်ယူ သွားရန် နိုင်ငံတော်သမ္မတက မေတ္တာရပ်ခံမှုအပေါ် အိန္ဒိယဝန်ကြီးချုပ်မှ အလေးအနက်ထား စဉ်းစားပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ထို့ပြင် မြန်မာ လူငယ်များ၏ အင်္ဂလိပ်စာအရည်အချင်း ပိုမိုတိုးတက် စေရေးအတွက် အွန်လိုင်းသင်တန်းများ ဖွင့်လှစ်ပို့ချ ပေးရန်နှင့် မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲများအတွက် နည်းပညာအကူအညီများ ထောက်ပံ့သွားရန် အိန္ဒိယဘက် မှ ကမ်းလှမ်းခဲ့သည်။ နိုင်ငံတော်သမ္မတသည် ယင်းနေ့ နံနက်ပိုင်းတွင် Taj Palace ဟိုတယ်၌ အိန္ဒိယပြည်ပရေး ဝန်ကြီး ဒေါက်တာ အက်စ်ဂျိုင်ရှန်ကာအား လက်ခံတွေ့ဆုံပြီး နှစ်နိုင်ငံချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက် မှုများ တိုးမြှင့်ရေးအတွက် ဆွေးနွေးခဲ့သည်။

 

၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ၂၉ ရက် ညနေပိုင်းတွင် နိုင်ငံတော်သမ္မတနှင့် ကိုယ်စားလှယ်အဖွဲ့သည် အထူး လေယာဉ်ဖြင့် အဂရာမြို့မှ နေပြည်တော်သို့ ပြန်လည် ထွက်ခွာခဲ့ရာ နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဒေသစံတော်ချိန် ညနေ ၇ နာရီ ၁၅ မိနစ်တွင် ပြန်လည် ရောက်ရှိခဲ့သည်။

 

 

ခရီးစဉ်အတွင်းနိုင်ငံတော်သမ္မတနှင့် ကိုယ်စားလှယ် အဖွဲ့သည် နယူးဒေလီမြို့ရှိ အက်ခ်ရှာဒါမ်ဟိန္ဒူ ဘုရား ကျောင်းနှင့် မဟတ္တမဂန္ဒီဗိမာန်၊ အဂရာမြို့ရှိ တော့ရ်မဟာ၊ ဗုဒ္ဓဂါယာရှိ မဟာဗောဓိစေတီ၊ သတ္တသတ္တာဟ (၇)ဌာနနှင့် ဗောဓိညောင်ပင် ဂါယာမြို့ရှိ မင်းတုန်းမင်းကျောက်စာနှင့် ရှေးဟောင်းသုတေသနပြတိုက် အပါအဝင် အိန္ဒိယနိုင်ငံရှိ သမိုင်း၊ ယဉ်ကျေးမှုနှင့် ဘာသာရေးဆိုင်ရာ အထင်ကရ နေရာများသို့ သွားရောက်လည်ပတ်ခဲ့သည်။ ထို့ပြင် နယူးဒေလီမြို့ရှိ အိန္ဒိယအိမ်တွင်းလက်မှုပစ္စည်း ဗဟို ပြခန်းနှင့် အဂရာမြို့ရှိ ကာလကရိတီ ရွှေချည်ထိုးနှင့်ကျောက်ထွင်းကျောက်စီ အလုပ်ရုံပြခန်းတို့သို့လည်း သွားရောက်လေ့လာခဲ့သည်။

 

နိုင်ငံတော်သမ္မတ၏ အိန္ဒိယနိုင်ငံချစ်ကြည်ရေးခရီးစဉ်အတွင်း နှစ်နိုင်ငံအကြား နားလည်မှုစာချွန်လွှာနှင့် သဘောတူညီချက် (၁၀)ခုအား လက်မှတ်ရေးထိုးနိုင် ခဲ့သည်။ လက်မှတ်ရေးထိုးခဲ့သည့် နားလည်မှုစာချွန်လွှာ များနှင့် သဘောတူညီချက်များမှာ တရားမဝင်သစ် ကူးသန်းရောင်းဝယ်မှုတိုက်ဖျက်ရေး၊ ကျားနှင့် အခြား တောရိုင်းတိရစ္ဆာန်များ ထိန်းသိမ်းရေးတို့တွင် ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ၊ မြန်ဆန် စွာအကျိုးဖြစ်ထွန်းစေမည့်စီမံချက်များအကောင်အထည် ဖော်ဆောင်ရန် အိန္ဒိယနိုင်ငံမှ အကူအညီပေးရေးဆိုင်ရာ သဘောတူညီချက်၊ ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်အောက်တွင် မြောက်ဦးမြို့နယ်ရှိ ဆေးရုံတွင် စွန့်ပစ်ပစ္စည်းမှ စွမ်းအင်ပြန်လည် ထုတ်ယူနိုင်သောစက်ရုံ တည်ဆောက်ရေးနှင့် မြို့နယ်တွင် မျိုးစေ့သိုလှောင်ရုံ များနှင့် ရေပေးဝေရေးစနစ် တည်ဆောက်ရေးဆိုင်ရာ စီမံကိန်း သဘောတူညီချက်၊ ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက် ရေးအစီအစဉ်အောက်တွင် ရခိုင်ပြည်နယ်ရှိ မြို့နယ်ငါးမြို့နယ်၌ နေရောင်ခြည်စွမ်းအင်မှ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးဆိုင်ရာစီမံကိန်း သဘောတူညီချက်၊ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်အောက်တွင် ဘူးသီးတောင်မြို့နယ်၌ ကျွဲရိုင်း-အိုးဖြူ ကျေးရွာသွား  လမ်းခင်းခြင်းနှင့် ကျောင်းတောင်-ကျွန်းပေါက် ကျေးရွာ  ချင်းဆက်လမ်းအား ကျောက်ချောလမ်းခင်းခြင်းဆိုင်ရာ  စီမံကိန်းသဘောတူညီချက်၊ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက် ရေးအစီအစဉ်အောက်တွင် မူလတန်းကြိုကျောင်းများ ဆောက်လုပ်ရေးဆိုင်ရာ စီမံကိန်း သဘောတူညီချက်၊  ကျန်းမာရေးသုတေသနနယ်ပယ်တွင် မြန်မာဆေးသုတေသနဦးစီးဌာနနှင့် အိန္ဒိယကျန်းမာရေးသုတေသနကောင်စီတို့အကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နလည်မှုစာချွန်လွှာ၊ ဆက်သွယ်ရေးကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ၊ ရေနံထွက် ပစ္စည်းများကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာနှင့် လူကုန်ကူးခြင်းမှ ကြိုတင်ကာကွယ်ရေး၊ လူကုန်ကူး ခံရသူများအား ကယ်တင်ရေး၊ ပြန်လည်ထူထောင်ရေး၊ ပြန်လည်လွှဲပြောင်းရေးနှင့် ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေး အတွက် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာတို့ ဖြစ်ကြသည်။

 

နိုင်ငံတော်သမ္မတ၏ အိန္ဒိယနိုင်ငံခရီးစဉ်အတွင်း နှစ်နိုင်ငံပူးတွဲကြေညာချက်ကို ထုတ်ပြန်ခဲ့သည်။ ပူးတွဲ ကြေညာ ချက်တွင် နှစ်ဖက်စလုံးက ရှိရင်းစွဲနှစ်နိုင်ငံ ဆက်ဆံရေး ပိုမိုတိုးတက်လာစေရန်၊ ကဏ္ဍစုံနှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှုတိုးမြှင့်ရန်၊ နှစ်နိုင်ငံကုန်သွယ်ရေးနှင့် စီးပွားရေးဆက်သွယ်မှုများ တိုးမြှင့်ရန်၊ ဒေသဆိုင်ရာနှင့် နိုင်ငံတကာမျက်နှာစာတို့တွင် အကျိုးတူကိစ္စရပ်များ၌ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်နှင့် မြန်မာနိုင်ငံ၏ “လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သည့် နိုင်ငံ ခြားရေးမူဝါဒ” နှင့် အိန္ဒိယနိုင်ငံ၏ “အရှေ့နှင့် ထိတွေ့ ဆက်ဆံရေးမူဝါဒ” နှင့် “အိမ်နီးချင်းဦးစားပေးမူဝါဒ" တို့၏ အပြန်အလှန်အကျိုးပြုလျက်ရှိမှုအပေါ် အခြေခံ၍ ပူးပေါင်းဆောင်ရွက်ရေးနယ်ပယ်သစ်များကို ရှာဖွေဖော်ထုတ်သွားကြရန် သဘောတူညီခဲ့သည်။ မြန်မာအစိုးရ ၏ အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေး၊ ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်နှင့် မြန်မာနိုင်ငံနှင့် ရခိုင်ပြည်နယ်တွင် လူမှု စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်အတွက် ကြိုးပမ်းမှုများကို အိန္ဒိယဘက်မှ ဆက်လက်ထောက်ခံရန် ထပ်လောင်း အတည်ပြုခဲ့သည်။

 

နှစ်ဖက်စလုံးက အိန္ဒိယအစိုးရအကူအညီဖြင့် တမူးမြို့တွင် အဆင့်မီဘက်ပေါင်းစုံစစ်ဆေးရေးဂိတ်အား (ပထမအဆင့်) တည်ဆောက်ရေးစီမံကိန်းအား ဆောလျင်စွာ စတင်နိုင်ရေးအတွက် သဘောတူညီခဲ့သည်။ အင်ဖာနှင့် မန္တလေးအကြား ၂၀၂၀ ပြည့်နှစ် ဧပြီလ ၇ ရက်မှ စတင်၍ ဘတ်စ်ကားလိုင်းပြေးဆွဲမည့် အပေါ်နှစ်ဖက်လုံးက ကြိုဆိုခဲ့ကြသည်။ နှစ်ဖက်စလုံးသည် ကျန်းမာရေး စောင့်ရှောက်မှုကဏ္ဍတွင် ဆက်လက်၍ နီးကပ်စွာပူးပေါင်း ဆောင်ရွက်သွားရန် သဘောတူညီခဲ့ကြသည်။ မြန်မာနိုင်ငံမှ ကင်ဆာရောဂါဝေဒနာရှင် များအတွက် "Bhabhatron-2” ခေါ် ဆေးဘက်ဆိုင်ရာ ဓာတ်ရောင်ခြည် ကုထုံးစက်ကိရိယာပံ့ပိုးပေးရန် အိန္ဒိယနိုင်ငံ၏ ကမ်းလှမ်းမှုအတွက် ကျေးဇူးတင်ရှိသည်။

 

မြန်မာနိုင်ငံ၏ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးအတွက်  ကဏ္ဍပေါင်းစုံတွင် အိန္ဒိယနိုင်ငံကနှစ်နိုင်ငံစီမံကိန်းများနှင့် အထောက်အပံ့ရန်ပုံငွေများဖြင့် ကူညီနေမှုကို မြန်မာ ဘက်မှ အထူးတန်ဖိုးထားကြောင်း ဖော်ပြခဲ့သည်။

 

နှစ်ဖက်စလုံးက ဘုံအကျိုးတူဒေသဆိုင်ရာနှင့် ကမ္ဘာလုံး ဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပြီး ဒေသဆိုင်ရာနှင့် နိုင်ငံတကာမျက်နှာစာ တို့တွင် မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အကြား နီးကပ်စွာ ပူးပေါင်းဆောင်ရွက်နေမှုကိုဆက်လက်ထိန်းသိမ်းသွားရန် သဘောတူညီခဲ့ကြသည်။

 

မြန်မာနိုင်ငံတော်သမ္မတ၏ အိန္ဒိယနိုင်ငံသို့ ချစ်ကြည် ရေးခရီးစဉ်သည် နှစ်နိုင်ငံအကြား ရှိရင်းစွဲ ချစ်ခင်ရင်းနှီး သည့် ဆက်ဆံရေးနှင့် ကာလကြာရှည်စွာ တည်ရှိနေသည့် အစဉ်အလာဖြစ်သော မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံ ခေါင်းဆောင်များအကြား အဆင့်မြင့်ထိတွေ့ဆက်ဆံမှုကို  ပိုမိုတိုးတက်စေခဲ့သည်။ ယခုခရီးစဉ်သည် နှစ်နိုင်ငံ အကြား အပြန်အလှန်နားလည်မှုနှင့် ယုံကြည်မှုတို့ကိုလည်း ပိုမိုမြင့်မားစေခဲ့သည်။ ခရီးစဉ်အတွင်း လက်မှတ် ရေးထိုးလဲလှယ်ခဲ့သည့် နားလည်မှုစာချွန်လွှာနှင့် သဘောတူညီချက် (၁၀)ခုသည် အပြန်အလှန်အကျိုးပြုမှုများကို အားသစ်လောင်းပေးပြီး နှစ်နိုင်ငံနှင့် ပြည်သူများ၏ အကျိုးစီးပွားများ ဖြစ်ထွန်းစေရန်အတွက် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးကို ပိုမိုကျယ်ပြန့်လာစေမည်ဖြစ်ပါသည်။ ထို့ကြောင့် နိုင်ငံတော်သမ္မတ၏ အိန္ဒိယနိုင်ငံ ချစ်ကြည်ရေးခရီးစဉ်သည် နှစ်နိုင်ငံဆက်ဆံရေးသမိုင်းတွင် အရေးပါသည့် မှတ်တိုင်တစ်ရပ်ဖြစ်ပြီး နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများ အရှိန်အဟုန်မြှင့်စေရန်အတွက် တွန်းအား တစ်ရပ်ဖြစ်သည်။

 

နိုင်ငံခြားရေးဝန်ကြီးဌာန

နေပြည်တော်

ရက်စွဲ၊ ၂ဝ၂ဝ ပြည့်နှစ်၊ မတ်လ ၁ ရက်။