(၂၀၂၄ ခုနှစ်၊ မေလ ၁ ရက်)

 

ချစ်ကြည်လေးစားအပ်ပါသော အလုပ်သမားကြီးများခင်ဗျား

ယနေ့မေလ(၁)ရက်နေ့သည် ကမ္ဘာတစ်ဝန်းလုံးရှိ အလုပ်သမားကြီးများကို ဂုဏ်ပြုသည့် အဓိပ္ပာယ်ပြည့်ဝသော အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ နေ့ထူးနေ့မြတ်ဖြစ်ပါသည်။ နိုင်ငံအတွက် မရှိမဖြစ် အရေးပါသော အဓိကအင်အားစုတစ်ရပ်ဖြစ်သည့် အလုပ်သမားကြီး များအားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာရွှင်လန်းကြပြီး ကောင်းကျိုးမင်္ဂလာအဖြာဖြာတို့နှင့်  ပြီးပြည့်စုံကြပါစေကြောင်း   ဆုမွန်ကောင်း တောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါသည်။

 

အပြည်ပြည်ဆိုင်ရာ  အလုပ်သမားနေ့ကို   ကမ္ဘာ့နိုင်ငံများတွင် ကမ္ဘာ့အလုပ်သမားများကို လုပ်အား တန်ဖိုးမြှင့်တင်ပေးသောနေ့၊ အလုပ်သတ်မှတ်ချိန်ကို မှန်ကန်သင့်လျော်စွာခံစားရသောနေ့၊ ကမ္ဘာ့ အလုပ်သမားလှုပ်ရှားမှုသမိုင်းတွင် မှတ်ကျောက်တင်နိုင်သည့် နေ့ထူးနေ့မြတ်အဖြစ် နှစ်စဉ်ဂုဏ်ပြု ကျင်းပကြခြင်း ဖြစ်ပါသည်။

 

နိုင်ငံတော်အစိုးရအနေဖြင့် ကုန်ထုတ်လုပ်မှုတိုးတက်ပြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရေးကို အလေးထား အားပေးမြှင့်တင်ပေးလျက်ရှိပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် ကာယ၊ ဉာဏ စွမ်းအားဖြင့် စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးကို အထောက်အကူပြုလျက်ရှိသည့် နိုင်ငံတော်၏အရေးပါသည့် အင်အားစုကြီးဖြစ်သော အလုပ်သမားကြီးများအား အသိအမှတ်ပြု ဂုဏ်ပြုသည့်အနေဖြင့် ယနေ့ကျရောက်သည့် အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့တွင်   ဤသဝဏ်လွှာကို ဂုဏ်ယူဝမ်းမြောက်စွာ ပေးပို့အပ်ပါသည်။

 

ချစ်ကြည်လေးစားအပ်ပါသော အလုပ်သမားကြီးများခင်ဗျား-

အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများဖြစ်သည့် MSME လုပ်ငန်းများကို အားပေးမြှင့်တင်ခြင်းဖြင့် နိုင်ငံ့စီးပွားရေးကို ဖွံ့ဖြိုးတိုးတက်လာစေပြီး နိုင်ငံသားများအတွက် အလုပ် အကိုင်အခွင့်အလမ်းများ မြှင့်တင်ပေးနိုင်သည့်အပြင် လူမှုစီးပွားဘဝများလည်း ဖွံ့ဖြိုးတိုးတက် လာမည်ဖြစ်ပါသည်။

 

MSME လုပ်ငန်းများအတွက် အဓိကလိုအပ်သည့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရန်နှင့်   သက်ဆိုင်ရာလုပ်ငန်းအလိုက် ကျွမ်းကျင်လုပ်သားများရရှိရန်  လိုအပ်ပါသည်။   ထို့ကြောင့်လည်း နိုင်ငံတွင်း၌သာမက ပြည်ပနိုင်ငံများနှင့်ပါ  ယှဉ်ပြိုင်နိုင်စွမ်းရှိသော ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင်ရေးအတွက် ကျွမ်းကျင်မှု လေ့ကျင့်ရေးသင်တန်းကျောင်းများ တည်ထောင်၍  ကျွမ်းကျင်မှုသင်တန်းများ  ဖွင့်လှစ်ပို့ချခြင်း၊   ပုဂ္ဂလိက သင်တန်းကျောင်းများ တည်ထောင်နိုင်ရေး အားပေးကူညီခြင်း၊ ကျွမ်းကျင်မှုအဆင့်အလိုက် ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ်များ   ထုတ်ပေးခြင်း၊   Skill Labour    များရရှိရန်ပညာရေးကို အားပေးမြှင့်တင်ခြင်းများ   ဆောင်ရွက်ပေး လျက်ရှိပါသည်။

 

လုပ်သားအင်အားကိုအခြေပြုသည့် အထည်ချုပ်လုပ်ငန်းများသည် နိုင်ငံသားများအား  အလုပ်အကိုင်အခွင့်အလမ်းများ ရှာဖွေပေးနိုင်ခြင်း၊  နိုင်ငံတော်အတွက်    နိုင်ငံခြားငွေရှာဖွေပေး နိုင်ခြင်း၊ ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင်ခြင်း စသည့်အကျိုးကျေးဇူးများကို ဖြည့်စွမ်းပေးနိုင်သည့် လုပ်ငန်းတစ်ခုဖြစ်ပါသည်။ ထို့ကြောင့် အထည်ချုပ်လုပ်ငန်းကဏ္ဍများ အောင်မြင်စေရန်၊ ပို့ကုန်ကဏ္ဍ မြှင့်တင်နိုင်ရန်နှင့်  နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံတော်အနေ ဖြင့်   မြန်မာနိုင်ငံ    အထည်ချုပ်လုပ်ငန်းရှင်များအသင်းအပါအဝင်  မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိပါသည်။

 

မြန်မာနိုင်ငံတွင် သဘာဝကပေးထားသည့် အခွင့်အလမ်းကောင်းများစွာ ရှိပြီးဖြစ်သည့်အတွက်     ယင်းအခွင့်အလမ်းကောင်းများကို ထိရောက်အကျိုးရှိစွာအသုံးချ၍ ပြည်တွင်းစီးပွားရေးနှင့် ပြည်တွင်း ကုန်ထုတ်လုပ်မှုတိုးတက်ရေး၊   ပြည်ပမှ  ကုန်ပစ္စည်းများ ဝယ်ယူ တင်သွင်းသည့် နိုင်ငံအဖြစ်မှ ပြည်ပသို့ ပို့ကုန်တင်ပို့သည့်နိုင်ငံဖြစ်လာရေး ကြိုးစားဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် အလုပ်သမားအင်အားစု၏ စွမ်းဆောင်မှုသည်အဓိကဖြစ်ရာ နိုင်ငံ တော်နှင့် ပြည်သူလူထုအကျိုးစီးပွားအတွက် အလုပ်သမားကြီးများက ကိုယ်အား၊ ဉာဏ်အားရှိသရွေ့ အစွမ်းကုန်အားထုတ်ကြိုးပမ်းဆောင် ရွက်လျက်ရှိကြောင်း အားရဖွယ်ရာ တွေ့ရှိရပါသည်။

 

ပြည်တွင်းထုတ်ကုန်တိုးမြှင့်ရေးနှင့် အလုပ်သမားရေးရာကိစ္စရပ် များဖြေရှင်းဆောင်ရွက်ရာတွင် အလုပ်ရှင်နှင့် အလုပ်သမားတို့အကြား အပြန်အလှန်အသိအမှတ်ပြုမှုနှင့် သဟဇာတဖြစ်မှုတို့ လိုအပ်ပါသည်။ ထိုသို့ညှိနှိုင်းဆောင်ရွက်နိုင်ရန် ၂၀၁၁ ခုနှစ်၊ အလုပ်သမားအဖွဲ့အစည်း ဥပဒေနှင့်အညီ  အလုပ်သမားအဖွဲ့အစည်း  ၃၀၁၇  ဖွဲ့နှင့် အလုပ်ရှင် အဖွဲ့အစည်း ၂၈ ဖွဲ့တို့ကို အလုပ်ရှင်၊ အလုပ်သမားအဖွဲ့အစည်းအဖြစ် အသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးထားပြီး ဖြစ်ပါသည်။ ယင်းအဖွဲ့အစည်းများကို  ကိုယ်စားပြုသည့်   အလုပ်သမားများအနေဖြင့် အလုပ်သမားရေးရာကိစ္စရပ်များတွင်   အစိုးရကိုယ်စားလှယ်များ၊ အလုပ်ရှင်ကိုယ်စားလှယ်များ နှင့်အတူ   ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရှိရပြီး အကျိုးရလဒ်ကောင်းများ ပေါ်ထွက်လာမည်ဟု မျှော်လင့်ပါသည်။

မြန်မာလုပ်သားများ ပြည်ပအလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်၊  ပြည်ပရောက်ရွှေ့ပြောင်း အလုပ်သမားများ၏   ရပိုင်ခွင့်နှင့် အခွင့်အရေးများ နစ်နာဆုံးရှုံးမှုမရှိစေရန်နှင့် ပြည်ပမှရရှိလာသော အတွေ့အကြုံ၊ အသိပညာနှင့်  အတတ်ပညာများကို   ပြည်တွင်း၌ စနစ်တကျအသုံးချနိုင်ရန် ပြည်ပနိုင်ငံများနှင့် အလုပ်သမားရေးရာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ များ လက်မှတ်ရေးထိုး၍ အလုပ်သမားများကို စေလွှတ်ပေးလျက်ရှိပါသည်။ ထိုကဲ့သို့ အလုပ်သမား အများစု သွားရောက်လုပ်ကိုင်သည့်နိုင်ငံများတွင် အလုပ်သမားသံအရာရှိများ ခန့်အပ်တာဝန်ပေး၍  ပြည်ပရောက်   မြန်မာ ရွှေ့ပြောင်းအလုပ်သမားများ၏   အခွင့်အရေးများကို  ကာကွယ် စောင့်ရှောက်ပေးလျက်ရှိပါသည်။

 

ချစ်ကြည်လေးစားအပ်ပါသော အလုပ်သမားကြီးများခင်ဗျား-

နိုင်ငံတော်၏ အဓိကကုန်ထုတ်စွမ်းအားစုဖြစ်သော အလုပ်သမားကြီးများ၏ လူမှုစီးပွားဘဝလုံခြုံ ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများကို ပိုမိုခံစားရရှိစေနိုင်ခြင်း၊ စက်ရုံ၊  အလုပ်ရုံများစွမ်းအား ပြည့် လည်ပတ်နိုင်ခြင်းတို့ဖြင့် ကုန်ထုတ်လုပ်မှုများတိုးတက်ပြီး ကျန်းမာ ရေး၊ ပညာရေး၊ လူမှုရေး ကဏ္ဍများတွင်ပါ တစ်ပြိုင်တည်းတိုးတက်လာနိုင်မည်ဖြစ်ပါသည်။ ၎င်းရည်ရွယ်ချက်ဖြင့် အလုပ်သမားဆေးရုံကြီး (၃)ရုံ၊ လူမှုဖူလုံရေးဆေးခန်း (၉၆) ခန်း၊ ဌာနကြီးဆေးခန်း (၆၀)၊ တိုင်းရင်းဆေးခန်း (၁)ခန်း၊ ပုဂ္ဂလိကဆေးရုံဆေးခန်း  (၆၄) ခန်း၊ ရွေ့လျားဆေးကုသယာဉ်(Mobile Medical Unit)(၂)စီးတို့ဖြင့် အလုပ် သမားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် ငွေကြေး အကျိုးခံစားခွင့်များ ခွင့်ပြုထုတ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက် ရှိပါသည်။

 

စက်ရုံ၊ အလုပ်ရုံနှင့်အလုပ်ဌာနများမှ အလုပ်သမားကြီးများအား လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်း ရေးနှင့်    ကျန်းမာရေးဆိုင်ရာ တိုးတက်ကောင်းမွန်စေရေးဆောင်ရွက်ပေးရာတွင် လုပ်ငန်းစီမံခန့်ခွဲ သူများအနေဖြင့် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာ ရေးဆိုင်ရာကိစ္စရပ်တွေအပေါ်   အလေးထားမှု၊   ကိုယ်စီစည်းကမ်း လိုက်နာမှုတို့ဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုပါသည်။

 

မြန်မာနိုင်ငံ၏  လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကို အဆင့်မြှင့်တင်နိုင်ရေး အတွက် ဒေသတွင်း၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ၂၀၀၀ ပြည့်နှစ်မှ စတင်၍ အာဆီယံလုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကွန်ရက် (ASEAN Occupational Safety and Health Network-ASEAN-OSHNET)တွင် အဖွဲ့ဝင်အဖြစ် ပါဝင်ကာ ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။

 

အလုပ်ရှင်နှင့် အလုပ်သမားအကြားဖြစ်ပွားသော အငြင်းပွားမှုများကို ဖြေရှင်းဆောင်ရွက်ရာတွင် တွေ့ကြုံရသည့်အခက်အခဲများကို ဥပဒေနှင့်အညီ ပိုမိုထိရောက်စွာဖြေရှင်းနိုင်ရန် လိုအပ်ပါသည်။ ထိုသို့ ဆောင်ရွက်ရာတွင် နည်းလမ်းကောင်းနှင့် ရလဒ်ကောင်းများဖော်ထုတ် နိုင်စေရန်မျှော်မှန်း၍ အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေးဆိုင်ရာ နှီးနှောဖလှယ်ပွဲများ ကျင်းပပေးလျက်ရှိရာ အစိုးရ၊ အလုပ်ရှင်နှင့် အလုပ်သမားတို့ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးနိုင်ခဲ့ကြပါသည်။

 

လုပ်ငန်းခွင်ဆက်ဆံရေးကောင်းမွန်လာစေရေးအတွက် အလုပ်ရှင်နှင့် အလုပ်သမားများအနေဖြင့် မိမိတို့လုပ်ငန်းခွင်အတွင်း အလုပ်သမားရေးရာနှင့် ပတ်သက်သည့် အငြင်းပွားမှုများအား  လုပ်ငန်းခွင် အတွင်း၌ ကနဦးဆွေးနွေးညှိနှိုင်းခြင်း၊ ဥပဒေနှင့်အညီ  အဆင့်ဆင့် ဆွေးနွေးညှိနှိုင်းမှု တို့ကြောင့်   ရေရှည်တွင်   လုပ်ငန်းခွင်ဆက်ဆံရေး ကောင်းမွန်စေခြင်းသာမက ကုန်ထုတ်လုပ်မှု တိုးတက်ပြီး နိုင်ငံဖွံ့ဖြိုး တိုးတက်မှုကို အထောက်အကူပြုမည်ဖြစ်ပါသည်။

 

နိဂုံးချုပ်အနေဖြင့် နိုင်ငံတော်အစိုးရသည်  အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီနိုင်ငံ ဖြစ်လာရေး၊ ကုန်ထုတ်လုပ်ငန်းများအားမြှင့်တင်၍ နိုင်ငံ့စီးပွားမြင့်မားရေးနှင့် ပြည်သူလူထုတစ်ရပ်လုံး၏ လူမှုစီးပွားဘဝမြင့်မားရေး၊ အလုပ် အကိုင်အခွင့်အလမ်းများ ပိုမိုဖန်တီးပေးနိုင်ခြင်းဖြင့် မြန်မာအလုပ်သမားထု၏   လူမှုစီးပွားဘဝ    ဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် ရှေ့လုပ်ငန်းစဉ်နှင့် ဦးတည်ချက်များချမှတ်၍ အကောင်အထည် ဖော် ဆောင်ရွက်လျက်ရှိရာတွင် အလုပ်သမားကြီးများက နိုင်ငံတော်အစိုးရ နှင့်အတူ  ပါဝင်ကြိုးပမ်း အားထုတ်ကြဖို့   တိုက်တွန်းပါကြောင်းနှင့် ပြည်သူတိုင်းက ထာဝစဉ်တန်ဖိုးထားသော    အပြည်ပြည် ဆိုင်ရာ အလုပ်သမားနေ့ကိုဂုဏ်ပြုလျက်   ဤသဝဏ်လွှာကို   ပေးပို့အပ် ပါသည်။

 

ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ

သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်

နိုင်ငံတော်ဝန်ကြီးချုပ်

ဥက္ကဋ္ဌ၊နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ