နေပြည်တော် ဇွန် ၆
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ နံနက်ပိုင်းတွင် ဇနီး ဒေါ်ကြူကြူလှ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ဇနီး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးခင်မောင်ရီ၊ ဦးမြထွန်းဦး၊ ဦးမင်းနောင်၊ ဦးမျိုးဇော်သိမ်း၊ ဦးမျိုးသန့်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ လိုက်ပါ၍ တောင်ငူဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို သွားရောက်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
နေပြည်တော်-တောင်ငူ မီးရထားလမ်းပိုင်း အဆင့်မြှင့်တင်ထားရှိမှု
ဦးစွာ နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် နေပြည်တော် ပျဉ်းမနားဘူတာမှ RBE အထူး ရထားတွဲဖြင့် လိုက်ပါစီးနင်း၍ နေပြည်တော်-တောင်ငူ မီးရထားလမ်းပိုင်း အဆင့်မြှင့်တင်ထားရှိမှု၊ မီးရထားလမ်းပိုင်းတစ်လျှောက် သန့်ရှင်းသာယာလှပရေးနှင့် စိမ်းလန်းစိုပြည်ရေး ဆောင်ရွက် ထားရှိမှု၊ စိုက်ပျိုးရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှု၊ ဘူတာအဝင်၊ အထွက်နေရာများ စနစ်တကျရှိ စေရေး ဆောင်ရွက်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် မီးရထားပို့ဆောင်ရေး လုပ်ငန်းဥပဒေနှင့်အညီ စနစ်တကျ ထိန်းသိမ်းဆောင်ရွက်သွားရန် လိုကြောင်း၊ အသုံးပြုခြင်းမရှိသည့် မီးရထားသံလမ်းများအား ပြန်လည်ထိန်းသိမ်းဆောင်ရွက် သွားရန်လိုကြောင်း၊ ရထား သွားလာရေးစနစ်တွင် လမ်းများသည် အဓိကကျသည့်အတွက် လမ်းများ ကောင်းမွန်အောင် အလေးထား ဆောင်ရွက်သွားရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။
ယင်းနောက် တောင်ငူဘူတာသို့ ရောက်ရှိကြရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးကျော်ထက်နှင့် တာဝန်ရှိသူများက ကြိုဆို နှုတ်ဆက်ကြသည်။
တောင်ငူမြို့ရှောင် ရထားလမ်းဖောက်လုပ်နေမှု
ထို့နောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် တောင်ငူမြို့ရှောင် ရထားလမ်းနှင့် တောင်ငူ ဘူတာအသစ် ဆောက်လုပ်မည့် နေရာအား သွားရောက်ကြည့်ရှု စစ်ဆေးရာ ပို့ဆောင်ရေးဝန်ကြီး ဌာန ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးနှင့် တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်သမ္မတက မြို့ရှောင်ရထားလမ်း ဖောက်လုပ်ရာတွင် ရေထွက်ပေါက်များနှင့် ရထားလမ်း တာပေါင်များ စနစ်တကျဖြင့် ခိုင်ခိုင်ခံ့ခံ့ဖြစ်စေရေး ဆောင်ရွက် ရန်၊ ဘူတာသစ်ဆောက်လုပ်ရာတွင်လည်း နောင်တစ်ချိန်တွင် ဖြစ်ပေါ်တိုးတက်လာနိုင်သည့် မီးရထားခရီးစဉ်များနှင့် ခရီးသွားဦးရေကို ကြိုတင်တွက်ဆ၍ တွက်ချက်တည်ဆောက်သွားရန်လိုပြီး မီးရထားစင်္ကြံများနှင့် မီးရထားယာဒ်ဝန်းများကိုလည်း စနစ်တကျ တည်ဆောက်သွား ရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။
တောင်ငူခရိုင် အားကစားကွင်း အဆင့်မြှင့်တင်နိုင်ရေးဆောင်ရွက်နေမှု
ဆက်လက်၍ တောင်ငူခရိုင် အားကစားကွင်းသို့ ရောက်ရှိကြရာ အားကစားရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်တို့က တောင်ငူအားကစားကွင်းကို အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ ဆောင်ရွက်သွားနိုင်မည့် အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်း တင်ပြသည်။
ရှင်းလင်းတင်ပြမှုများ အပေါ် နိုင်ငံတော်သမ္မတက အားကစားကွင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့တွင်နေထိုင်သည့် လူဦးရေ၊ လာရောက်ကြည့်ရှုမည့် ပွဲကြည့်သူဦးရေတို့ အပေါ် မူတည်တွက်ချက်၍ ၎င်းနှင့် ကိုက်ညီမည့် အဆင့်မီသည့် ပွဲကြည့်စင်များဖြစ်စေရေး ဆောင် ရွက်သွားရန်လိုကြောင်း၊ ထို့ပြင် နောင်တွင် တိုးတက်ဖြစ်ပေါ်လာမည့် လူဦးရေနှင့် မြို့ပြဖွံ့ဖြိုး တိုးတက်မှုနှင့် ကိုက်ညီစွာ တိုးချဲ့အဆင့်မြှင့်တင်နိုင်ရေးအတွက်လည်း ကြိုတင်ထည့်သွင်း စဉ်းစား ဆောင်ရွက်သွားရန်လိုကြောင်းနှင့် အားကစားကွင်း အဆင့်မြှင့်တင် ဆောင်ရွက်သွားနိုင်ရေး အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။
ယင်းနောက် တောင်ငူမြို့ အားကစားကွင်းနှင့် ပွဲကြည့်စင်ကိုကြည့်ရှုစစ်ဆေးပြီး အဆင့်မြှင့်တင် ဆောင်ရွက်သွားမည့် အခြေအနေများနှင့် ပတ်သက်၍ တာဝန်ရှိသူများအား လမ်းညွှန်မှာကြားသည်။
ကေတုမတီ မြို့ဟောင်းနှင့် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ ပြန်လည်ဖော်ထုတ် ထိန်းသိမ်းရေး
ထို့နောက် ကေတုမတီမြို့ဟောင်း ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များနှင့် မြို့ရိုး၊ ကျုံးနှင့် နန်းတော်ရာ ပြန်လည်ဖော်ထုတ် ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။ ဦးစွာ နိုင်ငံတော်သမ္မတသည် တောင်ငူ ကေတုမတီနန်းမြို့တော် နှင့် နန်းတော်ရာဟောင်း ဖော်ထုတ်ထိန်းသိမ်းခြင်း ဆောင်ရွက်နေမှု၊ အနောက်ဘက်မြို့ရိုး စင်တံခါး အနီး မြို့ရိုးဖော်ထုတ်ထိန်းသိမ်းခြင်းဆောင်ရွက်နေမှု၊ မြောက်ဘက် ကျုံးနေရာတွင် ကျုံးမြို့ရိုးနှင့် နွံကျုံးများ တူးဖော်ထားရှိမှု၊ ရေကျုံးနံရံပြုပြင်ထိန်းသိမ်းခြင်းနှင့် ကျောက်စီထားရှိမှု၊ ကျုံးရိုး လျှောက်လမ်းများ လက်ရန်းတပ်ဆင်ခြင်း၊ ကွန်ကရစ် ဘလောက်တုံးခင်းခြင်း၊ မြေယာ ရှုခင်းလုပ်ဆောင်ခြင်းများ ဆောင်ရွက်ထားရှိမှုတို့ကို နေရာတစ်ခုချင်းစီအလိုက် လိုက်လံကြည့်ရှု စစ်ဆေးရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။
ထိုသို့ ကြည့်ရှုစစ်ဆေးစဉ် တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်သမ္မတက မိမိတို့၏သမိုင်းကြောင်းအရ အထင်ကရရှိခဲ့သည့် ဘုရင့်နန်းတော်များ၊ နန်းမြို့ရိုးများနှင့်ကျုံးများသည် တန်ဖိုးမဖြတ်နိုင်သည့် ရှေးဟောင်းအမွေအနှစ်များ ဖြစ်သည့်အတွက် တတ်စွမ်းသမျှ ဖော်ထုတ်ထိန်းသိမ်းစောင့်ရှောက် သွားနိုင်ရန်လိုကြောင်း၊ နိုင်ငံတော်၏ သမိုင်းကြောင်းဆိုင်ရာ အထောက်အထားများကို ဖော်ထုတ်ကာကွယ် ထိန်းသိမ်းစောင့်ရှောက်ခြင်းသည် နိုင်ငံ၏ တန်ဖိုးပင်ဖြစ်ကြောင်း၊ ကေတုမတီ နန်းတော်ရာ၊ မြို့ရိုးနှင့်ကျုံးတို့သည် ဒဏ္ဍာရီမဟုတ်ဘဲ အမှန် တကယ်ရှိခဲ့သည့် သမိုင်းကြောင်း အစဉ်အလာ ကြီးမားခဲ့သည့် ရှေးဟောင်းအမွေအနှစ် တစ်ခု ဖြစ်သည့်အတွက် စနစ်တကျသုတေသနပြုလုပ်၍ ဖော်ထုတ်ထိန်းသိမ်းခြင်းများ ဆောင်ရွက် သွားရန်လိုကြောင်း၊ ရှေးဟောင်း အမွေအနှစ်နေရာများကို ဥပဒေနှင့်အညီ ကာကွယ်ထိန်းသိမ်း ဆောင်ရွက်သွားရန် လိုကြောင်း၊ ကျုံးကူးတံတားများနှင့် ဆက်စပ်လျက်ရှိသည့်လမ်းများ ပြန်လည် ဖော်ထုတ် တည်ဆောက်ခြင်း လုပ်ငန်းများ ဆောင်ရွက်ရာတွင် ရှေးမူမပျက် မူလပုံစံများအတိုင်း ဖြစ်ရန်နှင့် ရေရှည်တည်တံ့ခိုင်မြဲမှုရှိရန် လိုကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်းညွှန် မှာကြားပြီး ကေတုမတီ နန်းမြို့ရိုး တစ်လျှောက် မော်တော်ယာဉ်များဖြင့် ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိ သူများအား လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
ဆက်လက်၍ တောင်ငူမြို့နယ် နှစ်ဆောင်မြိုင်ကျေးရွာ အနီး၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာနမှ နွေစပါးစံကွက် ရိတ်သိမ်းခြင်း ဆောင်ရွက်နေမှု၊ သီးနှံပင်များအတွက် အလွယ်တကူ သုံးစွဲနိုင်သည့် တန်ဖိုးနည်း သဘာဝပိုးသတ်ဆေးနှင့် အာဟာရ ဖျော်ရည်များ ထည့်သွင်း၍ မြေပြုပြင်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုနှင့် စပါးခွံမီးသွေးထုတ်လုပ်မှု သရုပ်ပြသခြင်း ဆောင်ရွက်နေမှုတို့ကို သွားရောက်ကြည့်ရှုကာ တာဝန်ရှိသူများ၏ ရှင်းလင်း တင်ပြမှုများအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
ယင်းနောက် နိုင်ငံတော်သမ္မတသည် လာရောက်လေ့လာကြသည့် တောင်သူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံကာ စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို မေးမြန်း အားပေးစကားပြောကြားပြီး မျိုးစပါးများရရှိရေး၊ ပန်းတိုင် အထွက်နှုန်းများ ရရှိစေရေး၊ သီးထပ်စွမ်းအားများ ကောင်းမွန် မှုရှိစေရေးတို့နှင့် ပတ်သက်၍ ဆွေးနွေးအကြံပြု ပြောကြားသည်။
တောင်ငူခရိုင် ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးမှာကြား
ထို့နောက် နိုင်ငံတော်သမ္မတသည် ပဲခူးတိုင်းဒေသကြီးတောင်ငူခရိုင်အတွင်းရှိ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန် ရှိသူများအား နယ်မြေခံလေတပ် ဧည့်ခန်းမဆောင်၌ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ ဆွေးနွေးပြောကြားသည်။
ဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်က တိုင်းဒေသကြီးအတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ မိုးစပါး စိုက်ပျိုးရေး ဆောင်ရွက်လျက်ရှိမှု၊ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန် မှာကြားချက်များအပေါ် လိုက်နာအကောင်အထည်ဖော်ဆောင်ရွက် ပြီးစီးမှု၊ လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများ အဆင့်မြှင့်တင် ဆောင်ရွက်နိုင်ရေးအတွက် ဧကကွက်များအဖြစ် အကောင်အထည် ဖော် ဆောင်ရွက်လျက်ရှိမှု၊ တောင်ငူခရိုင်အတွင်းနှစ်အလိုက် မိုးရွာသွန်းမှုအခြေအနေများ၊ စိုက်ပျိုး မြေများအား စနစ်တကျအသုံးချဆောင်ရွက်လျက်ရှိမှု၊ သီးထပ်စွမ်းအားနှင့် သီးနှံစိုက်စွမ်းအား တိုးတက်စေရေး စိုက်ပျိုးလျက်ရှိမှု၊ တစ်ဧကပန်းတိုင်အထွက်နှုန်း ရရှိအောင် စိုက်ပျိုးဆောင်ရွက်နိုင် မှု၊ မိုးသီးနှံများစိုက်ပျိုးလျက်ရှိမှု၊ ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရေး ကြိုတင်ဆောင်ရွက်လျက်ရှိမှု၊ တိုင်းဒေသကြီးအတွင်း ဒေသ ဝမ်းစာဖူလုံမှု၊ ရေဆင်းပေါ်ဆန်း စပါးစိုက်ပျိုးရန် လျာထားဆောင် ရွက်လျက်ရှိမှု၊ ဆီထွက်သီးနှံများ ပိုမိုစိုက်ပျိုးနိုင်မှုနှင့် ဆီဖူလုံမှုများ တိုးတက်လာမှု၊ ပဲစိုက်ပျိုးထုတ်လုပ်မှုများ တိုးတက်လာမှု၊ ရိုဘက်စတာ ကော်ဖီများ စိုက်ပျိုးနိုင်ရေးဆောင်ရွက်လျက်ရှိမှု၊ ဟင်းသီးဟင်းရွက်များနှင့် တစ်အုပ်တစ်မ စိုက်ခင်းများ စတင်အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိမှု၊ သဘာဝမြေဩဇာများ ထုတ်လုပ်လျက်ရှိမှု၊ Drum Seeder များ ထုတ်ပေးထားရှိမှု၊ မွေးမြူရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ ဒေသကြက် မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ ဒေသအလိုက် အသားဖူလုံမှု၊ MSME လုပ်ငန်းများ မှထွက်ရှိသည့် ထုတ်ကုန်များအား ပြည်ပသို့ တင်ပို့နိုင်မှု၊ ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်လျက်ရှိမှု၊ ကျန်းမာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်လျက်ရှိမှု၊ ကျေးလက်လူမှု စီးပွားဘဝတိုးတက်ရေး လုပ်ငန်းများဆောင်ရွက်လျက်ရှိမှု၊ ၂၀၂၆-၂၀၂၇ ခုနှစ်အတွင်း မိုးသီးနှံများ စိုက်ပျိုးရန် လျာထားဆောင်ရွက်လျက်ရှိမှု၊ မိုးရာသီအတွင်း စပါး အမျိုးအစားများအလိုက် စိုက်ပျိုး လျက်ရှိမှု၊ မြေဆီလွှာဖွံ့ဖြိုးရေး လုပ်ငန်းဖြစ်ထွန်းအောင်ဆောင်ရွက်လျက်ရှိမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်သမ္မတက စိုက်ပျိုးရေး လုပ်ငန်းများအတွက် စက်ယန္တရား များအသုံးပြု၍ ဧကကွက်များ ဖော်ဆောင်ပြီး ဆောင်ရွက်မည်ဆိုပါက များစွာအထောက်အကူပြု မည်ဖြစ်သဖြင့် တောင်သူများအား စည်းရုံးဆောင်ရွက်သွားရန် လိုကြောင်း၊ ကော်ဖီစိုက်ပျိုးရာတွင် ကော်ဖီသည် တိုင်းပြည်အတွက် ထုတ်ကုန်အဖြစ် ရည်ရွယ်ဆောင်ရွက်နေခြင်းဖြစ်သဖြင့် ပိုမိုစိုက်ပျိုး ထုတ်လုပ်နိုင်မည်ဆိုပါက များစွာ အကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း ဖြည့်စွက်မှာကြားသည်။
ဆက်လက်၍ ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်က တောင်ငူမြို့ မြို့သစ် ဖော်ဆောင်ရေးအတွက် Town Plan ရေးဆွဲဆောင်ရွက်ထားရှိမှု၊ မြို့သစ်စီမံကိန်းအတွင်း မီးရထား လမ်းအသစ် ဖောက်လုပ်ရေး ဆောင်ရွက်ထားရှိမှု၊ အုပ်ချုပ်မှုဆိုင်ရာ အစိုးရရုံးဌာနများ၊ ဆေးရုံများ၊ စာသင်ကျောင်းများ၊ ဝန်ဆောင်မှုဆိုင်ရာ နေရာများ၊ အပန်းဖြေရန်နေရာများ၊ စိမ်းလန်း နေရာများ ထည့်သွင်းဆောင်ရွက်ထားရှိမှုတို့နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ ဆွေးနွေးပြောကြား
ယင်းနောက် နိုင်ငံတော်သမ္မတက တောင်ငူဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေးပြောကြား ရာတွင် မိမိအနေဖြင့် တောင်ငူခရိုင်ကို အထူးဖွံ့ဖြိုးရေးဇုန်အဖြစ် အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိပြီး နေပြည်တော်နှင့် ဆက်စပ်၍ ဒေသဖွံ့ဖြိုးရေးဆိုင်ရာများကို ဖော်ဆောင်ပေးလျက်ရှိ ကြောင်း၊ တောင်ငူဒေသကို ဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်ခြင်း အားဖြင့် ဒေသနှင့်ဆက်စပ်လျက် ရှိသည့် အခြားဒေသများမှ သူများသည်လည်း မိမိတို့ဒေသအတွက် ကြိုးစားလိုစိတ်များဖြစ်ပေါ်လာ မည်ဖြစ်ကြောင်း၊ တောင်ငူဒေသတွင် နေထိုင်သူများအနေဖြင့် မိမိတို့ဒေသအား ဖွံ့ဖြိုးတိုးတက် မှုရှိစေရေး မည်ကဲ့သို့ဆောင်ရွက်သွားမည်ကို စဉ်းစားဆောင်ရွက် သွားနိုင်ရန်ဖြစ်ကြောင်း၊ တောင်ငူ ဒေသတွင် စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများကို အဓိကဆောင်ရွက်နေကြခြင်း ဖြစ်သော်လည်း ရေရှည်တွင် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်း၊ MSME လုပ်ငန်း များကို အားပေးဆောင်ရွက်သွားနိုင်ရန်လိုကြောင်း၊ ဒေသအလိုက် ဒေသတွင်း စားရေးဖူလုံမှုအပြင် ပြင်ပသို့ ရောင်းချနိုင်ရေးအတွက်လည်း ဆောင်ရွက်သွားနိုင်ရန်လိုကြောင်း၊ စိုက်ပျိုးရေးကိုအခြေခံ သည့် စက်မှုကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေး ဆောင်ရွက်သွားခြင်းဖြင့် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်သွားနိုင်ရန်လိုကြောင်း။
တောင်ငူဒေသတွင် ဆန်ဖူလုံမှု ရှိပြီးဖြစ်သည့်အတွက် ဆန်ထုတ်လုပ်ခြင်းမှ ရရှိလာသည့် ဖွဲ၊ ဆန်ကွဲများကို အသုံးပြု၍ တိရစ္ဆာန်အစာများ ထုတ်လုပ်ခြင်း၊ ဖွဲနုဆီထုတ်လုပ်ခြင်း လုပ်ငန်းများ ကို ဆောင်ရွက်သွားနိုင်ကြောင်း၊ ဒေသ၏ အခြေခံအရင်းအမြစ် ကောင်းများကို အသုံးချ၍ ရေကြီး ရေနက် ကွင်းများ၌လည်း ငါးမွေးမြူရေး လုပ်ငန်းများကို အောင်မြင်အောင်ဆောင်ရွက်နိုင် ကြောင်း၊ ထိုမှတစ်ဆင့် ငါးကို အခြေခံသည့် စက်မှုကုန်ထုတ် လုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်နိုင်ကြောင်း၊ အလားတူ ကြက်၊ ဘဲ၊ ဆိတ်၊ ဝက်၊ နွားတို့ကို တိုးချဲ့မွေးမြူခြင်းအားဖြင့်လည်း ဒေသတွင်း မွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ကြောင်း၊ ဒေသတွင်း စိုက်ပျိုးမွေးမြူ ရေးလုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်ခြင်းအားဖြင့် အသား၊ ငါး၊ ဥအမျိုးမျိုးနှင့် နို့ထွက် ပစ္စည်းများ၊ ဟင်းသီးဟင်းရွက်များ၊ အခြေခံ စားကုန်ပစ္စည်းများကို ဒေသတွင်း နေထိုင်သူများ အနေဖြင့် ဈေးနှုန်းသက်သာစွာဖြင့် ပြည့်ဝစွာ စားသုံးနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ဒေသတွင်း စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို ယခုထက် ပိုမိုတိုးတက်လာအောင် ဆောင်ရွက် သွားကြရန်လိုကြောင်း၊ ထိုကဲ့သို့ ဆောင်ရွက်နိုင်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့်ပတ်သက်သည့် အသိပညာရှင်၊ အတတ်ပညာရှင် လူသားအရင်းအမြစ်ကောင်းများ လိုအပ်မည်ဖြစ်ကြောင်း။
နိုင်ငံတော် အစိုးရအနေဖြင့် နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အခြေခံကိန်း ဂဏန်းအချက်အလက်များအပေါ် တွင်မူတည်၍ စီမံကိန်းများ၊ စီမံ ချက်များ ရေးဆွဲဆောင်ရွက်ရသည်ဖြစ်သဖြင့် ဒေသအလိုက်မှလည်း အခြေခံအချက်အလက်များကို မှန်မှန်ကန်ကန်ပြုစုတင်ပြကြရန်လိုကြောင်း၊ ထို့ပြင် မိမိတို့နိုင်ငံ၌ မြေကိုအကျိုးရှိရှိအသုံးပြု သွားရန်လိုပြီး မိမိတို့ဒေသ အလိုက် ပိုင်ဆိုင်ထားရှိပြီးဖြစ်သည့် ရေခံမြေခံကောင်းများနှင့် အခြေခံကောင်းများကို ထိထိရောက်ရောက်နှင့် မှန်မှန်ကန်ကန် အသုံးချသွားကြရန် လိုကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်မည်ဆိုပါကလည်း စိုက်ဧက တိုးချဲ့ခြင်းထက် ရှိပြီးဖြစ်သည့် စိုက်ဧကများတွင် ပန်းတိုင်အထွက်နှုန်းများ ရရှိစေရေး၊ သီးထပ်စွမ်းအားပြည့်မီမှုရှိစေရေး ဆောင်ရွက်သွားကြရန်လိုကြောင်း၊ စိုက်ပျိုးရေး လုပ်ငန်းများအတွက် လိုအပ်သည့် စိုက်ပျိုးရေနှင့် အောင်ရေများ ပြည့်ပြည့်ဝဝ ရရှိရေးအတွက်လည်း ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန်လိုကြောင်း၊ မိမိတို့နိုင်ငံတွင် မြစ်များ၊ ချောင်းများကို စနစ်တကျထိန်းသိမ်းရန် လိုအပ်ချက်များရှိခဲ့သဖြင့် ယခု အခါ မြစ်ချောင်းများ တိမ်ကောခြင်း၊ နုန်းပို့ချမှုများပြားလာခြင်းများ၊ ရေအရင်းအမြစ် လျော့နည်း လာခြင်းများ ဖြစ်ပေါ်လျက်ရှိကြောင်း၊ မြစ်ချောင်းများရေစီးဆင်းမှု ပြန်လည်ကောင်းမွန်ရေး ပြန်လည် ထိန်းသိမ်းသွားရန်လိုကြောင်း၊ သို့ဖြစ်၍ မိမိတို့တာဝန်ယူထားရသည့် ကဏ္ဍများအလိုက် အကောင်အထည်ဖော်ဆောင်ရွက်ရသည့် ကိစ္စရပ်မှန်သမျှကို ဒေသအတွက်၊ နိုင်ငံ့အတွက် ရေရှည် အကျိုးကို မြော်တွေး၍ ဆောင်ရွက်သွားကြရန်လိုကြောင်း။
ထို့ပြင် အနာဂတ်ကာလတွင် ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်တစ်ရပ်ကို ပုံဖော်တည်ဆောက်ရာ ၌ ပညာတတ်လူသားအရင်းအမြစ်များဖြင့်သာ တည်ဆောက်ကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်တွင် ပညာတတ် လူသားအရင်းအမြစ်များ လျော့နည်းလာခြင်းသည် နိုင်ငံ့အနာဂတ်အတွက် မည်ကဲ့သို့မျှ ကောင်းမွန်မှုမရှိသည်ကို သတိပြုကြရန်လိုကြောင်း၊ ထို့ကြောင့် အုပ်ချုပ်ရေးအဖွဲ့အစည်းများအနေဖြင့် မိမိတို့ ဒေသအလိုက် ကျောင်းနေအရွယ် ကလေးများအားလုံး ပညာသင်ကြားနိုင်ရေး အလေးထား တိုက်တွန်း အားပေးဆောင်ရွက်သွားကြရန်လိုကြောင်း၊ ပညာရေး ကောင်းမွန်မှုရှိမှသာလျှင် ကလေးငယ်များ၏ အနာဂတ်ဘဝလမ်းကို ကောင်းမွန်စွာဖြတ်သန်းနိုင်မည် ဖြစ်သည်ကို အသိပညာပေး ဟောပြောခြင်းများဖြင့် စည်းရုံး ဆောင်ရွက်သွားကြရန်လိုကြောင်း၊
မိမိတို့အနေဖြင့် နိုင်ငံ့စီးပွား တိုးတက်စေရေးအတွက် ဆောင်ရွက်ရာတွင် ပြည်သူလူထုအတွက် အလုပ်အကိုင် အခွင့်အလမ်းများဖော်ဆောင်ပေးနိုင်ရန်နှင့် အမှန်တကယ် အလုပ်လုပ်ကိုင်နိုင်ရန်လိုကြောင်း၊ အလုပ်အကိုင် အခွင့်အလမ်းများရရှိပြီး အလုပ်လုပ် နိုင်မှသာလျှင် ဝင်ငွေရရှိနိုင်မည်ဖြစ်ကာ လူတစ်ဦးချင်းစီအလိုက်မှ စ၍ ဒေသအလိုက်၊ ခရိုင်အလိုက် စီးပွား ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပြီး ၎င်းမှတစ်ဆင့် နိုင်ငံ့စီးပွားသည်လည်း တိုးတက်လာနိုင်မည် ဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် အလုပ်လုပ်ကိုင်နိုင်စေ ရေးအတွက် လက်ရှိနိုင်ငံတကာ တွင် ဖြစ်ပေါ်ကြုံတွေ့ရလျက်ရှိသည့် စက်သုံးဆီအခက်အခဲများ အပါအဝင် အခြားအခြေခံ လိုအပ်ချက်များကိုလည်း တတ်နိုင်သရွေ့ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ သို့ဖြစ်၍ အလုပ် လုပ်ကိုင်နိုင်ရေး ဖြည့်ဆည်းပေးမှုများကို အကျိုးရှိရှိနှင့် စနစ်တကျ အသုံးချနိုင်ရန်လိုကြောင်း၊ အမှန် တကယ်လိုအပ်သည်မှာ အလုပ်လုပ်ကြရန်နှင့် မိမိအတွက်၊ ဒေသအတွက်၊ နိုင်ငံတော်အတွက် အလုပ်လုပ်ကိုင်လိုစိတ်များရှိကြရန်ပင်ဖြစ်ကြောင်း၊ မိမိတို့ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ဖြစ်ပေါ်ကြုံတွေ့လာနိုင်သည့် အခက်အခဲ၊ အကျပ်အတည်း မှန်သမျှကိုလည်း ဖြေရှင်းနိုင်ရေး စဉ်ဆက်မပြတ် လေ့လာသွားကြ ရန်လိုကြောင်း။
မိမိအနေဖြင့် တောင်ငူ၊ နေပြည်တော်၊ ရမည်းသင်း၊ မိတ္ထီလာဒေသတို့ကို အထူးဖွံ့ဖြိုးရေး ဒေသများအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်ရန် ရည်မှန်းချက်ထား၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုဒေသများမှတစ်ဆင့် အခြားမြို့ များကိုလည်းဆင့်ကဲ အထူးဖွံ့ဖြိုးတိုးတက်သောဒေသများအဖြစ် ဖြစ်ပေါ်လာစေရေး ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ သို့ဖြစ်၍ တောင်ငူ၊ နေပြည်တော်၊ ရမည်းသင်း၊ မိတ္ထီလာဒေသတို့အနေဖြင့် စံနမူနာပြ အထူးဖွံ့ဖြိုးရေးဒေသများအဖြစ် ဖြစ်ပေါ်လာစေရေး ကြိုးပမ်းဆောင်ရွက်သွားကြရန် လိုကြောင်း၊ နိုင်ငံတော်၏ အထက်ပိုင်း၊ အောက်ပိုင်း၊ အရှေ့ပိုင်း၊ အနောက်ပိုင်း စသည့်ဒေသများသို့ လက်လှမ်းမီ ချိတ်ဆက်နိုင်သည့် အလယ်ဗဟိုချက်နှင့် မြေလတ် ဒေသများ ဖြစ်သည့်အတွက်လည်း အောင်မြင်နိုင်မည့် ရေခံမြေခံနှင့် အခြေခံကောင်းများကို ပိုင်ဆိုင်ထားရှိပြီး ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဝန်ကြီးချုပ်များ၊ တာဝန်ရှိသူများ အနေဖြင့်လည်း မိမိတို့ကွပ်ကဲမှု လက်လှမ်းမီရာ ဒေသများအလိုက် ဖွံ့ဖြိုးတိုးတက်မှု ပိုမိုအားကောင်း လာစေရေး စနစ်တကျစီမံဆောင်ရွက်သွားကြရန် လိုကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံတော်၏ တာဝန်များကို ထမ်းရွက်နေရသည့်ကာလအတွင်း မှတ်ကျောက်တင်ခံနိုင်သည့် အစိုးရတစ်ရပ်ဖြစ်စေ ရေး၊ နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုးကို ဖော်ဆောင်ပေးနိုင်သည့် အစိုးရတစ်ရပ်ဖြစ်စေရေး ကြိုးစားဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် ကေတုမတီမြို့သစ် ကျွန်းကုန်းကျေးရွာရှိ ရွှေဝါကြက်မွေးမြူရေးခြံသို့ ရောက်ရှိရာ လုပ်ငန်းရှင် ဦးရဲဝင်းနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြပြီး ကြက်ခြံအတွင်း ဥစားကြက်များ မွေးမြူထားရှိမှု၊ ဒေသတွင်းမှ ထွက်ရှိသည့် ကုန်ကြမ်းများကို အခြေခံ၍ ကြက်စာအဖြစ် ထုတ်လုပ်ကျွေးမွေး၍ မွေးမြူလျက်ရှိမှု၊ ကြက်ခြံတွင် အသုံးပြုလျက်ရှိသည့် Evaporated cooling system (အအေးပေးစနစ်) အတွက် လိုအပ်သော လျှပ်စစ်ဓာတ်အားများကို နေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားများဖြင့် အသုံးပြုဆောင်ရွက်လျက်ရှိမှုနှင့် ဈေးကွက်ရရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြကာ နိုင်ငံတော် သမ္မတနှင့် အဖွဲ့ဝင်များသည် Evaporated cooling system (အအေးပေးစနစ်)ဖြင့် ဥစားကြက် များ မွေးမြူထားရှိမှုကို လှည့်လည်ကြည့်ရှု၍ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် နိုင်ငံတော်သမ္မတ က သိရှိလိုသည်များ မေးမြန်းပြီး လိုအပ်သည်များကို အကြံပြုဆွေးနွေးသည်။
ဆက်လက်၍ နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် ကျွန်းကုန်းဘူတာမှ RBE အထူးရထားဖြင့် နေပြည်တော်သို့ ပြန်လည်ထွက်ခွာခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


