ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၊ ဇနီး ဒေါ်ကြူကြူလှ ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံမှ ပြန်လည်ရောက်ရှိ

 

နေပြည်တော် ဇူလိုင် ၅

လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံ သမ္မတ မစ္စတာ ထောင်လွန်းဆီဆုလစ်၏ ဖိတ်ကြားချက်အရ လာအိုပြည်သူ့ဒီမိုကရက် တစ်သမ္မတနိုင်ငံ၌ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် ယနေ့မွန်းလွဲပိုင်းတွင် လွန်ပရာ ဘန်မြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ပြန်လည်ထွက်ခွာ ကြသည်။      

 

နိုင်ငံတော်သမ္မတနှင့် ဇနီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လာအိုနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး (Minister in Attendance) မစ္စတာ ထောင်ဆာဗန်ဖုန် ဗီဟေးနှင့်ဇနီး ဦးဆောင်သည့် လာအိုအစိုးရအဖွဲ့မှ အဆင့်မြင့်အရာရှိကြီးများ၊ လာအိုနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးအောင်ကိုနှင့် ဇနီး၊ မြန်မာစစ်သံ(ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ် ရာဇာထွန်းနှင့်ဇနီး၊ တာဝန်ရှိသူများက လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။

 

ထိုသို့ပို့ဆောင်နှုတ်ဆက်စဉ် ကော်ဇောနီ၏ ဘေးတစ်ဖက်တစ်ချက်တွင် လာအိုကင်းထောက် လူငယ် မောင်မယ်လေးများက နှစ်နိုင်ငံအလံများဝှေ့ယမ်းပြီး နိုင်ငံတော်သမ္မတနှင့်ဇနီးတို့ကို လှိုက်လှဲနွေးထွေး စွာဖြင့် နှုတ်ဆက်ကြသည်။

 

ညနေပိုင်းတွင် နိုင်ငံတော်သမ္မတနှင့် ဇနီးလိုက်ပါလာသည့် အထူးလေယာဉ်သည် နေပြည်တော် တပ်မတော်လေဆိပ်သို့ ရောက်ရှိရာ ဒုတိယသမ္မတ ဦးညိုစောနှင့်ဇနီး၊ ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေးနှင့်ဇနီး၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့်ဇနီး၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီး များ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် မြန်မာနိုင်ငံဆိုင်ရာ လာအိုပြည်သူ့ ဒီမိုကရက်တစ်သမ္မတနိုင်ငံသံရုံးနှင့် စစ်သံရုံးတို့မှ တာဝန်ရှိသူများက လေဆိပ်တွင် ကြိုဆိုနှုတ်ဆက် ကြသည်။

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတနှင့် ဇနီးတို့နှင့်အတူ ပြည်ထောင်စု ဝန်ကြီးများဖြစ်ကြသည့် ဦးခင်မောင်ရီ၊ ဦးတင်မောင်ဆွေ၊ ဦးခင်မောင်စိုး၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ ပြန်လည်လိုက်ပါလာကြသည်။

 

နိုင်ငံတော်သမ္မတသည် ခရီးစဉ်အတွင်း လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသမ္မတနှင့် တွေ့ဆုံ ဆွေးနွေးခြင်း၊ လာအိုအမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ လာအိုနိုင်ငံ ဝန်ကြီးချုပ်တို့နှင့် တွေ့ဆုံဆွေးနွေးခြင်း နှင့် လွန်ပရာဘန်ပြည်နယ် ပါတီအတွင်းရေးမှူးနှင့် တွေ့ဆုံဆွေးနွေးခြင်းများဆောင်ရွက်ခြင်း၊ လာအို အသေးစား၊ အငယ်စားစက်မှုလုပ်ငန်းသို့ သွားရောက်လေ့လာခြင်းနှင့် လာအိုနိုင်ငံရှိ သမိုင်းဝင်ဘုရားပုထိုး စေတီကျောင်းများနှင့် အထင်ကရနေရာများသို့ သွားရောက်ဖူးမြော်ကြည်ညို လေ့လာကြည့်ရှုခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်