နေပြည်တော် ဇူလိုင် ၂၇

 

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ နှစ်ပေါင်း ၁၀၃ နှစ်သက်တမ်းရှိ သမိုင်းဝင်အမွေအနှစ် အဆောက်အအုံဖြစ်သည့် ဝဇီရာရုပ်ရှင်ရုံအား နိုင်ငံတကာအဆင့်မီ ဂုဏ်ပြုခံ ကဇာတ်ရုံ (Red Carpet Theatre) အဖြစ် အဆင့်မြှင့်တင်ဖွင့်လှစ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျင်းပရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။

 

အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးမြထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေ၊ ဦးအောင်ကျော်ဟိုး၊ ဦးထိန်လင်း၊ ဦးမျိုးဇော်သိမ်း၊ ဒေါက်တာချာလီသန်း၊ ဦးခင်မောင်စိုး၊ ဦးထွန်းအုံ၊ ဦးရဲမြင့်ထွန်း၊ ဦးမျိုးသန့်၊ ဦးမောင်မြင့်၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများနှင့် အဆင့်တူပုဂ္ဂိုလ်များ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံးများမှ ယဉ်ကျေးမှုသံမှူးများ၊ အဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် အနုပညာရှင်များ တက်ရောက်ကြသည်။

 

ဦးစွာ နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် အခမ်းအနား အစီအစဉ် ပထမပိုင်း ကျင်းပပြုလုပ် မည့် ဝဇီရာဂုဏ်ပြုခံကဇာတ်ရုံသို့ ရောက်ရှိကြရာ တာဝန်ရှိသူများက လှိုက်လှဲစွာ ကြိုဆိုနှုတ်ဆက်ကြသည်။ ယင်းနောက် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထိန်လင်း၊ ဟိုတယ်၊ ခရီး သွားလာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူတို့က ဝဇီရာ ဂုဏ်ပြုခံကဇာတ်ရုံဖွင့်ပွဲ အခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။

 

ထို့နောက် နိုင်ငံတော်သမ္မတက ဝဇီရာဂုဏ်ပြုခံ ကဇာတ်ရုံ ဆိုင်းဘုတ်အား စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးပြီး ဝဇီရာဂုဏ်ပြုခံ ကဇာတ်ရုံ ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးသည်။

 

ဆက်လက်၍ နိုင်ငံတော်သမ္မတသည် ခင်းကျင်းပြသထားသည့် မြန်မာ့ဆိုင်းဝိုင်းကြီး ဖြစ်ပေါ်လာပုံနှင့် မြန်မာ့ရိုးရာတူရိယာပစ္စည်းများ၊ ပဉ္စရူပနယား အရုပ်သမိုင်း၊ မြန်မာ့ရုပ်သေးသဘင် အနုပညာနှင့် မြန်မာ့ရိုးရာ မင်္ဂလာစည်တော်ကြီးတို့အား ကြည့်ရှုရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။

 

ယင်းနောက် အခမ်းအနား အစီအစဉ် ဒုတိယပိုင်းကို ဝဇီရာ ဂုဏ်ပြုခံကဇာတ်ရုံ အတွင်း၌ ဆက်လက်ကျင်းပရာ အခမ်းအနားကို ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနမှ အနုပညာရှင်များက “မြန်မာမျက်ရှု ပြည်သူ့ ဝဇီရာ” သီချင်းဖြင့် ဂုဏ်ပြုဖွင့်လှစ်သည်။

 

ထို့နောက် နိုင်ငံတော်သမ္မတက ဝဇီရာ နိုင်ငံတကာအဆင့်မီ ဂုဏ်ပြုခံကဇာတ်ရုံ ဖွင့်ပွဲအထိမ်း အမှတ်အဖြစ် ဂုဏ်ပြုအမှာစကား ပြောကြားရာတွင် ယခုကဲ့သို့ မင်္ဂလာရှိသည့် အခါသမယတွင် ရန်ကုန်မြို့၏ ယဉ်ကျေးမှုနှလုံးသား ဟု တင်စားရမည့် နှစ်ပေါင်း တစ်ရာကျော် သက်တမ်းရှိပြီဖြစ် သည့် ရှေးဟောင်းသမိုင်းဝင် အမွေအနှစ် ဝဇီရာရုပ်ရှင်ရုံကြီးကို မူလလက်ရာမပျက် ပြန်လည်မွမ်းမံပြီး နိုင်ငံတကာအဆင့်မီ ဂုဏ်ပြုခံ ကဇာတ်ရုံ(Red Carpet Theatre) အဖြစ် အောင်မြင်စွာ အဆင့်မြှင့်တင် ဖွင့်လှစ်နိုင်သည်ကို ဂုဏ်ပြုခွင့်ရသည့်အတွက် များစွာဂုဏ်ယူ ဝမ်းမြောက်မိကြောင်း။

 

ဝဇီရာရုံဟု ခေါ်တွင်ခဲ့သည့် မူလအိတ်ဆယ်စီယာ (Excelsior) ရုံကြီးသည် ၁၉၂၃ ခုနှစ်ကတည်း က မေဒန်သီရေတာကုမ္ပဏီက တည်ဆောက်ခဲ့ခြင်း ဖြစ်သဖြင့် ယခုအခါ နှစ်ပေါင်း (၁၀၃)နှစ်တိုင် ခဲ့ပြီဖြစ်ကြောင်း၊ အိတ်ဆယ်စီယာ (Excelsior) ဆိုသည့် စကားသည် လက်တင်ဘာသာစကား အရ “အစဉ်မြှင့်တင်ခြင်း သို့မဟုတ် ပိုမိုမြင့်မားရာသို့” (Ever upward/ Still Higher)ဟု အဓိပ္ပာယ်ရသည့် အတိုင်း ယခုရုံကြီးသည်လည်း ခေတ်အဆက်ဆက် မြင့်မားသည့် အနုပညာစံနှုန်းများနှင့် ပြည်သူများကို ဖျော်ဖြေမှုပေးခဲ့ကြောင်း။

 

ယခုရုပ်ရှင်ရုံကြီးကို ၁၉၄၂ ခုနှစ် ဂျပန်ခေတ်တွင် “ရန်ကုန်ရုပ်ရှင် ရုံ”၊ စစ်ပြီး ခေတ်တွင် “အေဝမ်းရုံ” (A-1 Cinema) စသဖြင့်အမည်များ ပြောင်းလဲ သတ်မှတ်ခဲ့ကြောင်း၊ ၁၉၆၉ ခုနှစ် မတ်လ ၂၄ ရက်နေ့ ရုပ်ရှင်ရုံများကို မြန်မာအမည် ပြောင်းလဲသည့်အခါ “ဝဇီရာ ရုပ်ရှင်ရုံ” ဟု တရားဝင်အမည်ရရှိခဲ့ကြောင်း။

 

“ဝဇီရာ” ဟူသောအမည်သည် ပါဠိဘာသာ “ဝဇိရ” က ဆင်းသက် လာပြီး “စိန်ကဲ့သို့ မာကျော တောက်ပြောင်သော၊ တန်ဖိုးရှိသော အမွေအနှစ်” သို့မဟုတ် “သိကြားမင်း၏ မိုးကြိုးလက်နက်” ဟု အဓိပ္ပာယ်ရကြောင်း၊ ထို့ကြောင့်လည်း ဝဇီရာဟု အမည် ပြောင်းခဲ့သည့် ကဇာတ်ရုံကြီး သည် ဖျော်ဖြေမှုအဆောက်အအုံ သက်သက်သာမဟုတ်ဘဲ မြန်မာနိုင်ငံ၏ ခေတ်အဆက်ဆက် နိုင်ငံ ရေး၊ စီးပွားရေးနှင့် ယဉ်ကျေးမှုများကို ကိုယ်စားပြုသည့် သမိုင်း မှတ်တမ်းဝင် ကဇာတ်ရုံကြီးဖြစ် ကြောင်း သက်သေပြနေသည်ဟု ဆိုနိုင်ကြောင်း။

 

ယခုကဇာတ်ရုံကြီးတွင် ၁၆ ရာစု မှ ၁၈ ရာစုအတွင်းရှိ ပြင်သစ် ဗိသုကာ အသွင်အပြင်များ ပေါင်းစပ်ထားသည့် Beaux Arts ဗိသုကာလက်ရာပုံစံဖြစ်ပြီး ရုပ်လုံး ရုပ်ကြွများနှင့် လှပခမ်းနားစွာ တန်ဆာဆင်ထားကြောင်း၊ ဝဇီရာ ရုပ်ရှင်ရုံကြီး၏ ရှေ့မျက်နှာစာ တွင် အိုင်အိုနစ် (Ionic Style) ကျောက်တိုင်ကြီး လေးလုံးကို ခန့်ညားစွာ တွေ့ရှိနိုင်ပြီး တိုင်ထိပ်များတွင် အနုစိတ်ထားသည့် အင်္ဂတေ ပန်းတော့လက်ရာများနှင့် ရွှေရောင်လွှမ်းသည့် အနုပညာ လက်ရာများ ပါဝင်ဖွဲ့စည်းထားသော ကမ္ဘာ့အဆင့်မီ ရှေးဟောင်း ဗိသုကာအလှအပများကို ထင်ရှားစွာ မြင်တွေ့နိုင်ကြောင်း။

 

ဝဇီရာရုပ်ရှင်ရုံ၏ အတွင်းပိုင်း ဖွဲ့စည်းပုံသည် ရိုးရိုးရုပ်ရှင်ရုံများ ကဲ့သို့ မဟုတ်ဘဲ ကဇာတ်ပြဇာတ် များ တိုက်ရိုက်ကပြတင်ဆက်ခြင်းနှင့် ရုပ်ရှင်ပြသခြင်းနှစ်မျိုးစလုံးကို ဘက်စုံသုံးပုံစံဖြင့် ဖျော်ဖြေနိုင်ရန် စနစ်တကျတည်ဆောက်ထား သည်ကို တွေ့ရကြောင်း၊ အဓိက ထူးခြားချက်မှာ အနုပညာရှင်များ တင်ဆက်ကပြနိုင်သည့် မုခ်ခုံး စင်မြင့်ဇာတ်ခုံ (Proscenium Stage) ကို စနစ်တကျထည့်သွင်း ဆောက်လုပ်ထားခြင်းပင်ဖြစ်ကြောင်း။

 

ပွဲကြည့်စင်ကို မြေညီထပ် ပွဲကြည့်စင်နှင့် အပေါ်ထပ်ပွဲကြည့် စင်ဟူ၍ နှစ်ထပ်ခွဲထားပြီး အပေါ် ထပ်၏ ဘေးတစ်ဖက်တစ်ချက်တွင် ရုပ်ရှင်ရုံကြီး၏ အမိုးအထိ အချိုးကျ ထိုးတက်သွားသည့် တိုင်လုံးရှည်ကြီးများ (Tall Pillars) များနှင့် ခေါင်မိုးကို ထောက်ကူ ပေးထားသည်ကို တွေ့ရကြောင်း၊ ရှေးခေတ်ဥရောပ အော်ပရာ ပြဇာတ်ရုံကြီးများကဲ့သို့ ထည်ဝါ ခမ်းနားလှပြီး မူလသမိုင်းဝင် လက်ရာများကို ယနေ့တိုင် ပေါ်လွင်စေပါကြောင်း။

 

ဝဇီရာရုပ်ရှင်ရုံကြီးသည် မြန်မာ့ရုပ်ရှင်၏ သမိုင်းဝင်မှတ်တိုင်များနှင့် အနုပညာလက်ရာကောင်း များစွာကို မွေးဖွားသန့်စင်ပေးခဲ့သည့် ရုပ်ရှင်ရုံကြီးပင် ဖြစ်ကြောင်း၊ မြန်မာ့အသံထွက် ရုပ်ရှင်ခေတ်ဦး ကာလတွင် ကမ္ဘာကျော်ဝတ္ထုကြီး Camille ကို အခြေခံထားသည့် ၁၉၂၉ ခုနှစ်က ဒါရိုက်တာ ဦးညီပု ရိုက်ကူးထုတ်လုပ်ခဲ့ပြီး သရုပ်ဆောင် မောင်ညီပု၊ မင်းသမီး ခင်ခင်နုတို့ ပါဝင်သည့် “ဆုထူးပန်” ဇာတ်ကားကြီးကို ယခုရုံကြီး၌ပင် ရုံတင်ပြသခဲ့ကြောင်း၊ ဆက်လက်ပြီး လန်ဒန်မြို့အခြေစိုက် ရုပ်ရှင် ပြပွဲများအထိ တင်ပို့ပြသခွင့် ရရှိခဲ့သည့်အတွက် သမိုင်းဝင်မှတ်တိုင် တစ်ခုဖြစ်ခဲ့ကြောင်း။

 

ဒုတိယကမ္ဘာစစ်အတွင်း ဂျပန် ခေတ်ကာလ နိုင်ငံခြားမှဖလင်လိပ် တင်သွင်းသည့် လမ်းကြောင်းများ ပြတ်တောက်သွားခဲ့ပြီး မြန်မာနိုင်ငံတွင် ရုပ်ရှင်လုပ်ငန်းများ လုံးဝ ရပ်ဆိုင်းသွားခဲ့ကြောင်း၊ ထိုသို့စစ်အတွင်းကာလတွင် ဝဇီရာ၊ ထိုစဉ်က Excelsior သည် မြန်မာ့ ပြဇာတ်လောက၏ အမြင့်မားဆုံး ဖြစ်သည့် “စစ်တွင်း ပြဇာတ် ရွှေခေတ်” ကို စတင်ပုံဖော်ပေးခဲ့ သည့် ပြဇာတ်ရုံကြီးလည်းဖြစ်ခဲ့ကြောင်း။

 

ဝဇီရာ၏ စင်မြင့်ပေါ်တွင် နာမည်ကြီး စာရေးဆရာ၊ ပြဇာတ်ဝိဇ္ဇာကြီးများဖြစ်ကြသည့် ဒဂုန် ရွှေမျှား၊ ဒဂုန်ဆရာတင်၊ ဒဂုန်နုတို့၏ ကမ္ဘာကျော်ပြဇာတ်ကြီးများကို ခမ်းနားစွာကပြတင်ဆက်ခဲ့ကြကြောင်း၊ အထူးသဖြင့် စစ်အတွင်း ဒုက္ခရောက်နေသည့် ပြည်သူများ၏ စိုးရိမ်စိတ်နှင့် မွန်းကျပ်နေမှုများကို အနုပညာဖြင့် ဖေးမကူညီပေးခဲ့သည့် “မမုန်းစက္ကူ” ပြဇာတ်ကြီးနှင့် “ပုလဲကုံး” ပြဇာတ်ကြီးများသည် ဝဇီရာစင်မြင့်ပေါ်တွင် အောင်ပွဲခံနိုင်ခဲ့ကြောင်း။

 

အနုပညာရှင်ကြီးများ ဖြစ်ကြသည့် ပြည်လှဖေ၊ မေရှင်၊ ခင်မောင်ရင်တို့၏ ပြောင်မြောက်သည့် အနုပညာစွမ်းရည်များသည် ယခုရုံကြီး၏ စင်မြင့်ထက်တွင် ပြည်သူ့နှလုံးသားကို သိမ်းပိုက်ခဲ့ပြီး မွန်းကျပ်နေသည့် ပြည်သူများကို ကြီးမားလှသည့် စိတ်ဓာတ် ခွန်အားများနှင့် အနုပညာအသက် ရှူပေါက်ကို ပေးစွမ်းနိုင်ခဲ့ကြောင်း။

 

၁၉၅၂ ခုနှစ်တွင် ကျင်းပခဲ့သည့် မြန်မာနိုင်ငံ၏ ပထမဆုံး ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲတွင် အကောင်းဆုံး ရုပ်ရှင်ဆုနှင့် မင်းသမီး ကြည်ကြည်ဌေး အမျိုးသမီး သရုပ်ဆောင်ဆု ရရှိခဲ့သည့် “ချစ်သက်ဝေ” ရုပ်ရှင်ဇာတ်ကားကြီးကိုလည်း ပြသခဲ့သည့် ထိပ်တန်းရုပ်ရှင်ရုံ တစ်ရုံလည်းဖြစ်ကြောင်း။

 

ထို့နောက်တွင် မင်းသား မင်းသမီးကြီးများ ဖြစ်ကြသည့် ဇေယျ၊ ကျော်ဆွေ၊ ထွန်းဝေ၊ ဖိုးပါကြီး၊ ရွှေဘ၊ မေမြင့်၊ ခင်ယုမေ၊ ဝင်းမင်းသန်း စသည့်ထိပ်တန်း အနုပညာရှင်ကြီးများ၏ လက်ရာ ကောင်းများစွာကိုလည်း စဉ်ဆက်မပြတ် ရုံတင်တင်ဆက်ပြသခဲ့ပြီး မြန်မာ့ရုပ်ရှင်၏ ဂုဏ်သိက္ခာကို မြှင့်တင်ပေးခဲ့သည့် အမျိုးသား အဆင့် စင်မြင့်ကြီးလည်းဖြစ်ကြောင်း။

 

၁၉၆၈ ပြည်သူပိုင်သိမ်းပြီး နောက်ပိုင်းတွင်လည်း ဝဇီရာ ရုပ်ရှင်ရုံကြီးက အရည်အသွေး မြင့်မားသည့် မြန်မာ့ရုပ်ရှင် ဇာတ်ကားများကို ဆက်လက်ပြသ ပေးခဲ့ပြီး ပြည်သူများ၏ အပန်းဖြေ စရာနှင့် ယဉ်ကျေးမှုဗဟိုချက်အဖြစ် ဆက်လက်တည်ရှိခဲ့ ကြောင်း၊ ၁၉၈၈ ခုနှစ်နောက်ပိုင်း တွင်လည်း ဆရာကြီး ဗိုလ်ကလေး တင့်အောင်နှင့် ဂီတလုလင် ဦးကိုကိုတို့၏ လက်ရာများဖြစ် သည့် “ဂုဏ်တုဂုဏ်ပြိုင်”၊ “အမေ့ ချွေးမ လှလှလေး” စသည့် ပြဇာတ်များနှင့် ဝဇီရာပြဇာတ်ရုံအဖြစ် ပြန်လည်အသက်ဝင်ခဲ့ခြင်းသည်လည်း အနုပညာရှင်များစွာ အတွက် မမေ့နိုင်စရာ အမှတ်တရများ ဖြစ်ကြောင်း။

 

ဝဇီရာ ရုပ်ရှင်ရုံကြီးသည် အနုပညာရှုထောင့်ကကြည့်ပါက မြန်မာ့ယဉ်ကျေးမှု သမိုင်းတွင် အလွန်ထူးခြားလှသည့် ဒြပ်ရှိ ယဉ်ကျေးမှုအမွေအနှစ်နှင့် ဒြပ်မဲ့ ယဉ်ကျေးမှု အမွေအနှစ်များ ပေါင်းစပ်ရာ နှလုံးအိမ်ကြီးဖြစ် ကြောင်း၊ လှပခိုင်ခံ့သည့် ပြင်သစ် ဗိသုကာလက်ရာ၊ ကျွန်းသစ်နံရံ ကတ်ပြားများနှင့် ရှေးဟောင်း ရုပ်ရှင်ရုံကြီးသည် ဒြပ်ရှိအမွေ အနှစ်အဖြစ်တည်ရှိနေချိန် စင်မြင့် ထက်တွင် ကပြတင်ဆက်ခဲ့ကြသည့် မြန်မာ့သဘင်၊ ဆိုင်း၊ ဂီတ၊ အက၊ ပြဇာတ်နှင့် ရုပ်ရှင်တင်ဆက်မှုများ သည်လည်း ဒြပ်မဲ့အမွေအနှစ်အဖြစ် ထင်ဟပ်စေပြီး ဝဇီရာကို သမိုင်း စဉ်ဆက်ရှင်သန်စေခဲ့ကြောင်း။

 

ထို့အတွက် မိမိတို့နိုင်ငံတော် အစိုးရအနေဖြင့် ယခုကဲ့သို့တန်ဖိုး မဖြတ်နိုင်သည့် ယဉ်ကျေးမှုအမွေ အနှစ်ကြီးကို အနာဂတ်မျိုးဆက် သစ်များအတွက် လက်ဆင့်ကမ်းနိုင်ရန် အထူးအလေးထားပြီး ဆောင်ရွက်ခဲ့ကြောင်း၊ မိမိ ကိုယ်တိုင်ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ယခု ဝဇီရာရုပ်ရှင်ရုံကြီးကို လာရောက် ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း။

 

အဆိုပါ လမ်းညွှန်ချက်များကို သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့် ကော်မတီများက ပေါင်းစပ်ညှိနှိုင်း ပြီး ကြိုးစားအကောင်အထည်ဖော်နိုင်ကြသဖြင့်သာ ယခုအခါ ဝဇီရာ ရုပ်ရှင်ရုံကြီးကို နိုင်ငံတကာ အဆင့်မီ ဂုဏ်ပြုခံကဇာတ်ရုံ (Red Carpet Theatre) အဖြစ် အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ် ကြောင်း၊ မူလသမိုင်းဝင် ဗိသုကာ လက်ရာများကို မပျက်စီးစေဘဲ အလေးပေးတန်ဖိုးထားမှုများနှင့် အတူ ခေတ်မီရုပ်ရှင်ကြည့် ထိုင်ခုံများ၊ ရုပ်ရှင်နှင့်ပြစက်ပါ နှစ်မျိုး သုံးနိုင်သည့် LED နောက်ခံ Screen များနှင့် နောက်ဆုံးပေါ် အသံလုံစနစ်များ စသည့် ခေတ်ပေါ်နည်းပညာများ ပေါင်းစပ်ပြီး အဆင့်မြှင့်တင် ဆောင်ရွက်ခဲ့ခြင်းပင် ဖြစ်ကြောင်း။

 

နိုင်ငံအများစုတွင် ဂန္ထဝင် ယဉ်ကျေးမှု ပြဇာတ်ကြီးများ၊ သီချင်းကြီးများနှင့် သံစုံတီးဝိုင်းများကို သီးသန့်တန်ဖိုးထားပြီး တခမ်းတနား တင်ဆက်ကပြ ကြည့်ရှုလေ့ရှိသည့် အော်ပရာ ပြဇာတ်ရုံကြီးများ (Opera Houses) ရှိနေကြကြောင်း၊ မိမိတို့ မြန်မာနိုင်ငံတွင်လည်း ယခု ဖွင့်လှစ်လိုက်သည့် ဝဇီရာကဇာတ်ရုံကြီးသည် မြန်မာ့ရိုးရာ ဆိုင်း၊ အငြိမ့် ၊ သဘင်၊ ရိုးရာ ကဇာတ်ကြီးများနှင့် ဂန္ထဝင် မြန်မာ့ပြဇာတ်ကြီးများကို နိုင်ငံတကာအဆင့်မီ ခမ်းနားထည်ဝါစွာ တင်ဆက် ကြည့်ရှုနိုင်မည့် တစ်ခုတည်းသော အမျိုးသားအဆင့် ကဇာတ်ရုံကြီး ဖြစ်လာတော့မည်ဖြစ်ကြောင်း။

 

ယခု ကဇာတ်ရုံကြီးတွင် တင်ဆက်မည့် အနုပညာလက်ရာများသည် ရိုးရိုးဖျော်ဖြေရေး သက်သက်မဟုတ်ဘဲ မြန်မာ့ယဉ်ကျေးမှုကို ထိန်းသိမ်းမြှင့်တင်ပြီး ဂုဏ်သိက္ခာရှိသည့်၊ အမျိုးသား အဆင့်ဂုဏ်ဒြပ်ကို ဖော်ဆောင်နိုင်သည့် တင်ဆက်မှုများကို မြန်မာ ပြည်သူပရိသတ်များနှင့် မြန်မာနိုင်ငံကို လာရောက်လည်ပတ်သည့် နိုင်ငံခြားသား ဧည့်သည်များ ဂုဏ်ယူစွာ ကြည့်ရှုခံစားနိုင်တော့ မည်ဖြစ်ကြောင်း။

 

ယခုအဆင့်မြှင့်တင်ပြီး ပြန်လည် အသက်သွင်းလိုက်သည့် ဝဇီရာ ဂုဏ်ပြုခံ ကဇာတ်ရုံကြီးသည် ရုပ်ရှင်ပြသရန် သက်သက်သာ မဟုတ်ဘဲ ရုပ်ရှင်၊ ပြဇာတ်၊ ဇာတ် သဘင်၊ ရုပ်သေး၊ အကနှင့် ဂီတပွဲများ ကျင်းပရာ ဘက်စုံသုံးအနုပညာ ဗဟိုချက် (Cultural Hub) တစ်ခု အဖြစ် ရပ်တည်သွားမည်ဖြစ်ကြောင်း၊ ယဉ်ကျေးမှုအနုပညာ ဖျော်ဖြေရေး ပြက္ခဒိန်ရေးဆွဲပြီး ရှေးဟောင်းအမွေအနှစ် ရုပ်ရှင်ကားများ ပြသခြင်း၊ တိုင်းရင်းသား ရိုးရာယဉ်ကျေးမှုအဖွဲ့များ ကပြ ဖျော်ဖြေခြင်း၊ မြန်မာ့ရိုးရာသဘင်နှင့် ဂီတဖျော်ဖြေပွဲများကျင်းပခြင်း၊ ကမ္ဘာလှည့် ခရီးသွားများ အတွက် ယဉ်ကျေးမှုအထူးပြပွဲများ ကျင်းပပေးခြင်း၊ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်များ ကျင်းပခြင်း စသည့် အနုပညာလှုပ်ရှားမှုများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အနာဂတ်ကာလတွင် ဝဇီရာ နိုင်ငံတကာ အဆင့်မီ ဂုဏ်ပြုခံ ကဇာတ်ရုံကြီးသည် ယဉ်ကျေးမှု အမွေအနှစ်ကို ထိန်းသိမ်းရုံသာမက ရှေးဟောင်း အမွေအနှစ် ခရီးသွားလုပ်ငန်း (Heritage Tourism) နှင့် ယဉ်ကျေး မှုစီးပွားရေး (Cultural Economy)တို့နှင့်ပတ်သက်ပြီး များစွာ အထောက်အကူပြုနိုင်တော့မည် ဖြစ်ကြောင်း။

 

ဝဇီရာရုပ်ရှင်ရုံကြီးသည် အုတ်၊ သဲ၊ ကျောက်များနှင့် တည်ဆောက်ထားသည့် သာမန်အဆောက်အအုံ တစ်ခုသာ မဟုတ်ဘဲ ဖြတ်သန်းခဲ့သည့် ခေတ်အဆက်ဆက်မှ အနု ပညာရှင်များ၏ အနုပညာဝိညာဉ်နှင့် ပြည်သူပရိသတ်များ၏ ရင်ခုန်သံများ ကိန်းဝပ်နေသည့် သမိုင်း ဝင်ပြတိုက်ကြီးတစ်ခုဟုသာ ပြောရမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ ဝဇီရာရုပ်ရှင်ရုံကြီး ပြန်လည် ရှင်သန်နိုးထလာခြင်းသည် မိမိ တို့နိုင်ငံ၏ အမျိုးသားယဉ်ကျေးမှု သမိုင်းစာမျက်နှာသစ်ကို ဖွင့်လှစ်လိုက်ခြင်းပင်ဖြစ်ကြောင်း၊ ယနေ့ခေတ်တွင် အဆိုးအကောင်း ရောပြွန်းနေသည့် နိုင်ငံတကာ ယဉ်ကျေးမှု ရေစီးကြောင်းကြီးသည် မြန်မာနိုင်ငံကိုလည်း အကြားအလပ်မရှိ စီးဝင်ထိုးဖောက် ဝင်နေကြောင်း၊ မိမိတို့၏ ကိုယ်ပိုင် ယဉ်ကျေးမှုများ မကျိုးကြေသွားစေရန် “ဝဇီရာ” ကဲ့သို့ မာကျော၊ တောက်ပ၊ ထွင်းဖောက်နိုင်သည့် စွမ်းအားနှင့်သာ ကာကွယ်နိုင်မည် ဖြစ်ကြောင်း။

 

ရိုးရာယဉ်ကျေးမှု ဆိုသည်မှာ အလွန်နူးညံ့သိမ်မွေ့ပြီး စွမ်းအားရှိသည့် (Soft Power) ဖြစ်ခြင်း ကြောင့် ထိန်းသိမ်းနိုင်ရန်အတွက် တန်ဖိုးထား လေးစားဂုဏ်ယူပြီး ထာဝရတည်တံ့အောင် ကာကွယ် စောင့်ရှောက်သွားမည် ဆိုသည့် ခိုင်မာသည့် စိတ်ဓာတ်များ လိုအပ် မည်ဖြစ်ကြောင်း၊ ထို့အတွက် ယခု ဖွင့်လှစ်လိုက်သည့် ဝဇီရာ နိုင်ငံတကာအဆင့်မီ ဂုဏ်ပြုခံ ကဇာတ်ရုံကြီးသည် မြန်မာ့ရိုးရာ ယဉ်ကျေးမှုများကို မပျောက်ပျက်အောင် ထိန်းသိမ်းပေးနိုင်မည်ဟု မျှော်လင့် သကဲ့သို့ အနာဂတ်အနုပညာ မျိုးဆက်သစ်များအတွက်လည်း အဖိုးတန်အနုပညာ လင်းရောင် ခြည်များ ပေးစွမ်းနိုင်မည်ဟု ယုံကြည်ကြောင်း၊ ဝဇီရာ နိုင်ငံတကာအဆင့်မီ ဂုဏ်ပြုခံကဇာတ် ရုံကြီးသည် နာမည်နှင့်လိုက်ဖက်စွာ ကမ္ဘာတည်သရွေ့ ခိုင်မာ၊ တောက်ပစွာ တည်တံ့ပါစေကြောင်း ဆုမွန်ကောင်းတောင်းကြောင်း ပြောကြားသည်။

 

ဆက်လက်၍ နိုင်ငံတော်သမ္မတ ထံ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဝဇီရာ နိုင်ငံတကာအဆင့်မီ ဂုဏ်ပြုခံ ကဇာတ်ရုံ ဖွင့်ပွဲအထိမ်းအမှတ် လက်ဆောင်အား ဂါရဝပြုပေးအပ် သည်။

 

ယင်းနောက် နိုင်ငံတော်သမ္မတ နှင့် အခမ်းအနားတက်ရောက်လာ ကြသူများသည် ဝဇီရာ နိုင်ငံ တကာအဆင့်မီ ဂုဏ်ပြုခံကဇာတ်ရုံဆိုင်ရာ Video Clip ကို ကြည့်ရှုကြပြီး မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး၊ မြန်မာနိုင်ငံသဘင်အစည်းအရုံး၊ မြန်မာနိုင်ငံ ဂီတအစည်းအရုံး၊ နိုင်ငံကျော်ရုပ်သေးပညာရှင်များ၊ မြန်မာနိုင်ငံ ဟာသပညာရှင်များ အစည်းအရုံးတို့၏ ဂုဏ်ပြု တင်ဆက်မှုများ၊ ပြဇာတ်၊ တေး သရုပ်ဖော်တို့ဖြင့် ဂုဏ်ပြုဖျော်ဖြေ တင်ဆက်မှုများကို ကြည့်ရှု အားပေးခဲ့ကြသည်။

 

အခမ်းအနားအပြီးတွင် နိုင်ငံတော်သမ္မတက ဖျော်ဖြေ တင်ဆက်ခဲ့ကြသည့် အနုပညာ ရှင်များအား ဂုဏ်ပြုပန်းခြင်း ချီးမြှင့်ပေးအပ်ပြီး ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့သည်။

 

ထို့နောက် နိုင်ငံတော်သမ္မတ သည် ဝဇီရာ နိုင်ငံတကာအဆင့်မီ ဂုဏ်ပြုခံ ကဇာတ်ရုံ၏ အသံစနစ် တပ်ဆင်ထားရှိမှုနှင့် ဝဇီရာရုပ်ရှင် ရုံအား နိုင်ငံတကာအဆင့်မီ ဂုဏ်ပြုခံ ကဇာတ်ရုံအဖြစ် အဆင့် မြှင့်တင်မွမ်းမံပြင်ဆင်ခဲ့မှု မှတ်တမ်း ဓာတ်ပုံများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်