နေပြည်တော်  ၁၆   ဒီဇင်ဘာ

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀ဝ၈ခုနှစ်) ပြင်ဆင်ရေး ပူးပေါင်းကော်မတီ အစည်းအဝေး (၆၉/၂၀၁၉)ကို ယနေ့ မွန်းလွဲ ၁ နာရီတွင် ပြည်ထောင်စုလွှတ်တော် D ဆောင် ဒုတိယထပ်အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးသို့ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀ဝ၈ ခုနှစ်) ပြင်ဆင်ရေးပူးပေါင်း ကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းအောင်(ခ) ဦးထွန်းထွန်းဟိန်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀ဝ၈ ခုနှစ်) ပြင်ဆင်ရေးပူးပေါင်းကော်မတီဒုတိယဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးအေးသာအောင်၊ ပူးပေါင်းကော်မတီအတွင်းရေးမှူး ဒေါက်တာ မြတ်ဉာဏစိုး၊ တွဲဖက်အတွင်းရေးမှူး ဦးဌေးဝင်းအောင်(ခ)ဦးပြုံးချို၊ အဖွဲ့ဝင်များ ဖြစ်ကြသည့် နိုင်ငံရေးပါတီများမှ လွှတ်တော်ကိုယ်စားလှယ်များ၊ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များနှင့် ပြည်ထောင်စု လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ပူးပေါင်းကော်မတီအနေဖြင့် ပြင်ဆင်ရေးပူးပေါင်းကော်မတီတွင် ပါဝင်သည့် နိုင်ငံရေးပါတီ၊ အစုအဖွဲ့အသီးသီးနှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်တို့မှ တင်ပြခဲ့သည့် အခန်းလိုက် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ရန် အကြံပြုချက်များအပေါ် ပြင်ဆင်သည့် ဥပဒေမူကြမ်းရေးဆွဲရန် ဆန္ဒပြုမှုကိုဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀ဝ၈ ခုနှစ်)၏ နိဒါန်း အပါအဝင် အခန်း (၁)မှစ၍အခန်း (၈) နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များအခန်းအထိ ပြီးပြတ်အောင် ဆောင်ရွက်ပြီး ဖြစ်ကြောင်းနှင့် ယနေ့ကျင်းပသည့် အစည်းအဝေး၌ အခန်း(၉)ရွေးကောက်တင်မြှောက်ခြင်း အခန်းကို ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

 

(သတင်းစဉ်)