နေပြည်တော်  ၁၇  ဒီဇင်ဘာ

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀ဝ၈ ခုနှစ်) ပြင်ဆင်ရေး ပူးပေါင်းကော်မတီ အစည်းအဝေး(၇၀/၂၀၁၉)ကို  ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု လွှတ်တော် D ဆောင် ဒုတိယထပ်အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးသို့ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀ဝ၈ ခုနှစ်) ပြင်ဆင်ရေးပူးပေါင်း ကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းအောင်(ခ)ဦးထွန်းထွန်းဟိန်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀ဝ၈ ခုနှစ်) ပြင်ဆင်ရေး ပူးပေါင်း ကော်မတီဒုတိယဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ ပူးပေါင်းကော်မတီအတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုး၊ တွဲဖက်အတွင်းရေးမှူး ဦးဌေးဝင်းအောင်(ခ)ဦးပြုံးချို၊အဖွဲ့ဝင်များဖြစ်ကြသည့် နိုင်ငံရေးပါတီများမှ လွှတ်တော် ကိုယ်စားလှယ်များ၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များနှင့် ပြည်ထောင်စု လွှတ်တော်ရုံးမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။

 

ပူးပေါင်းကော်မတီအနေဖြင့် ပြင်ဆင်ရေးပူးပေါင်းကော်မတီတွင်ပါဝင်သည့် နိုင်ငံရေး ပါတီ၊ အစုအဖွဲ့အသီးသီးနှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်တို့မှ တင်ပြခဲ့သည့် အခန်းလိုက် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ရန်အကြံပြုချက်များအပေါ် ပြင်ဆင်သည့်ဥပဒေမူကြမ်းရေးဆွဲရန် ဆန္ဒပြုမှုကို ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀ဝ၈ ခုနှစ်)၏ နိဒါန်းအပါအဝင် အခန်း (၁) နိုင်ငံတော်အခြေခံမူ များ အခန်းမှစ၍ အခန်း(၉) ရွေးကောက်တင်မြှောက်ခြင်းအခန်း၊ အခန်း (၁၀) နိုင်ငံရေးပါတီ များ အခန်းတို့ကို ပြီးပြတ်အောင် ဆောင်ရွက်ပြီးဖြစ်ကြောင်းနှင့် ယနေ့ကျင်းပသည့် အစည်း အဝေး၌ အခန်း(၁၁)အ‌ရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များအခန်းကို ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

 

သတင်းစဉ်