ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀ဝ၈ ခုနှစ်) ပြင်ဆင်ရေး ပူးပေါင်းကော်မတီအစည်းအဝေး (၆၂/၂၀၁၉) ကျင်းပ

နေပြည်တော်  ၂၈  နိုဝင်ဘာ

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀ဝ၈ခုနှစ်) ပြင်ဆင်ရေး ပူးပေါင်းကော်မတီ အစည်းအဝေး (၆၂/၂၀၁၉)ကို ယနေ့မွန်းလွဲ  ၁ နာရီတွင် ပြည်ထောင်စုလွှတ်တော် D ဆောင် ဒုတိယထပ် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးသို့ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀ဝ၈ခုနှစ်) ပြင်ဆင်ရေးပူးပေါင်းကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုလွှတ်တော်ဒုတိယနာယက၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းအောင် (ခ) ဦးထွန်းထွန်းဟိန်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀ဝ၈ခုနှစ်) ပြင်ဆင်ရေးပူးပေါင်း ကော်မတီ ဒုတိယဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ ပူးပေါင်းကော်မတီ အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုး၊ တွဲဖက်အတွင်းရေးမှူး ဦးဌေးဝင်းအောင်(ခ)ဦးပြုံးချို၊ အဖွဲ့ဝင်များ ဖြစ်ကြသည့် နိုင်ငံရေးပါတီများမှ လွှတ်တော်ကိုယ်စားလှယ်များ၊ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များနှင့် ပြည်ထောင်စုလွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

 

ပူးပေါင်းကော်မတီအနေဖြင့် ပြင်ဆင်ရေးပူးပေါင်းကော်မတီတွင် ပါဝင်သည့် နိုင်ငံရေးပါတီ၊ အစုအဖွဲ့အသီးသီးနှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်တို့မှ တင်ပြခဲ့သည့် အခန်းလိုက် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ရန် အကြံပြုချက်များအပေါ် ပြင်ဆင်သည့် ဥပဒေမူကြမ်းရေးဆွဲရန် ဆန္ဒပြုမှုကို ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀ဝ၈ ခုနှစ်)၏ နိဒါန်းအပါအဝင် အခန်း(၁) နိုင်ငံတော် အခြေခံမူများ၊ အခန်း(၂) နိုင်ငံတော်ဖွဲ့စည်းတည်ဆောက်ပုံ၊ အခန်း(၃)နိုင်ငံတော် အကြီးအကဲ၊ အခန်း(၄) ဥပဒေပြုရေးနှင့် အခန်း(၅) အုပ်ချုပ်ရေးအခန်းများအပေါ်တွင် ပြီးပြတ်အောင် ဆောင်ရွက်ပြီးဖြစ်ကြောင်းနှင့် ယနေ့ကျင်းပသည့် အစည်းအဝေး၌ အခန်း(၆)ကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ပူးပေါင်းကော်မတီအစည်းအဝေးများကို လွှတ်တော်ကျင်းပစဉ်ကာလ၌ အပတ်စဉ် တနင်္လာ၊ အင်္ဂါ၊ ကြာသပတေးနေ့ရက်များတွင် လည်းကောင်း၊ လွှတ်တော်အစည်းအဝေး ရပ်နားစဉ် ကာလများ၌ အစည်းအဝေးရပ်နားပြီးနောက် ၁၀ ရက်နှင့် နောက်တစ်ကြိမ်ပုံမှန် အစည်းအဝေးမစတင်မီ ရှေ့ ၁၀ ရက်တို့တွင် လည်းကောင်း ဆက်တိုက်ကျင်းပဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

(သတင်းစဉ်)