နေပြည်တော် ဧပြီ ၆
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ရွေးကောက်တင်မြှောက်ခြင်းခံရသောသမ္မတ နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Ms. Ma Jia က ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဥက္ကဋ္ဌရုံး ဧည့်ခန်းမ၌ လာရောက်ဂါရဝပြုတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မိမိအား နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ကြောင်းကြေညာပြီး နောက်ပိုင်း ပြည်ပနိုင်ငံသံတမန်များအနက် ပထမဆုံး လာရောက်တွေ့ဆုံသည့် သံအမတ်ကြီး ဖြစ်သည့်အတွက် ဝမ်းမြောက်ပါကြောင်း၊ အလားတူ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သမ္မတကြီး မစ္စတာ ရှီကျင့်ဖျင်အနေဖြင့် မိမိကို နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ပြီး နာရီပိုင်းအတွင်း ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့ခဲ့မှုအပေါ်တွင်လည်း အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ အိမ်နီးနားချင်း မိတ်ဆွေကောင်း နိုင်ငံတစ်ခုအနေဖြင့် မြန်မာနိုင်ငံ၏ နိုင်ငံရေးပြုပြင် ပြောင်းလဲမှုအပေါ် ထောက်ခံမှုပြသခြင်းပင်ဖြစ်သည့်အတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီးက အဆွေတော်အား နိုင်ငံတော်သမ္မတကြီး အဖြစ် ရွေးချယ်တင်မြှောက် ခြင်းခံရမှုအပေါ် မိမိအနေဖြင့် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ အဆွေတော် အနေဖြင့် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ဆက်ဆံရေးကောင်းမွန်အောင် ဆောင်ရွက် ခဲ့မှုများအပေါ်တွင်လည်း ကျေးဇူးတင်ရှိပါကြောင်း၊ အဆွေတော်၏ စွမ်းဆောင်မှုများ အောက်တွင် မြန်မာနိုင်ငံအနေဖြင့် တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတစ်ခုဖြစ်လာမည်ဟု ယုံကြည် ပါကြောင်းနှင့် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများ ယခုထက် ပိုမိုတိုးတက်လာမည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။
ယင်းနောက် နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေး၊ လုံခြုံရေးနှင့် ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် ကုန်သွယ်ရေးလမ်းကြောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့် ကုန်စည်ကူးသန်းရောင်းဝယ်မှုများ ပြန်လည်ဆောင်ရွက်နိုင်ရေးကိစ္စရပ်များ၊ အင်အားပြင်း မန္တလေး ငလျင်ကြီး လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့ရမှုများအပေါ် ပြန်လည်ထူထောင်ရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် တရုတ်နိုင်ငံမှ ပါဝင်ကူညီ ဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေများနှင့် ပတ်သက်၍ ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီးက ရွေးကောက်တင်မြှောက်ခြင်း ခံရသောသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သမ္မတ မစ္စတာ ရှီကျင့်ဖျင်က ပေးပို့သည့် ဝမ်းမြောက်ကြောင်း သဝဏ်လွှာကို လက်ရောက်ပေးအပ်သည်။
အဆိုပါ တွေ့ဆုံပွဲသို့ ရွေးကောက်တင်မြှောက်ခြင်းခံရသော သမ္မတ နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌနှင့်အတူ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ တက်ရောက်ပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီးနှင့် သံရုံးမှတာဝန်ရှိသူတို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


