ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့နှင့် လေရှီးမြို့တို့ရှိ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ ဆွေးနွေးပြောကြား

 

နေပြည်တော် ဖေဖော်ဝါရီ ၁၆

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ မွန်းလွဲပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့နှင့် လေရှီးမြို့တို့ရှိ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် မြို့မိမြို့ဖများအား သက်ဆိုင်ရာခန်းမများ၌ သီးခြားစီတွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ ဆွေးနွေးပြောကြားသည်။

 

ဦးစွာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌနှင့် ဇနီးနှင့် အဖွဲ့ဝင်များသည် လဟယ်မြို့နှင့် လေရှီးမြို့တို့သို့ ရောက်ရှိကြရာ ဒေသခံတိုင်းရင်းသား ပြည်သူများက ရင်းနှီးနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌက သက်ဆိုင်ရာခန်းမများ၌ သီးခြားစီတွေ့ဆုံ၍ ဒေသဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာများ ဆွေးနွေးပြောကြားသည်။

 

အဆိုပါတွေ့ဆုံပွဲ အခမ်းအနားများသို့ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၏ ဇနီး ဒေါ်ကြူကြူလှ၊ ကော်မရှင်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ဇနီး၊ ပြည်ထောင်စုဝန်ကြီးများ၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ လဟယ်မြို့နှင့် လေရှီးမြို့တို့ရှိ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ တိုင်းရင်းသားရိုးရာစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ၊ ဒေသခံတိုင်းရင်းသားပြည်သူများ တက်ရောက်ကြသည်။

 

ဒေသဆိုင်ရာ အချက်အလက် များနှင့် ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များအား အသီးသီး ဆွေးနွေးတင်ပြ

 

ဦးစွာ လဟယ်မြို့နှင့် လေရှီးမြို့တို့မှ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းနှင့် လေရှီးမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဝင်းမောင်တို့က ဒေသဆိုင်ရာ အချက်အလက်များ၊ ဒေသတည်ငြိမ်အေးချမ်းရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့မှု၊ နာဂဒေသအတွင်း မြေအသုံးချမှုနှင့် ပျမ်းမျှမိုးရေရရှိမှု၊ ကဏ္ဍကြီးများအလိုက် ကုန်ထုတ်လုပ်မှုများ တိုးတက်ထုတ်လုပ်နိုင်ခဲ့မှု၊ ရာသီအလိုက် သီးနှံများစိုက်ပျိုးလျက်ရှိမှု၊ ဒေသဝမ်းစာဖူလုံမှု၊ မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ နိုင်ငံ့စီးပွားရေးမြှင့်တင်ရေး ရန်ပုံငွေများ ထုတ်ချေးပေးထားမှု၊ ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ မြှင့်တင်ဆောင်ရွက်လျက်ရှိမှု၊ ဒေသတစ်ခု ထုတ်ကုန်တစ်ခု (OROP) ဖြင့် ရိုးရာအထည်များနှင့် စားသောက်ကုန်များ ထုတ်လုပ်ရောင်းချလျက်ရှိမှု၊ နာဂဒေသအဆင့်နှင့် သင့်လျော်သည့် ဌာနဆိုင်ရာအဖွဲ့များအား လိုအပ်သလို တိုးမြှင့်ဖွဲ့စည်းပေးစေလိုမှု၊ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ မြို့တော်ခန်းမ ဆောက်လုပ်ပေးစေလိုမှု၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဌာန ဖွဲ့စည်းပေးစေလိုမှု၊ တယ်လီဖုန်းဆက်သွယ်မှုများ ပိုမိုကောင်းမွန်စေရေး ဆောင်ရွက်ပေးစေလိုမှု၊ နယ်စပ်ကုန်သွယ်ရေး ကိစ္စရပ်များ၊ လေရှီးမြို့ပေါ်ရပ်ကွက် အချို့နှင့် ကျေးလက်ဒေသများ လျှပ်စစ်ဓာတ်အား လုံလောက်စွာ ရရှိရေး မတူဂီ ရေအားလျှပ်စစ် ဓာတ်အားထုတ်လုပ်မှုစက်ရုံ အတွက် ရေလုံလောက်စွာရရှိရေး အဆင့်မြင့် ရေလှောင်ကန်နှင့် အဆင့်မြင့် စက်ပစ္စည်းများ ဖြည့်ဆည်းတည်ဆောက်ပေးစေလိုမှု၊ နာဂဒေသ တည်ငြိမ်အေးချမ်းရေးအတွက် ဒေသခံများအနေဖြင့် တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိမှု၊ ချင်းတွင်းတံတား (ထမံသီ) အား ဖွင့်လှစ်ပေးမှုအတွက် ဒေသခံပြည်သူများ အနေဖြင့် ကျေးဇူးတင်ရှိမှု၊ ထမံသီ-လေရှီး-ဆွမ္ပရာ လမ်းကြောင်းအား ရာသီမရွေးသွားလာနိုင်ရေး ဆောင်ရွက်ပေးစေလိုမှုများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။

 

တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများက ပြန်လည်ရှင်းလင်းဆွေးနွေး

 

ယင်းနောက်တင်ပြချက်များနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က လဟယ်ဒေသအတွင်း ဆက်သွယ်မှုများ အဆင်ပြေချောမွေ့စေရေး တတ်နိုင်သမျှ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိမှုနှင့် ဆက်လက်၍ ပိုမိုကောင်းမွန်အောင် ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည့် အခြေအနေများ၊ ဒေသအတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးတက်စေရေးအတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံ (ဟုမ္မလင်း) ၌ နာဂဒေသမှ ကျောင်းသား ကျောင်းသူများအား အထူးကိစ္စတစ်ရပ်အနေဖြင့် သင်ကြားခွင့်ပြုပေးထားမှု၊ ဒေသစိုက်ပျိုးရေးလုပ်ငန်းများ တိုးတက်စေရေးအတွက် ကုန်းမြင့်လယ်ယာများ တတ်နိုင်သမျှဖော်ထုတ်ပေးလျက်ရှိမှု၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်း စက်မှု၊ စိုက်ပျိုးမွေးမြူရေး အခြေခံပညာအထက်တန်းကျောင်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသဖြင့် ဒေသအလိုက် စိုက်ပျိုးမွေးမြူရေး ကုန်ထုတ်လုပ်ငန်းများ တိုးတက်လာနိုင်မှု၊ ဒေသန္တရ မွေးမြူရေးလုပ်ငန်းများကို စနစ်တကျဖြင့် မွေးမြူဆောင်ရွက်စေလိုမှု၊ စိုက်ပျိုးရေများ လုံလောက်စွာရရှိရေး ဘဏ္ဍာရေးနှစ်အလိုက် ဆောင်ရွက်ပေးလျက်ရှိမှု၊ ဘက်စုံသုံးခန်းမအား မြေနေရာအပေါ်မူတည်၍ ဆောက်လုပ်နိုင်ရေး တင်ပြဆောင်ရွက်သွားမည့် အခြေအနေများ၊ လမ်းပန်းဆက်သွယ်မှုများ ကောင်းမွန်စေရေး ဘဏ္ဍာရေးနှစ်အလိုက် ဆောင်ရွက်ပေးသွားမည့် အခြေအနေများ၊ ရိုးရာယဉ်ကျေးမှုကွင်း တည်ဆောက်ရေးနှင့် ပတ်သက်၍ ဘဏ္ဍာရေးနှစ်အလိုက် ဆက်လက်ဆောင်ရွက်ပေးသွားမည့် အခြေအနေများ၊ လဟယ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လမ်းပန်းဆက်သွယ်မှုများ ကောင်းမွန်စေရေး ဆောင်ရွက်ပေးလျက်ရှိမှု အခြေအနေများ၊ ဌာနဆိုင်ရာများ တိုးချဲ့ဖွဲ့စည်းလိုမှုနှင့် ပတ်သက်၍ ဆက်လက်တင်ပြ ဆောင်ရွက်သွားမည့် အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးတင်ပြကြသည်။

 

ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများနှင့် ပတ်သက်၍ ဆွေးနွေးပြောကြား

 

ဆက်လက်၍ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌက ဆွေးနွေးပြောကြားရာတွင် မိမိအနေဖြင့် နာဂဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် လိုအပ်သည်များ ဆောင်ရွက်ပေးနိုင်ရန်အတွက် လာရောက်ခဲ့ခြင်းဖြစ်ကြောင်း၊ လဟယ်မြို့တွင် ရိုးရာပွဲတော် ကျင်းပပြုလုပ်ရန်အတွက် ပွဲတော်ကွင်းနှင့် ဘက်စုံသုံးခန်းမ တည်ဆောက်ရန်အတွက် ဆက်လက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ နာဂဒေသအတွင်း လမ်းပန်းဆက်သွယ်မှုများ ကောင်းမွန်စေရေး ပြည်မအတွင်းသို့ ဆက်သွယ်သည့်လမ်းများကို ဦးစားပေးအနေဖြင့် ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း၊ လမ်းပန်းဆက်သွယ်မှုများ အဆင်ပြေစေရေးအတွက် ချင်းတွင်းမြစ်ကူးတံတား (ထမံသီ) ကို ယနေ့တွင် ဖွင့်လှစ်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း။

 

နာဂဒေသသည် သွားလာရန် ခက်ခဲသဖြင့် လမ်းပန်းဆက်သွယ်မှုများ ကောင်းမွန်စေရေး လမ်းများ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို ဘဏ္ဍာရေးနှစ်အလိုက် ဆောင်ရွက်စေလျက်ရှိကြောင်း၊ အလားတူ လဟယ်ဒေသနှင့် နန်းယွန်းဒေသသို့ ဆက်သွယ်သည့်လမ်းအား ရာသီမရွေးသွားလာနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပြည်မသို့ ဆက်သွယ်သည့် လမ်းများ အဆင်ပြေချောမွေ့စွာဖြင့် သွားလာနိုင်ရေး ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လမ်းပန်းဆက်သွယ်မှုအခက်အခဲများကြောင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ပစ္စည်းများ သယ်ယူပို့ဆောင်ရန် အခက်အခဲများရှိကြောင်း၊ ထို့ကြောင့် ဒေသတွင်း လမ်းပန်းဆက်သွယ်မှုများ လုံခြုံချောမွေ့စေရေး မိမိတို့အနေဖြင့် ဆက်လက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း။

 

လဟယ်မြို့နယ် ဆေးရုံအတွက် ဆရာဝန်လိုအပ်ချက်နှင့်  ပတ်သက်၍ ၂၀၁၂ ခုနှစ်မှ စတင်၍ နာဂဒေသအတွက် ဆရာဝန်လိုအပ်ချက်များရှိခြင်းကြောင့် တပ်မတော်အထူးကု ဆရာဝန်များကို စေလွှတ်ပေးခဲ့ကြောင်း၊ လိုအပ်ချက်များရှိပါက မိမိတို့အနေဖြင့် ထပ်မံစေလွှတ်ပေးသွားမည်ဖြစ်ကြောင်း၊ ဆေးရုံရှိပါက ဆရာဝန်ရှိရမည်ဖြစ်သဖြင့် ဆရာဝန်များ ခန့်အပ်ပေးသွားမည်ဖြစ်ကြောင်း၊ ဆေးရုံအတွက် လိုအပ်သည့် ကုသရေးဆိုင်ရာ ပစ္စည်းများကိုလည်း တတ်နိုင်သမျှ ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း။

 

စာသင်ကျောင်းများအတွက် ဆရာ ဆရာမများ လိုအပ်မှုနှင့် ပတ်သက်၍ အလယ်တန်းပြ ဆရာ ဆရာမများ ပိုမိုလိုအပ်လျက်ရှိသည်ကို တွေ့ရကြောင်း၊ ဆရာ ဆရာမများ ဖြည့်ဆည်းပေးနိုင်ရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ နာဂဒေသအတွင်း ပညာရေးနှင့် ပတ်သက်၍ ပညာတတ်များ ပေါကြွယ်ဝစေရေး ပညာရေးကို အားပေးဆောင်ရွက်သွားကြစေလိုကြောင်း၊ စာရင်းဇယားများအရ တန်းစဉ်ကူးပြောင်းမှုများ နည်းပါးသည်ကို တွေ့ရကြောင်း၊ ပညာသင်ကြားရာတွင် ဘာသာစကားအရ အခက်အခဲများ ဖြစ်ပေါ်လျက်ရှိသည်ကို တွေ့ရှိရသဖြင့် လူကြီးမိဘများ၊ တာဝန်ရှိသူများ အနေဖြင့်လည်း မိမိတို့ နိုင်ငံ၏ ရုံးသုံးဘာသာစကားဖြစ်သည့် မြန်မာစကားကို ကလေးငယ်များ တတ်ကျွမ်းစေရေး ဝိုင်းဝန်းဆောင်ရွက်ပေးကြစေလိုကြောင်း၊ သို့မှသာ ပညာသင်ကြားမှုကို အထောက်အကူ ပြုနိုင်မည်ဖြစ်ကြောင်း၊ အလားတူ အချို့ကျောင်းနေအရွယ် ကလေးငယ်များသည် အကြောင်းအမျိုးမျိုးကြောင့် ပညာသင်ကြားရန် ပျက်ကွက်နေကြသည်ကို တွေ့ရကြောင်း၊ ထို့ကြောင့် အုပ်ချုပ်ရေးဆိုင်ရာ အဖွဲ့အစည်းများအနေဖြင့် ကျောင်းနေအရွယ် ကလေးငယ်များအားလုံး အတန်းပညာသင်ကြားနိုင်ရေး ဝိုင်းဝန်းတိုက်တွန်း ဆောင်ရွက်ပေးကြစေလိုကြောင်း။

 

နာဂဒေသတွင် စိုက်ပျိုးမွေးမြူရေး ကုန်ထုတ်လုပ်ငန်းများအတွက် လူသားအရင်းအမြစ်များ ပေါကြွယ်ဝလာစေရေး စက်မှု၊ စိုက်ပျိုးမွေးမြူရေး အခြေခံပညာအထက် တန်းကျောင်းများကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း၊ ထိုသို့ ဆောင်ရွက်ပေးခြင်းဖြင့် ဒေသအတွက် လိုအပ်သည့် စိုက်ပျိုးမွေးမြူရေးပညာရှင်များ မွေးထုတ်ပေးနိုင်မည်ဖြစ်ကြောင်း၊ မိမိတို့၏ သားသမီးများအား ပညာတတ် လူသားအရင်းအမြစ်များအဖြစ် ဆောင်ရွက်ပြီး ၎င်းတို့၏ အနာဂတ်ဘဝ တိုးတက်ရေးအတွက် ဆောင်ရွက်ပေးကြစေလိုကြောင်း၊ စက်မှု၊ စိုက်ပျိုးမွေးမြူရေး အခြေခံပညာအထက်တန်းကျောင်းတွင် တက်ရောက်ပြီးစီးပါက ဟုမ္မလင်းမြို့ရှိ စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံသို့  တက်ရောက်ပြီး ဒီပလိုမာဘွဲ့များ ရရှိအောင် ဆက်လက်သင်ကြားနိုင်ကြောင်း၊ ထို့ကြောင့် ကျောင်းတက်ရောက်နေကြသည့် ကျောင်းသား ကျောင်းသူများအားလုံး ပညာပြီးဆုံးအောင် သင်ကြားနိုင်ရေး နိုင်ငံတော်မှလည်း တတ်နိုင်သမျှ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း။

 

လေရှီးဒေသနှင့် လဟယ်ဒေသတွင် ဝမ်းစာဖူလုံမှုမရှိသည်ကို တွေ့ရကြောင်း၊ ဒေသဝမ်းစာဖူလုံရေးသည် အရေးကြီးလိုအပ်ချက်ဖြစ်သဖြင့် ကုန်းမြင့်လယ်များကို မဖြစ်မနေ ဖော်ဆောင်ပေးသွားမည်ဖြစ်ပြီး စိုက်ပျိုးရေးလုပ်ငန်းများအတွက် လိုအပ်သည့်အောင်ရေများရရှိအောင် စီမံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ လဟယ်ဒေသတွင် ဝဥ စိုက်ပျိုးဖြစ်ထွန်းအောင်မြင်သည်ဟု သိရှိရကြောင်း၊ ဝဥမှ ဝဥဆန် ထုတ်လုပ်၍ရသဖြင့် ဝဥစိုက်ပျိုးရေးကို တိုးချဲ့စိုက်ပျိုးနိုင်ရေး သုတေသနပြုဆောင်ရွက်သွားရန်လိုကြောင်း၊ နိုင်ငံတော်မှလည်း ပံ့ပိုးပေးမည်ဖြစ်ကြောင်း၊ အလားတူ ပြောင်းနှင့် အာလူးများကိုလည်း တိုးချဲ့စိုက်ပျိုးသွားရန်လိုကြောင်း၊ ဒေသမှထွက်ရှိသည့် လက်ဖက်၊ မက်မန်း၊ ကော်ဖီ၊ လိမ္မော်နှင့် ထောပတ်ပင်များသည် နှစ်ရှည်သီးနှံများဖြစ်ပြီး ဒေသအတွက် ဝင်ငွေများရရှိနိုင်မည်ဖြစ်သဖြင့် တိုးတက်စိုက်ပျိုးထုတ်လုပ် သွားနိုင်ရန်လိုကြောင်း။

 

မွေးမြူရေးနှင့် ပတ်သက်၍ စားရေးကို အထောက်အကူပြုစေမည့် နွားနောက်၊ ဒေသန္တရကြက်နှင့် ဝက်များကို တိုးချဲ့မွေးမြူနိုင်ရေး ဆောင်ရွက်သွားကြမည်ဆိုပါက ဒေသဝမ်းစာအတွက် များစွာ အထောက်အကူပြုစေမည်ဖြစ်ကြောင်း၊ ဒေသအတွင်းမှ ထွက်ရှိသည့် စိုက်ပျိုးမွေးမြူရေးထွက်ကုန်များဖြင့် MSME ကုန်ထုတ်လုပ်ငန်းများကို ဆောင်ရွက်နိုင်သဖြင့် ဒေသ၏ဝင်ငွေကို တိုးတက်ရရှိစေမည်ဖြစ်ကြောင်း၊ ဒေသတွင်း ရှိပြီးဖြစ်သည့် ဝါးနှင့် ကြိမ်များကို ဒေသပြင်ပသို့ ကုန်ကြမ်းအဖြစ် တင်ပို့ခြင်းထက် ဒေသတွင်း၌ပင် ထုတ်လုပ်နိုင်သည့် ဝါးပျော့ဖတ်လုပ်ငန်းနှင့် ကြိမ်အချောထည် လုပ်ငန်းများကို ဆောင်ရွက်၍ ရောင်းချနိုင်ပြီး နိုင်ငံတော်ကလည်း ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ ဒေသတွင်း ဝင်ငွေတိုးတက်ရရှိအောင် ဆောင်ရွက် နိုင်ခြင်းဖြင့် ဒေသတိုးတက်ရေးကို များစွာအထောက်အကူပြုစေမည် ဖြစ်သဖြင့် စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများနှင့် ကုန်ထုတ်လုပ်ငန်းများ တိုးတက်အောင် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်နိုင်ရန်အတွက် ဒေသတွင်း ပညာတတ်လူသားအရင်း အမြစ်များလိုအပ်သဖြင့် ပညာရေးကို အားပေးဆောင်ရွက်ကြစေလိုကြောင်း၊ ပညာတတ်လူသားအရင်းအမြစ်များ ပေါများကြွယ်ဝလာခြင်းအားဖြင့် တစ်ဦးချင်းသော် လည်းကောင်း၊ ဒေသအတွက် သော်လည်းကောင်း အနာဂတ်ကို ကောင်းမွန်တိုးတက်အောင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း။

 

ဒီမိုကရေစီလမ်းကြောင်းကို လျှောက်လှမ်းရာတွင် ပြည်ထောင်စုစိတ်ဓာတ်ဖြင့် အားလုံးက တစုတစည်းတည်း လျှောက်လှမ်းရန်လို

 

နိုင်ငံရေးနှင့်ပတ်သက်၍ မိမိတို့အနေဖြင့် ပြည်သူများလိုလားသည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနေခြင်းဖြစ်ပြီး မကြာမီက ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပပြုလုပ်နိုင်ခဲ့ကြောင်း၊ ရွေးချယ်ခံအစိုးရ အနေဖြင့် ၅ နှစ်လျှင် တစ်ကြိမ် အပြောင်းအလဲရှိနိုင်သော်လည်း နိုင်ငံ့ဝန်ထမ်းများအနေဖြင့် မိမိတို့၏ လုပ်ငန်းတာဝန်များကို ဆက်လက်ထမ်းဆောင်နေရမည် ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့်လည်း မည်သည့်အစိုးရ တက်လာသည်ဖြစ်စေ နိုင်ငံတော်၏အကျိုးကို စဉ်ဆက်မပြတ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုများ ဖြစ်ပွားခဲ့ခြင်းကြောင့် တပ်မတော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အညီ နိုင်ငံ့အရေးအတွက် နိုင်ငံတော်တာဝန်များကို ထမ်းဆောင်ခဲ့ရခြင်းဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ပြည်ထောင်စုကြီး ရေရှည်တည်တံ့ခိုင်မြဲစေရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်တာဝန်များကို ထမ်းဆောင်ခဲ့ခြင်းဖြစ်ကြောင်း။

 

မိမိတို့ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသတွင်နေထိုင်သူများက အမှန်တကယ် ဆောင်ရွက်သွားကြရန်လိုကြောင်း၊ မိမိတို့ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်သွားကြရန်နှင့် ဒီမြေမှာမွေး၊ ဒီရေကိုသောက်ကြသူများဖြစ်သဖြင့် ဒေသအကျိုးနှင့် နိုင်ငံ့အကျိုးအတွက် အားလုံးက ဝိုင်းဝန်းဆောင်ရွက်သွားကြစေလိုကြောင်း၊ ဒီမိုကရေစီလမ်းကြောင်းကို လျှောက်လှမ်းရာတွင် ပြည်ထောင်စုစိတ်ဓာတ်ဖြင့် အားလုံးက တစုတစည်းတည်း လျှောက်လှမ်းရန် လိုအပ်သဖြင့် ပြည်ထောင်စုစိတ်ဓာတ်မွေးမြူ၍ နိုင်ငံတော်အတွက် အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။ 

 

ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌက လဟယ်မြို့နယ်နှင့် လေရှီးမြို့နယ်တို့ရှိ ဌာနဆိုင်ရာ တာဝန်ရှိသူများအတွက် လက်ဆောင်ပစ္စည်းများ ပေးအပ်ပြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ၊ နာဂရိုးရာ စာပေနှင့် ယဉ်ကျေးမှုကော်မတီ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌထံ နာဂရိုးရာခေါင်းပေါင်း၊ ခြုံထည်နှင့် ရိုးရာလက်ဆောင်ပစ္စည်းများအား ဂါရဝပြု ဆင်မြန်းပေးအပ်သည်။

 

ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌသည် တွေ့ဆုံပွဲအခမ်းအနားများသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိ မြို့ဖများနှင့် ဒေသခံတိုင်းရင်းသား ပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သိရသည်။ 

 

သတင်းစဉ်