နေပြည်တော် မတ် ၅
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ ဆော်ဒီအာရေဗျနိုင်ငံ သံအမတ်ကြီး H.E. Mr. Maziad Mohammed M Al Howishan က ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး သံတမန်ဆောင်ဧည့်ခန်းမ၌ ၎င်း၏ သံအမတ်ခန့်အပ်လွှာကို ပေးအပ်သည်။
ထို့နောက် မြန်မာနိုင်ငံနှင့် ဆော်ဒီအာရေဗျ နှစ်နိုင်ငံတို့အကြား ရှည်လျားခိုင်မာသည့် သံတမန် ဆက်ဆံရေးရှိမှုနှင့် ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်ခိုင်မာလျက်ရှိမှု အခြေအနေများ၊ နှစ်နိုင်ငံအကြား ထိတွေ့ဆက်ဆံမှုများ တိုးမြှင့်ဆောင်ရွက်သွားမည့်အခြေအနေများ၊ နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ဆောင်ရွက်ရေးနှင့် ကုန်သွယ်မှုမြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်သည့် အခြေအနေများ၊ မြန်မာနိုင်ငံတွင် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့မှုနှင့် မကြာမီကာလအတွင်း လွှတ်တော်ခေါ်ယူ ဆောင်ရွက်သွားမည့် အခြေအနေများနှင့် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများ ယခုထက်ပိုမိုတိုးတက်အောင် ဆောင်ရွက်သွားမည့် အခြေအနေများနှင့် ပတ်သက်၍ ရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော် ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံဆိုင်ရာ ဆော်ဒီအာရေဗျ နိုင်ငံသံအမတ်ကြီးတို့သည် စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
အဆိုပါ သံအမတ်ခန့်အပ်လွှာပေးအပ်ပွဲသို့ ကော်မရှင်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် သံတမန်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသက်ထွန်းတို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


