နေပြည်တော်၊ ၂ ဖေဖော်ဝါရီ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော်၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် အမှာစကားပြောကြားသည်။
အဆိုပါအစည်းအဝေးသို့ ယာယီသမ္မတ ဦးမြင့်ဆွေ၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဦးဝဏ္ဏမောင်လွင်၊ ဦးဝင်းရှိန်၊ ဦးကိုကိုလှိုင်၊ ဦးချစ်နိုင်၊ ဦးကိုကို၊ ဦးမြင့်ကြိုင်နှင့် ဒေါက်တာသက်ခိုင်ဝင်းတို့ တက်ရောက်ကြသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အစည်းအဝေးအဖွင့်အမှာစကား ပြောကြားရာတွင် တပ်မတော်မှတာဝန်ယူပြီးနောက်ပိုင်း အစိုးရအဖွဲ့၏ အုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲရေးပိုင်းဆိုင်ရာများ ဆောင်ရွက်နိုင်ရန်အတွက် ပြည်ထောင်စုဝန်ကြီးများ တာဝန်ပေးခန့်အပ်ခြင်းဖြစ်ပြီး ယခုခန့်အပ်ခြင်းခံရသည့် ပြည်ထောင်စုဝန်ကြီးများသည် နိုင်ငံတော်အတွက်၊ တိုင်းပြည်အတွက် အမှန်တကယ်ဆောင်ရွက်နိုင်မည့် ပုဂ္ဂိုလ်များဖြစ်သည်ကို ယုံကြည်ကြောင်း၊ အားလုံးသည်အတွေ့အကြုံရှိပြီး၊ အရည်အချင်းရှိသည့် ပုဂ္ဂိုလ်များဖြစ်ကြောင်း၊ မိမိတို့၏အတွေ့အကြုံနှင့် အရည်အချင်းများကိုအသုံးချပြီး မိမိတို့ကျရာကဏ္ဍအလိုက် ဆောင်ရွက်ရန်အတွက် တာဝန်ပေးအပ်ခြင်းဖြစ်ကြောင်း၊ အစိုးရတစ်ရပ်သည် စုပေါင်းဦးဆောင်မှုဖြင့် ဆောင်ရွက်ခြင်းသည် ပိုမိုကောင်းမွန်ကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများအလိုက် တာဝန်ယူ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ စုပေါင်းတိုင်ပင်ဆွေးနွေးပြီး တိုင်းပြည်အတွက် ကောင်းအောင်ဆောင်ရွက်မည်ဆိုသည့် မူနှင့်သာသွားစေချင်ကြောင်း၊ အဓိကမှာ တိုင်းပြည်အနေနှင့် ဖြတ်သန်းလာရသည့် ဒီမိုကရေစီအစိုးရနှစ်ခု၏ တိုင်းပြည်၏အတွေ့အကြုံနှင့် နိုင်ငံတကာ၏အတွေ့အကြုံများကိုကြည့်ပြီး ကောင်းသည့်အချက်များကို ပိုပြီးခိုင်ခိုင်မာမာဖြစ်အောင် ကောင်းအောင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အကောင်းရှိသလို အဆိုးများလည်းရှိကြောင်း အစိုးရ၏ဆောင်ရွက်ချက်များအပေါ် ပြည်သူများနှင့် နိုင်ငံတကာ၏ တုံ့ပြန်ချက်များရှိကြောင်း၊ နိုင်ငံတကာနှင့်ဆက်ဆံရာတွင် မိမိတို့နိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒဖြစ်သည့် လွတ်လပ်၍တက်ကြွသောနိုင်ငံခြားရေးမူဝါဒ၊ ကြားနေမူဝါဒနှင့် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ နိုင်ငံအားလုံးနှင့် မိတ်ဝတ်မပြတ်ဆက်ဆံရေး၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး(၅)ရပ် အပေါ်တွင် ခိုင်ခိုင်မာမာရပ်တည်၍ မိမိတို့နိုင်ငံ၏ ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ခိုင်ခိုင်မာမာလျှောက်လှမ်းရန်ဖြစ်ကြောင်း၊ ဒီမိုကရေစီ လမ်းကြောင်းဆိုရာတွင် မိမိတို့နိုင်ငံနှင့်ကိုက်ညီသည့် ဒီမိုကရေစီလမ်းကြောင်းကို ပြောခြင်းဖြစ်ကြောင်း၊ ကိုယ့်နိုင်ငံ၏ Stand အပေါ်တွင်သာယူပြီး သွားရမည် ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် လွတ်လပ်ပြီးတက်ကြွသည့် ဘက်မလိုက်သော နိုင်ငံခြားရေး မူဝါဒနှင့်သာ ဆောင်ရွက်မည်ဖြစ်ကြောင်း၊ မိမိတို့သည် ကြားကာလတာဝန်ယူရသော အဖွဲ့အစည်းဖြစ်သဖြင့် မှားယွင်းဆောင်ရွက်၍မရဘဲ အလေးထားဆောင်ရွက်ရန်လိုကြောင်း၊ ဒီမိုကရေစီစနစ်ကိုလျှောက်လှမ်းရာတွင် မြန်မာနိုင်ငံ၏ ပကတိအခြေအနေနှင့် ကိုက်ညီသည့် ဒီမိုကရေစီစနစ်ကို သွားရန်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရန်အတွက် မိမိတို့အနေဖြင့် ထိန်းသိမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ရွေးကောက်ပွဲနှင့်ပတ်သက်၍ မှာကြားရာတွင် မဲစာရင်းမှားယွင်းမှုများကို ဖော်ထုတ်ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အား အသစ်ပြန်လည်ဖွဲ့စည်းပြီး ဆောင်ရွက်မှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး မဲစာရင်းစိစစ်မှုများနှင့်ပတ်သက်၍ တပ်မတော်မှ ထုတ်ပြန်ချက်များသည် ခိုင်မာမှုရှိကြောင်း၊ မဲစာရင်းမှားယွင်းမှုများအား တပ်မတော်မှ စတင်သိရှိချိန်တွင် ရှင်းလင်းဆောင်ရွက်နိုင်ရန်အတွက် ထုတ်ပြန်ချက်များထုတ်ပြန်ခဲ့ကြောင်း၊ သို့သော် ယခင်ရွေးကောက်ပွဲကော်မရှင်မှ တုံ့ပြန်မှုမရှိခဲ့ကြောင်း၊ မြို့နယ် ၃၁၄ မြို့နယ်ကို စိစစ်ဆောင်ရွက်ခဲ့ကြောင်း၊ တပ်မတော်၏ စစ်ဆေးတွေ့ရှိချက်များတွင် နည်းပညာအရ ကွန်ပျူတာ၏ ဖတ်ရှုမှု Error အနည်းငယ်မှလွဲ၍ ကြီးမားစွာမှားယွင်းမှု မရှိကြောင်း၊ အဆိုပါကိစ္စရပ်နှင့် ပတ်သက်၍ သမာသမတ်ရှိသည့် လူပုဂ္ဂိုလ်များဖြင့် စစ်ဆေးပြီး ရလဒ်များ ထွက်ပေါ်လာပါက ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မဲစာရင်းများအားဆောင်ရွက်ရာတွင် လူဦးရေစာရင်းများ မှန်မှန်ကန်ကန်ရှိစေရန်အတွက်လည်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ၂၀၁၄ ခုနှစ်သန်းခေါင်စာရင်းနှင့် ၂၀၁၉ ခုနှစ် ရှေ့ပြေးသန်းခေါင်စာရင်းများ အပေါ်မူတည်၍ စာရင်းများမှန်မှန်ကန်ကန်ဖြစ်အောင် ဆောင်ရွက်ရန်လိုကြောင်း၊ မှတ်ပုံတင်မရရှိသေးသည့် နိုင်ငံသားများအား အမြန်ဆုံးရရှိအောင်ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း၊ အထူးသဖြင့်တိုင်းရင်းသားဒေသများတွင် မှတ်ပုံတင်မရရှိသေးသည့် တိုင်းရင်းသားများရှိကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင်လည်း သမာသမတ်ရှိစွာဖြင့် ဆောင်ရွက်ရန်လိုကြောင်း ပြောကြားသည်။
ဆက်လက်၍ COVID-19 ရောဂါကာကွယ် ထိန်းချုပ်ကုသရေးနှင့်ပတ်သက်၍ မှာကြားရာတွင် ယခုအခါ COVID-19 ကပ်ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးအား အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ COVID-19 ရောဂါကာကွယ်ရေးနှင့်ပတ်သက်၍ ထုတ်ပြန်ထားသည့် အမိန့်များသည် ပြင်ဆင်ချက်မထုတ်ပြန်မီအချိန်အထိ အတည်ပင်ဖြစ်ကြောင်း၊ ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကိုလည်း စည်းကမ်းများနှင့်အညီ ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြည်ပမှမှာယူထားသည့် ကာကွယ်ဆေးများ ရောက်ရှိရေးအတွက်လည်း လိုအပ်သည့် လေယာဉ်ဖြတ်သန်းခွင့်ကိစ္စရပ်များအား လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ COVID-19 ရောဂါ ဖြစ်ပွားနေချိန်ကာလအတွင်း နိုင်ငံရပ်ခြားတွင်ကာလရှည်ကြာစွာ ပိတ်မိဒုက္ခခံနေကြရသည့် မြန်မာနိုင်ငံသားများအနေဖြင့် မိမိတို့မြန်မာနိုင်ငံသို့ ပြန်လာသင့်ကြောင်း၊ အဆိုပါပြည်ပရောက် မြန်မာနိုင်ငံသားများအား အမြန်ဆုံးပြန်လည်ခေါ်ယူနိုင်ရေး စီမံဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ရောဂါကို ကြိုတင်ကာကွယ်ခြင်းသည် အကောင်းဆုံးဖြစ်ကြောင်း၊ ပညာပေးခြင်း၊ ကာကွယ်ခြင်း၊ ကုသခြင်းများတွင် ကုသခြင်းမှာ ကုန်ကျစရိတ်များကြောင်း၊ ကာကွယ်မှုကိုဆောင်ရွက်ရာတွင် လူအများကို ကူးစက်ခံမည့် အစား စစ်ဆေးမှုများ ပိုမိုပြုလုပ်၍ ထိန်းချုပ်ဆောင်ရွက်ပါက ကူးစက်မှုများ လျော့ကျသွားမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံတွင်လည်း မြို့လုံးကျွတ် စစ်ဆေးပြီး ကူးစက်သူများကို ခွဲထုတ်၍ ထပ်မံကူးစက်မှုများကို လျှော့ချနိုင်ခဲ့သည်ကို တွေ့ရှိရကြောင်း၊ မိမိတို့အနေနှင့်လည်း အတတ်နိုင်ဆုံး စစ်ဆေးဆောင်ရွက်နိုင်ရန်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသာမက သက်ဆိုင်ရာဝန်ကြီးဌာနများအားလုံး ပူးပေါင်းကူညီဆောင်ရွက်ရန်လိုကြောင်း၊ ဗုဒ္ဓဘာသာဘုရားစေတီများအပါအဝင် သက်ဆိုင်ရာ ဘာသာအလိုက် ဘာသာရေး အဆောက်အဦများတွင် ဘုရားဝတ်ပြုခြင်း၊ ကြည်ညိုခြင်းများအား COVID-19 စည်းမျဉ်း စည်းကမ်းများနှင့်အညီ ပြုလုပ်ပေးသွားရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် စီးပွားရေးနှင့်ပတ်သက်၍ မှာကြားရာတွင် ၂၀၂၀ ပြည့်နှစ် နှစ်ဆန်းပိုင်းမှစတင်ပြီး COVID-19 ကပ်ရောဂါဖြစ်ပွားနေသည့် ယခုကာလတွင် အကြောင်းအမျိုးမျိုးကြောင့် စက်ရုံ၊ အလုပ်ရုံများ ပိတ်ထားရသဖြင့် စီးပွားရေးကျဆင်းခဲ့ကြောင်း၊ မြန်မာနိုင်ငံ၏ လူဦးရေ ၇၀ ရာခိုင်နှုန်းသည် ကျေးလက်နေပြည်သူများဖြစ်ကြောင်း၊ မိမိတို့နိုင်ငံသူ နိုင်ငံသားများသည် စိုက်ပျိုးမွေးမြူရေးကို အဓိကအခြေခံ၍ ဆောင်ရွက်ကြကြောင်း၊ နိုင်ငံ့စီးပွားရေးအတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းကို ပစ်ပယ်ထား၍မရကြောင်း၊ တစ်ကမ္ဘာလုံးတွင် လူဦးရေ ၇ ဘီလီယံကျော်ရှိကြောင်း၊ ထို့ကြောင့် ရိက္ခာလိုအပ်ချက်အမြဲရှိနေမည်ဖြစ်ကြောင်း၊ အဆိုပါရိက္ခာလိုအပ်ချက်ကို ဖြည့်ဆည်းဆောင်ရွက်မည်ဆိုပါက မိမိတို့နိုင်ငံရှိ ပြည်သူများ အလုပ်အကိုင်ရရှိမည် ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် စီးပွားရေးကိုနလန်ထူအောင် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ အလုပ်လက်မဲ့ဖြစ်နေသူများ ဝင်ငွေရရှိသည့် အလုပ်အကိုင်များရရှိအောင် ဆောင်ရွက်ပေးရန်လိုကြောင်း၊ စိုက်ပျိုးမွေးမြူရေးနှင့် ပတ်သက်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဝိုင်းဝန်းကူညီ ဆောင်ရွက်ရန်လိုကြောင်း၊ ရပ်တန့်ထားသည့် စက်ရုံများကိုလည်း COVID-19 စည်းကမ်းချက်များနှင့်အညီ ပြန်လည် လည်ပတ်နိုင်ရေး စီမံဆောင်ရွက်ရန်လိုအပ်ကြောင်း၊ အချို့ စက်ရုံအလုပ်ရုံများသည် COVID-19 စည်းကမ်းချက်များကိုလိုက်နာမှုမရှိဘဲ လုပ်ငန်းများ ဆောင်ရွက်နေသည်ကို တွေ့ရှိရကြောင်း၊ စက်ရုံ အလုပ်ရုံများတွင် အလုပ်လုပ်ကိုင်နေကြသူများအား သွားလာရေး စည်းကမ်းများစနစ်တကျရှိစေရန် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ရောဂါကာကွယ်ရေးအတွက် လိုအပ်သည့် ပစ္စည်းများကို အသက်သာဆုံးဈေးနှုန်းများဖြင့် ရရှိအောင် ဆောင်ရွက်ပေးရန်နှင့် လိုအပ်သည်များကိုနိုင်ငံတော်မှ ကျခံဆောင်ရွက်ပေးရန်လိုကြောင်း၊ COVID-19 ရောဂါကာကွယ်ရေးရန်ပုံငွေများမှ မဖြစ်မနေ ဆောင်ရွက်ပေးရမည့် လုပ်ငန်းများဖြစ်ကြောင်း၊ ပြည်တွင်းခရီးသွားလာမှုနှင့် ဟိုတယ်လုပ်ငန်းများအား COVID-19 စည်းမျဉ်းစည်းကမ်းများကို တိကျစွာလိုက်နာစေလျက် ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ပြည်သူများအားလုံး COVID-19 စည်းကမ်းများနှင့်အညီ နေထိုင်လုပ်ကိုင်ဆောင်ရွက်ရန်အတွက် တာဝန်ရှိအဖွဲ့အစည်းအသီးသီးမှ ကြပ်မတ်ဆောင်ရွက်ရန်လိုပြီး ပြည်သူများအနေဖြင့် တာဝန်သိစွာဖြင့် လိုက်ပါဆောင်ရွက်ရန်လိုကြောင်း၊ COVID-19 ရောဂါနှင့်ပတ်သက်၍ လူထုမှအသိပညာများရရှိစေရန်အတွက် ပြန်ကြားရေးဝန်ကြီးဌာနမှ ကျယ်ကျယ်ပြန့်ပြန့် ပြန်ကြားပေးရန်လိုကြောင်း၊ ပြန်ကြားပေးရန်၊ ပညာပေးရန်၊ ဖျော်ဖြေပေးရန် ဆိုသည့်မူဝါဒအတိုင်း ဖျော်ဖြေခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် အမျိုးသားယဉ်ကျေးမှုစရိုက်လက္ခဏာများကို ထိန်းသိမ်းသည့် ဖျော်ဖြေမှုများဖြစ်ရန်လိုကြောင်း၊ ခေတ်မီသည်ကိုအားပေးသော်လည်း ခေတ်လွန်သည်ကိုအားမပေးကြောင်း၊ COVID-19 ကြောင့် ဖြစ်ပွားလာသည့် စီးပွားရေးကျဆင်းမှုကို ပြန်ပြီးနလန်ထူလာအောင် မိမိတို့အနေဖြင့် ဘက်ပေါင်းစုံမှ ဝိုင်းဝန်းပြီး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် လုပ်ငန်းတာဝန်များဆောင်ရွက်ရာတွင် ဥပဒေနှင့်အညီ ဆောင်ရွက်ရန်လိုအပ်မှုနှင့် ပတ်သက်၍ မိမိတို့ကဏ္ဍအလိုက် ဆောင်ရွက်ရာတွင်လည်း ဥပဒေနှင့်အညီ၊ စည်းမျဉ်း စည်းကမ်းများနှင့်အညီ ဆောင်ရွက်သွားရန်လိုကြောင်း၊ မိမိအနေဖြင့် ဥပဒေနှင့် အညီဖြစ်အောင် အမြဲဆောင်ရွက်လျက်ရှိကြောင်း၊ ယခုဖြစ်ပွားခဲ့သည့် ကိစ္စတွင်လည်း မိမိတို့အနေဖြင့် ဥပဒေနှင့်အညီဖြစ်အောင် ကြိုတင်စဉ်းစားခဲ့ကြောင်း၊ မိမိတို့အနေနှင့် အကြိမ်ကြိမ် မေတ္တာရပ်ခံဆောင်ရွက်ခဲ့သော်လည်း လုံးဝရှောင်လွှဲ၍ မရသောကြောင့် တိုင်းပြည်အတွက် ယခုလမ်းကြောင်းကို ရွေးချယ်ဆောင်ရွက်ခဲ့ရခြင်းဖြစ်ကြောင်း၊ နောင်ရွေးကောက်ပွဲပြုလုပ်၍ ဖြစ်ပေါ်လာမည့်အစိုးရတာဝန်မယူမီ မိမိတို့အနေဖြင့် တိုင်းပြည်ကို တည့်မတ်ထိန်းသိမ်းပေးရန်လိုကြောင်း၊ အခြေအနေအမျိုးမျိုးကြောင့် ယိမ်းယိုင်နေသည့် အခြေအနေများကိုလည်း ကူညီတည့်မတ်ပေးရန်လိုကြောင်း၊ တိုင်းပြည်ကို တည်ငြိမ်အောင်ဆောင်ရွက်ရာတွင် ဥပဒေအရဆောင်ရွက်ရမည်များရှိကြောင်း၊ အရေးပေါ်ကာလ တစ်နှစ်သတ်မှတ်ထားချိန်တွင် ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်နှင့် COVID-19 ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးကိစ္စရပ်များကို ဦးစားပေးဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ ဘဏ္ဍာရေးပိုင်ဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း ဘဏ္ဍာရေး စည်းမျဉ်း စည်းကမ်းများနှင့်အညီ၊ ဥပဒေနှင့်အညီ ဆောင်ရွက်ရန်လိုကြောင်း၊ မည်သည့်ကိစ္စကို ဆောင်ရွက်သည်ဖြစ်စေ ဥပဒေနှင့် အညီဆောင်ရွက်ရမည်ဖြစ်ကြောင်း မှာကြားသည်။
ဆက်လက်၍ နိုင်ငံတကာဆက်ဆံရေးဆိုင်ရာကိစ္စရပ်များ၊ ရွေးကောက်ပွဲပြန်လည်ကျင်းပရန်အတွက် လိုအပ်သည့် သန်းခေါင်စာရင်းများ မှန်ကန်အောင်ဆောင်ရွက်ရန် ကိစ္စရပ်များ၊ ဘုရား၊ စေတီပုထိုးများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ COVID-19 စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ရန်ကိစ္စရပ်များ၊ ပြည်ပရောက် မြန်မာနိုင်ငံသားများအား အမြန်ဆုံး ပြန်လည်ခေါ်ဆောင်နိုင်ရန်အတွက် ဆောင်ရွက်ရန်ကိစ္စရပ်များ၊ ဟိုတယ်လုပ်ငန်းများ ပြန်လည်လည်ပတ်နိုင်ရေးအတွက် COVID-19 စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ရန်ကိစ္စရပ်များအား မှာကြားသည်။
ယင်းနောက် တက်ရောက်လာကြသည့် ပြည်ထောင်စုဝန်ကြီးများက မိမိတို့ ဝန်ကြီးဌာနအလိုက် ဆက်လက်ဆောင်ရွက်မည့် ကိစ္စရပ်များအား ရှင်းလင်းတင်ပြကြရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လိုအပ်သည်များအား ဖြည့်စွက်မှာကြားသည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားပြီး အစည်းအဝေးအားရုပ်သိမ်းလိုက်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
သတင်းစဉ်


