၁၃၈၁ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၃ ရက် (၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၂၂ ရက်)

လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင်၏ အပြီးသတ်အစီရင်ခံစာနှင့် စပ်လျဉ်း၍ သတင်းထုတ်ပြန်ခြင်း

၁။        နိုင်ငံတော်သမ္မတရုံးသည် ၂၀၁၆-၂၀၁၇ ခုနှစ်တွင် မြန်မာ့တပ်မတော်နှင့် ARSA အကြမ်းဖက်အဖွဲ့ တို့အကြား ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုဖြစ်စဉ်များအတွင်း ရခိုင်ပြည်နယ်၌ လူ့အခွင့်အရေးချိုးဖောက်မှုများရှိကြောင်း စွပ်စွဲချက်များအပေါ် စုံစမ်းစစ်ဆေးရန် ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်နေ့တွင် လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင် (Independent Commission of Enquiry – ICOE) ကို ဖွဲ့စည်းခဲ့ပါသည်။

၂။        လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင်သည် အဆိုပါတိုက်ခိုက်မှုဖြစ်စဉ်များ အတွင်း လူ့အခွင့်အရေးချိုးဖောက်ကြောင်း စွပ်စွဲချက်များ၊ ကိစ္စရပ်များကို စုံစမ်းစစ်ဆေးခဲ့ပြီး နိုင်ငံတော်သမ္မတထံတင်ပြသည့် နောက်ဆက်တွဲ ၃၁ ခု အပါအဝင် စာမျက်နှာ ၄၅၀ ကျော်ပါ ကျယ်ကျယ်ပြန့်ပြန့် ပြုစုထားသော အပြီးသတ်အစီရင်ခံစာကို နိုင်ငံတော်သမ္မတထံမှ လက်ခံရရှိခဲ့ပါသည်။

၃။        ယင်းကော်မရှင်သည် တိုက်ခိုက်မှုဖြစ်စဉ်များအတွင်း အရပ်သားများကို သတ်ဖြတ်ခြင်း၊ အင်အား မမျှမတသုံးစွဲခြင်း၊ လုယက်မှု ကျူးလွန်ခြင်း၊ ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင် မြို့နယ်များတွင် မူဆလင်များ စွန့်ခွာသွားသော နေအိမ်များ ဖျက်ဆီးခြင်းစသည့် ရာဇဝတ်မှုများကို ARSA အဖွဲ့ဝင်များနှင့် ၎င်းတို့၏အလိုတူပူးပေါင်းပါဝင်ခဲ့သူများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အရပ်သား များက ကျူးလွန်ခဲ့ကြကြောင်း၊ ကျေးရွာများ၊ အထူးသဖြင့် မင်းကြီးရွာ (တူလာတိုလီ)၊ ချွတ်ပြင်ရွာနှင့် မောင်နုရွာတို့တွင် အသက်ဆုံးရှုံးမှု များပြားခဲ့ကြောင်းတို့နှင့်စပ်လျဉ်းသည့် သက်သေခံချက်များအပေါ် အခြေခံ၍ အစီရင်ခံစာကို ပြုစုထားပါသည်။

၄။        ပြည်ထောင်စုရှေ့နေချုပ်ရုံးအနေဖြင့် လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင်၏ အစီရင်ခံစာပါ အကြံပြုချက်များနှင့်အညီ ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုများ ဆက်လက်ပြုလုပ်ရေး နှင့်  အထောက်အထားများခိုင်လုံပါက တရားစွဲဆိုမှုများ ပြုလုပ်နိုင်ရေးတို့အတွက် သက်ဆိုင်ရာ ဌာနအဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်မည် ဖြစ်ပါသည်။

၅။        ပြည်ထောင်စုရှေ့နေချုပ်ရုံးသည် အစီရင်ခံစာပါ ဖြစ်စဉ်များနှင့် စပ်လျဉ်း၍ ပြစ်မှု ကျူးလွန်သူများအား စုံစမ်းစစ်ဆေး တရားစွဲဆိုအရေးယူမှုအခြေအနေကို ဆက်လက် ထုတ်ပြန်မည် ဖြစ်ပါသည်။
    
ပြည်ထောင်စုရှေ့နေချုပ်ရုံး