နေပြည်တော် ၁၃ ဇူလိုင်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ ၂၀၂၀ ပြည့်နှစ်၊ ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းပွဲ အခမ်းအနားကျင်းပရေး လုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနား ကျင်းပရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား ကျင်းပနိုင်ရေးနှင့် စပ်လျဉ်း၍ Coronavirus Disease 2019(COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့်ဗဟိုကော်မတီမှ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်၊ တားဆီး၊ ကာကွယ် ရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ အခမ်းအနားကျင်းပနိုင်ရေး စီစဉ်ဆောင်ရွက်သွားရန် ခွင့်ပြုပြီးဖြစ်သည့်အတွက် ၁၃၈၂ ခုနှစ်၊ ဒုတိယဝါဆိုလဆန်း ၁၀ ရက်၊ ဇူလိုင် ၂၉ ရက် (ဗုဒ္ဓဟူးနေ့)တွင် နေပြည်တော်၊ ဥပ္ပါတသန္တိစေတီတော် ပရိဝုဏ်အတွင်းရှိ သာသနာ့ မဟာဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း၊ ယခုနှစ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွား လာသည့် အခြေအနေအရ နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော် အမှူးပြု သော နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီး ၂၅ ပါး၊ ဥပ္ပါတသန္တိစေတီတော် ဂေါပကအဖွဲ့ သြဝါဒါစရိယ ဆရာတော် ၁၁ ပါး စုစုပေါင်း ၃၆ ပါးတို့ကို ပင့်ဆောင်၍ ဆက်ကပ် လှူဒါန်းသွားမည်ဖြစ်ကြောင်း၊ ဦးစီးကော်မတီ၊ လုပ်ငန်းကော် မတီနှင့် ဆပ်ကော်မတီ ၁၀ ခုတို့ကို ဇူလိုင် ၉ ရက်တွင် ဖွဲ့စည်းထားရှိပြီးဖြစ်သည့်အတွက် ဆပ်ကော်မတီအသီးသီး တို့အနေဖြင့် လုပ်ငန်းတာဝန်များ လစ်ဟင်းမှုမရှိရလေအောင် ဆောင်ရွက်သွားကြရန်နှင့် ယခင်နှစ်များက အားနည်းချက်၊ အားသာချက်များ ကို ပြန်လည် သုံးသပ်ပြီး အခမ်းအနားကြီး အောင်မြင်စွာ ပြီးမြောက်ရေး ကြိုးပမ်းဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ အထူးအားဖြင့် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်တားဆီးနိုင်ရေးအတွက် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီ၏ ညွှန်ကြား ချက်များ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များ၊ အကြံပြုချက်များ၊ ဆောင်ရွက်ရမည့် နည်းလမ်းများကို ဆပ်ကော်မတီအသီးသီးက တိကျစွာလိုက်နာ ဆောင်ရွက်သွားရန် လိုအပ်ကြောင်း ပြောကြားသည်။
ယင်းနောက် သံဃာတော်များပင့်ဆောင်ရေးနှင့် သယ်ယူပို့ဆောင်ရေးဆပ်ကော်မတီ၊ ဆွမ်း ဆက်ကပ်ရေးဆပ်ကော်မတီ၊ အခမ်းအနားကျင်းပရေးနှင့် အခမ်းအနားပြင်ဆင်ရေး ဆပ်ကော်မတီတို့၏ ဥက္ကဋ္ဌ သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က လည်းကောင်း၊ ဖိတ်ကြားရေးနှင့် ကြိုဆို နေရာချထားရေးဆပ်ကော်မတီ၊ လှူဖွယ်ပစ္စည်းများ ပြင်ဆင်ရေးနှင့် ဆက်ကပ်ရေးဆပ်ကော်မတီတို့၏ ဥက္ကဋ္ဌ သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က လည်းကောင်း၊ ဧည့်ခံ ဖျော်ဖြေရေးဆပ်ကော်မတီ၊ သတင်းမှတ်တမ်း ထုတ်ပြန်ရေးဆပ်ကော်မတီ၊ ကျန်းမာရေးဆပ်ကော်မတီ၊ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ပရိဝုဏ်အတွင်း စိမ်းလန်းစိုပြည်ရေးနှင့် သာသနာရေးဆိုင်ရာ အခင်းအကျင်း ပြင်ဆင်ရေး ဆပ်ကော်မတီ၊ လုံခြုံရေးဆပ်ကော်မတီတို့မှ ဥက္ကဋ္ဌများက လည်းကောင်း ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်အစိုးရ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား ကျင်းပရေး အတွက် ပြင်ဆင်ဆောင်ရွက်ပြီးစီးမှုများ၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများနှင့်စပ်လျဉ်း ၍ အသီးသီး ဆွေးနွေးတင်ပြကြပြီး သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး နှင့် အမြဲတမ်းအတွင်းဝန်တို့က ဖြည့်စွက်ဆွေးနွေးတင်ပြကြသည်။
တင်ပြဆွေးနွေးချက်များအပေါ် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား ကျင်းပရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းပေးပြီး Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ၏ လမ်းညွှန်ချက်များနှင့်အညီ အခမ်းအနားကျင်းပ နိုင်ရေး စီစဉ်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
(သတင်းစဉ်)


