ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားလူမျိုး ၁၀၀ ကျော်တို့၏ ဝတ်စားဆင်ယင်မှုများကို ထုတ်ဖော်ပြသသွားရန် ရန်ကုန်တိုင်းဒေသကြီးသာကေတမြို့နယ်ရှိ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်)၌ ရုပ်တုများ တိုးချဲ့ပြုလုပ်နေပြီဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

လုံလောက်အောင်မပြသနိုင်

 

“ကျွန်တော်တို့ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာမှာ တိုင်းရင်းသားလူမျိုးတွေကိုပြသနိုင်ဖို့ ရုပ်တုက တစ်စုံစီပဲ ရှိတယ်။ တိုင်းရင်းသားလူမျိုးတစ်မျိုးမှာ မျိုးနွယ်စုတွေက များတော့ လုံလောက်အောင် မပြသနိုင်ဘူး။ ဒီအတွက် တိုင်းရင်းသားပြကွက်တစ်ခုကို အရင်က တစ်စုံစီသာရှိရာက အခုဆိုရင် စုံတွဲလေးတွဲအထိ တိုးချဲ့ပြုလုပ်နေပြီဖြစ်ပါတယ်။ ဒီနှစ်ဘတ်ဂျက်ထဲမှာတော့ ပြီးစီးမယ်လို့ ခန့်မှန်းထားပါတယ်” ဟု ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)မှ ဒုတိယညွှန်ကြားရေးမှူး ဦးပြေဟိန်းနိုင်က ပြောသည်။

 

ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်) နန်းမြင့်မျှော်စင်အတွင်း မြန်မာနိုင်ငံ၌ မှီတင်းနေထိုင်ကြ သော ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း ဟူသော တိုင်းရင်းသားပြကွက်ရှစ်မျိုးကို ပြသထားသည်။

 

အဆိုပါ တိုင်းရင်းသားပြကွက်ရှစ်မျိုးတွင် ယခင်က ပြကွက်တစ်ခုလျှင် စုံတွဲတစ်တွဲသာ ပြသထားကြောင်း၊ ယခုအခါ စုံတွဲလေးတွဲအထိ တိုးချဲ့ပြုလုပ်နေကြောင်း၊ အရုပ်များမှာ ပလာစတာ ရုပ်တုများ ဖြစ်ကြောင်း၊ တိုင်းရင်းသားလူမျိုးတစ်စုချင်းစီ၏ မျက်နှာကျနှင့် အနီးစပ် ဆုံး တူညီအောင် ကျွမ်းကျင်ပညာရှင်များက ပြုလုပ်နေခြင်း ဖြစ်ကြောင်း၊ တိုင်းရင်းသားများ၏ ဝတ်စုံများကိုလည်း သက်ဆိုင်ရာ တိုင်းရင်းသားများ၏ စာပေနှင့် ယဉ်ကျေးမှု အဖွဲ့များနှင့် ညှိနှိုင်းတိုင်ပင်၍ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

 

ပြောင်းလဲပြသ

 

“ကျွန်တော်တို့နိုင်ငံမှာက တိုင်းရင်းသားလူမျိုးက ၁၀၀ ကျော်ရှိတယ်။ ကချင်ဆို ၁၀ မျိုး၊ အများဆုံးက ချင်းက ၅၀ ကျော်၊ ရှမ်းက ၃၀ ကျော်၊ မွန်တစ်မျိုးသာတစ်ခုပဲရှိတော့ တိုင်းရင်းသားတွေရဲ့ဝတ်စုံတွေကို အကုန်မပြနိုင်ဘူး။ ဒါကြောင့် တိုင်းရင်းသားပြကွက်တစ်ကွက်မှာ ဒီလလေးမျိုး ပြသမယ်ဆိုရင် နောက်လကျရင် နောက်ထပ်မျိုးမတူတဲ့ ဝတ်စုံလေးမျိုးကို ပြောင်းလဲပြသပေးသွားမှာဖြစ်ပါတယ်” ဟု ဦးပြေဟိန်းနိုင်က ထပ်လောင်းရှင်းပြသည်။

 

ရန်ကုန်တိုင်းဒေသကြီးသည် တိုင်းရင်းသားပေါင်းစုံ ရောက်ရှိနေထိုင်လျက်ရှိသော မြို့ကြီးဖြစ်ပြီး ပြည်ထောင်စု တိုင်းရင်းသားကျေးရွာ(ရန်ကုန်)၌ နှစ်စဉ် တိုင်းရင်းသားများ၏ နှစ်သစ်ကူးပွဲများ ကျင်းပနိုင်သဖြင့် တိုင်းရင်းသား အချင်းချင်း ချစ်ခင်ရင်းနှီးမှုကို ပိုမိုရရှိစေပြီး ကမ္ဘာလှည့် ခရီးသွားဧည့်သည်များကိုလည်း ဆွဲဆောင်လည်ပတ်စရာနေရာတစ်ခုဖြစ်လာသည်။

 

မြင့်မောင်စိုး