ရန်ကုန်၊  ၂၉  ဇန်နဝါရီ 

ပြည်ထောင်စုတိုင်းရင်းသားကျေးရွာတွင် ကိုဗစ်လွန်ကာလ၌ သွေးချင်းတို့၏ ယဉ်ကျေးမှု ရိုးရာမြင်ကွင်းပဒေသာကို တစ်နေရာတည်းတွင် ရှုမြင်ခံစားနိုင်ရန်နှင့် နိုင်ငံတကာခရီးသွားနှင့် ပြည်တွင်းခရီးသွားများ လာရောက်လည်ပတ်နိုင်ရန် ပဲခူးမြစ်၌ ဆိပ်ခံဗောတစ်ခုကို ၂၀၂၀-၂၀၂၁ ဘတ်ဂျက်တွင် တည်ဆောက်မည်ဖြစ်ကြောင်း တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနမှ သိရသည်။

 

a

 

“ကိုဗစ်ကာလ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာကို ပိတ်ထားတဲ့အချိန်မှာ ပြင်ဆင်မှုတွေ လုပ်နေပါတယ်။ ပဲခူးမြစ်နဲ့ကပ်လျက် အခြမ်းမှာဆိပ်ခံဗောတစ်ခု တည်ဆောက်ဖို့ရှိပါတယ်။ ဗိုလ်တထောင်၊ ပန်းဆိုးတန်းဆိပ်ကမ်းက ရန်ကုန်မြစ်အတိုင်း တိုင်းရင်းသားကျေးရွာကို နိုင်ငံတကာခရီးသွားတွေ အပျော်စီးသင်္ဘောနဲ့ လာရောက်လည်ပတ်နိုင်ဖို့ ဆိပ်ခံဗောကို ၂၀၂၀-၂၀၂၁-ခုနှစ် ဘတ်ဂျက်မှာဟိုတည်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်နဲ့ ပူးပေါင်းပြီး တည်ဆောက်ဖို့ရှိတယ်။ ပြည်တွင်းခရီးသွားတွေလည်း မြစ်ပြင်အလှကြည့်ရင်း လာရောက် လည်ပတ်နိုင်မှာပါ။ နိုင်ငံခြားခရီးသွားတွေ တစ်ရက်တာ အပန်းဖြေအနားယူနိုင်ဖို့ တိုင်းရင်းသား ရှစ်မျိုးရဲ့ ရိုးရာအစားအစာတွေကို ကိုယ်တိုင်ချက်ပြုတ်စားသောက်နိုင်မယ့် အစီအစဉ်လည်း ပါပါတယ်။ ဖွင့်လှစ်ဖို့ခွင့်ပြုချက်ရတာနဲ့ COVID-19 ရောဂါ စည်းကမ်းသတ်မှတ်ချက်နဲ့အညီ ပြင်ဆင်ထားပါတယ်” ဟု တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန၊ တိုင်းရင်းသားကျေးရွာမှ ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးဝင်းက ပြောသည်။

ရန်ကုန်မြို့ သာကေတမြို့နယ်ရှိ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာကို ၂၀ဝ၂- ခုနှစ်၊ ဒီဇင်ဘာ၂၈ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး COVID-19 ရောဂါကြောင့် ၂၀၂၀-ခုနှစ်၊ မတ်လ ၂၄ ရက်နေ့တွင် ယာယီပိတ်ထားခဲ့ရာ ပြန်လည်ဖွင့်လှစ်ပါက အများပြည်သူအပန်းဖြေနိုင်ရုံသာမက ဝန်ဆောင်မှု အသစ်ဖြစ်သော နိုင်ငံခြားခရီးသွားများ တစ်နေ့တာ အပန်းဖြေနိုင်မည့် အစီအစဉ်အသစ်ကိုလည်း ဆောင်ရွက်နေကြောင်း သိရသည်။

 

a

 

ပြည်ထောင်စု တိုင်းရင်းသားကျေးရွာရှိ နန်းမြို့မျှော်စင်အတွင်း တိုင်းရင်းသားရှစ်မျိုး၏ ရိုးရာဓလေ့ကိုပြသရန် ပြင်ဆင်လျက်ရှိပြီး တိုင်းရင်းသားငါးမျိုး၏ အမဲလိုက်ဟန် ပလာစတာရုပ်တု ၂၂ ခုကို မတ်လကုန်ပိုင်း၌ ရောက်ရှိမည်ဖြစ်ရာ ကျန်သောတိုင်းရင်းသား ၃ မျိုး၏ ရုပ်တုကိုလည်း ဆက်လက် ထုဆစ်သွားမည်ဖြစ်ကြောင်း၊ ပြန်လည်ဖွင့်လှစ်ပါက တိုင်းရင်းသားရှစ်မျိုး၏ ရိုးရာအက ဖျော်ဖြေမှုကို ရုံးပိတ်ရက်တွင် ပုံမှန်အစီအစဉ်အတိုင်း ကျင်းပမည်ဖြစ်ပြီး ကိုဗစ်လွန်ကာလ၌ ရန်ကုန်မြို့၏ ခရီးသွားကဏ္ဍ အထောက်အပံ့ဖြစ်စေရန်နှင့်  ပြည်တွင်းပြည်ပခရီးသွားများ ရန်ကုန်မြို့သို့ ပိုမိုဝင်ရောက်နိုင်ရန် အပန်းဖြေမှုခရီးစဉ်ပုံစံသစ် အနေဖြင့် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာမှ ဖော်ဆောင်လျက်ရှိကြောင်း သိရသည်။

သန်းထိုက်
ဓာတ်ပုံ-သန်းစိုး