ပုသိမ် နိုဝင်ဘာ ၈

 

၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ဖွင့်လှစ်သင်ကြားမည့် ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး တက္ကသိုလ်(စစ်ကိုင်း) ပညာရေးဘွဲ့ ၅ နှစ်သင်တန်း အမှတ်စဉ်(၁၀)နှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်/စစ်ကိုင်း) ပထမနှစ်၊ ဝိဇ္ဇာ/သိပ္ပံနှင့် AGTI သင်တန်းများသို့ တက်ရောက်ရန် ဧရာဝတီတိုင်းဒေသကြီးရှိ မြို့နယ်အသီးသီးနှင့် နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း (ဘိုကလေးနှင့် မအူပင်)တို့မှ ဆန်ခါတင်ရွေးချယ်ခံထားရသည့် သင်တန်းသား၊ သင်တန်းသူများနှင့် တွေ့ဆုံပွဲကို နိုဝင်ဘာ ၈ ရက် နံနက်ပိုင်းက ပုသိမ်မြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ရတနာတန်ဆောင်ခန်းမ၌ ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ သင်တန်းသား သင်တန်းသူများနှင့် မိဘများ တက်ရောက်ခဲ့ကြသည်။

 

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အမှာစကား ပြောကြားပြီး ထောက်ပံ့ငွေများ ပေးအပ်ကာ ကျောင်းသား ကျောင်းသူများကိုယ်စား ကျောင်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ဧရာဝတီတိုင်းဒေသကြီးမှ ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး တက္ကသိုလ် (စစ်ကိုင်း)တွင် ပညာရေးဘွဲ့(B.Ed) (၅)နှစ်သင်တန်း အမှတ်စဉ်(၁၀) တက်ရောက်မည့် ကျောင်းသား ကျောင်းသူ ၂၅ ဦး နှင့် ပြည်ထောင်စု တိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်/စစ်ကိုင်း)တွင် ပထမနှစ် ဝိဇ္ဇာ/သိပ္ပံနှင့် AGTI သင်တန်းများသို့ တက်ရောက်မည့် ကျောင်းသား ကျောင်းသူ ၃၉ ဦး စုစုပေါင်း ၆၄ ဦးရှိကြောင်း သိရသည်။

 

လှမင်းထွဋ်(ပြန်/ဆက်)