စစ်ကိုင်း မတ် ၂၉

       
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်၊ စစ်ကိုင်း မီးဘေးအန္တရာယ် ကင်းဝေးစေရေးနှင့် မီးဘေးကြိုတင်ကာကွယ်ရေးတို့အတွက် မီးငြိမ်းသတ်ရေး၊ ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းများကို ခရိုင်မီးသတ်တပ်ဖွဲ့၊ ခရိုင်ကြက်ခြေနီတပ်ဖွဲ့နှင့် ကျောင်းမှ အရန်မီးသတ်တပ်ဖွဲ့တို့ ပူးပေါင်း၍ ယနေ့ နံနက် ၉ နာရီက သရုပ်ပြလေ့ကျင့်မှုများ ဆောင်ရွက်သည်။
    
သရုပ်ပြလေ့ကျင့်ရာ၌ လုံခြုံရေးအဖွဲ့မှ မီးလန့်အချက်ပေးခြင်း၊ မီးလောင်သည့် နေရာတွင် မီးသတ်ဆေးဗူးများဖြင့် ကနဦး ငြိမ်းသတ်ခြင်း၊ ကျောင်းမှ အရန်မီးသတ်တပ်ဖွဲ့နှင့် ခရိုင်မီးသတ်တပ်ဖွဲ့တို့က အနီးဆုံးတံခါးမှ အဆောက်အဦအတွင်း ဝင်ရောက်၍ မီးထိန်းခြင်း၊ ကျောင်းကယ်ဆယ်ရေးအဖွဲ့နှင့် ခရိုင်ကြက်ခြေနီတပ်ဖွဲ့တို့က ဒဏ်ရာရလူနာများ ရှာဖွေ ကယ်ထုတ်ခြင်း၊ ရှေးဦးပြုစုခြင်း၊ လူနာတင်ယာဉ်ဖြင့် ဆေးရုံသို့ ပို့ဆောင်ခြင်း၊ မီးငြိမ်းသတ်ရေးအဖွဲ့က မီးသတ် ယာဉ်တစ်စီးဖြင့် မီးငြိမ်းသတ်ခြင်းကို စုဖွဲ့၍ အပိုင်းအလိုက် စနစ်တကျ သရုပ်ပြလေ့ကျင့်ခဲ့သည်။
    
လေ့ကျင့်မှုကို ကျောင်းအုပ်ကြီး၊ ဒုတိယကျောင်းအုပ်ကြီးနှင့် ညွှန်ကြားရေး မှူးများ၊ ပါမောက္ခ၊ ဌာနမှူးများ၊ ဆရာ ဆရာမများ၊ အရာထမ်း၊ အမှုထမ်းများ၊ ခရိုင်မီးသတ်တပ်ဖွဲ့နှင့် ခရိုင်ကြက်ခြေနီတပ်ဖွဲ့တို့ ပူးပေါင်းကာ မီးသတ်ယာဉ်တစ်စီး၊ ရှာဖွေကယ်ဆယ်ရေးယာဉ်တစ်စီး၊ မီးသတ် အုပ်ချုပ်မှုယာဉ်တစ်စီး၊ ကြက်ခြေနီတပ်ဖွဲ့မှ လူနာတင်ယာဉ်တစ်စီးတို့ဖြင့် ဆောင်ရွက်ခဲ့ပြီး လေ့ကျင့်မှု အပြီးတွင် သရုပ်ပြလေ့ကျင့်ခြင်း၏ ရလဒ်များ၊ အားနည်းချက်၊ အားသာချက်များနှင့် ပတ်သက်၍ ဘွဲ့နှင်းသဘင်ခန်းမတွင် ခရိုင်မီးသတ်ဦးစီးဌာနမှူးက ရှင်းပြပြီး မေးမြန်းခြင်းများကို ပြန်လည်ဆွေးနွေးမှုများ ဆောင်ရွက်သည်။
    
လေ့ကျင့်ခြင်းအခမ်းအနားသို့ ဆရာ ဆရာမ၊ ဝန်ထမ်း ၁၉၅ ဦး၊ ခရိုင် မီးသတ်တပ်ဖွဲ့နှင့် ခရိုင်ကြက်ခြေနီတပ်ဖွဲ့တို့မှ ၂၀ စုစုပေါင်း ၂၁၅ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)