နေပြည်တော် ဇန်နဝါရီ ၂

နေပြည်တော်ကောင်စီနယ်မြေ ဥတ္တရသီရိမြို့နယ်ရှိ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ Judicial College အဆောက်အဦသစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်စား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး တက်ရောက်ဖွင့်လှစ်သည်။

အခမ်းအနားသို့ ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော် အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီးများ၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ဝင်များ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်များ၊ ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူပေးရေးဥက္ကဋ္ဌ၊ ဝန်ကြီးဌာနများမှ တာဝန်ရှိသူများနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ တရားရေးအရာရှိများ တက်ရောက်ကြသည်။

ဖဲကြိုးဖြတ်ဖွင့်လှစ်

ဦးစွာ ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေး၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌ ဦးအောင်ဇော်သိန်းနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်တို့က Judicial College အဆောက်အဦအသစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးက Judicial College အဆောက်အဦသစ်ဆိုင်းဘုတ်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး အခမ်းအနား တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကြသည်။

အမွှေးနံ့သာရည်များပက်ဖျန်း

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူးနှင့် အခမ်းအနားတက်ရောက်လာကြသူများသည် Judicial College အဆောက်အဦသစ် ကမ္ပည်းမော်ကွန်းအားအမွှေးနံ့သာရည်များ ပက်ဖျန်းပေးသည်။

ဆက်လက်၍ အခမ်းအနားဒုတိယပိုင်းကို ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူးနှင့် အခမ်းအနားတက်ရောက်လာကြသူများသည် Judicial College နှင့်စပ်လျဉ်းသည့် Video Clip ကို ကြည့်ရှုကြသည်။

ထို့နောက် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက Judicial College အဆောက်အဦသစ်နှင့် သက်ဆိုင်သည့် စာရွက်စာတမ်းများကို ပြည်ထောင်စုတရားသူကြီးချုပ်ထံသို့ လွှဲပြောင်းပေးအပ်သည်။ ယင်းနောက် ပြည်ထောင်စုတရားသူကြီးချုပ်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူးထံ Judicial College အဆောက်အဦသစ် ဖွင့်ပွဲအထိမ်းအမှတ်လက်ဆောင်အား ဂါရဝပြု ပေးအပ်သည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ကိုယ်စား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူးက အမှာစကား ပြောကြားရာတွင် ယနေ့သည် မြန်မာနိုင်ငံတွင် ပထမဦးဆုံး အဆင့်မြင့်တရားစီရင်ရေးဆိုင်ရာ သင်ကြားရေးဌာနတစ်ခုဖြစ်သော Judicial College အဆောက်အဦသစ်ကြီးကို စတင်ဖွင့်လှစ်နိုင်သည့်နေ့ဖြစ်သဖြင့် တရားစီရင်ရေးမဏ္ဍိုင်အတွက် သာမကဘဲ နိုင်ငံတော်အတွက်ပါ ဂုဏ်ယူဝမ်းမြောက်စွာဖြင့် မှတ်တမ်းတင်ရမည့် နေ့တစ်နေ့ဖြစ်ကြောင်း။

အာမခံချက်ပေးနိုင်သည့်အခွင့်အလမ်းဖြစ်

ကမ္ဘာ့နိုင်ငံအသီးသီးတွင် တရားရေးကဏ္ဍ မြင့်မားရေးနှင့် တရားရေးဆိုင်ရာ အသိပညာဗဟုသုတများ တိုးတက်ရေးအတွက် Judicial Academy, Judicial College, Judicial Training Centre စသည့် အမည်အမျိုးမျိုးဖြင့် တည်ထောင်ထားသည်ကို တွေ့ရကြောင်း၊ အဆိုပါသင်ကြားသင်ယူမှုဌာနများတွင် နိုင်ငံတကာတရားသူကြီးများကို ဖိတ်ခေါ်ပြီး တရားစီရင်ရေး လေ့ကျင့်သင်ကြားပေးခြင်း၊ တရားစီရင်ရေးစနစ် ထွန်းကားရန်အတွက် ညှိနှိုင်းဆွေးနွေးခြင်း၊ ဟောပြောပို့ချခြင်း၊ အပြန်အလှန်အသိပညာ ဖလှယ်ပူးပေါင်းဆောင်ရွက်ခြင်းတို့ကို လုပ်ဆောင်နေကြခြင်း တွေ့ရမည်ဖြစ်ကြောင်း၊ နိုင်ငံများအကြား တရားစီရင်ရေး ဖလှယ်မှုအစီအစဉ် (Judicial Exchange Programme) သည် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုကို ဖြစ်ထွန်းစေရုံသာမကဘဲ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအတွက်ပါ အာမခံချက်ပေးနိုင်သည့် အခွင့်အလမ်းဖြစ်သဖြင့် နိုင်ငံအတွက် အရေးပါအရာရောက်သည့် နေရာတစ်ခုဖြစ်ကြောင်း။

အကျိုးရှိရှိထိထိရောက်ရောက်အသုံးချနိုင်မည်

ထို့ပြင် ယခုကဲ့သို့နိုင်ငံတော်ငွေ ကုန်ကျစရိတ်များစွာကျခံပြီး ခမ်းနားထည်ဝါစွာ တည်ဆောက်ပေးထားသည့် Judicial College ကြီးတွင် ပြည်ပသင်တန်းသားများအပြင် မြန်မာနိုင်ငံက တရားသူကြီးအသစ်များ၊ အလယ်အလတ်အဆင့် တရားသူကြီးများ၊ အဆင့်မြင့်တရားသူကြီးများအတွက်လည်း လေ့လာသင်ယူ ဆွေးနွေးပို့ချသည့်နေရာအဖြစ် အသုံးပြုသွားမည်ဖြစ်သဖြင့် တရားသူကြီးအသီးသီး၏ စွမ်းရည်တိုးတက်ရေး အကျိုးရှိရှိ ထိထိရောက်ရောက် အသုံးချနိုင်မည်ဟု ယုံကြည်မျှော်လင့်ကြောင်း။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၁၉ အရ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးဆိုသည့် နိုင်ငံတော်အာဏာသုံးရပ်ကို ဥပဒေနှင့်အညီ ကျင့်သုံးဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၁၉ အရ ဥပဒေနှင့်အညီ လွတ်လပ်စွာတရားစီရင်ရေး၊ မှန်မှန်နှင့်မြန်မြန် တရားစီရင်ရေး ရှင်သန်စေရန်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၁ အရ ဥပဒေပြုမှုနှင့် အုပ်ချုပ်မှုအာဏာရပ်များက တရားစီရင်ရေး အာဏာအပေါ် ဝင်ရောက်စွက်ဖက်မှုကင်းပြီး အာဏာသုံးရပ် ပိုင်းခြားခွဲဝေကျင့်သုံးမှု တတ်နိုင်သမျှ ဆောင်ရွက်ရန်စသည့် နိုင်ငံတော်၏ တရားစီရင်ရေး ဆိုင်ရာမူများ၊ တာဝန်နှင့် လုပ်ပိုင်ခွင့်များကို ပြည်ထောင်စု တရားလွှတ်တော်ချုပ်ကို အပြည့်အဝ လွှဲအပ်ကျင့်သုံးလျက်ရှိသည်ကို အားလုံးအသိပင် ဖြစ်ကြောင်း။

တရားစီရင်ရေးမဏ္ဍိုင် တိုးတက်ဖွံ့ဖြိုးစေရေးနှင့် ပြည်သူအများ ယုံကြည်ကိုးစားသည့် တရားစီရင်ရေးစနစ် ဖြစ်ထွန်းစေရေးအတွက် နိုင်ငံတော်အစိုးရ၏ ဆောင်ရွက်ပေးနေမှုများကိုလည်း ထည့်သွင်းပြောကြားလိုကြောင်း၊ ပြည်သူအများ ယုံကြည်ကိုးစားသည့် တရားစီရင်ရေးစနစ် ဖြစ်ထွန်းစေရေးတွင် တရားသူကြီးများ၏ ဆင်ခြင်တုံတရား၊ စိတ်ဓာတ်နှင့်စွမ်းဆောင်ရည် မြင့်မားမှုများသည် အဓိကကျသကဲ့သို့ တရားရုံးများ၏ ဖွဲ့စည်းတည်ဆောက်မှုနှင့် ဥပဓိရုပ်ကောင်းမွန်မှုသည်လည်း အရေးပါသည့် အခန်းကဏ္ဍဖြစ်ကြောင်း။

လိုအပ်ချက်များကို ဆောင်ရွက်ပေးလျက်ရှိ

ထို့ကြောင့် တရားရုံးများ ဥပဓိရုပ်ကောင်းမွန် ပြည့်စုံစေရန်အတွက် နိုင်ငံတော်အစိုးရအနေဖြင့် မန္တလေးတိုင်းဒေသကြီး၊ မွန်ပြည်နယ် စသည့် တရားလွှတ်တော် (High Court) များကို အသစ်ဆောက်လုပ်ပေးခဲ့သကဲ့သို့ ခရိုင်တရားရုံး ငါးခုကိုလည်း အသစ်ဆောက်လုပ်ပေးခဲ့ပြီးဖြစ်ကြောင်း၊ မြန်မာနိုင်ငံ တရားသူကြီးအားလုံးအတွက် ဝန်ထမ်းတိုင်းခံစားခွင့်ရှိသည့် ဝတ်စုံစရိတ် (Outfit Allowance) အပြင် လုပ်ငန်းတာဝန်အရ မဖြစ်မနေဝတ်ဆင်ရသည့် ဝတ်ရုံစရိတ်များခွင့်ပြုပေးခြင်း စသည်များကိုလည်း နိုင်ငံတော်က တရားစီရင်ရေးကဏ္ဍအတွက် လိုအပ်ချက်များကို ဆောင်ရွက်ပေးလျက်ရှိကြောင်း။

တရားစီရင်ရေးမဏ္ဍိုင် ဖွံ့ဖြိုးတိုးတက်ရန်အတွက် နိုင်ငံတော်၏ ဆောင်ရွက်ပေးနေမှုများကို အသိပေးပြောကြားရင်း တရားစီရင်ရေးတွင် တာဝန်ယူဆောင်ရွက်နေကြသည့် ပြည်ထောင်စုတရား လွှတ်တော်ချုပ်နှင့် လက်အောက်ခံတရားရုံးအဆင့်ဆင့်မှ တရားသူကြီးများကို အထူးမှာကြားလိုသည့်အချက်ရှိကြောင်း၊ “တရားစီရင်ရာတွင် အမှန်ကို ဆုံးဖြတ်ရုံမျှသာမကဘဲ ထိုသို့အမှန်တရားကိုစီရင်ကြောင်း အများမြင်စေရာသည်” ဆိုသော အသားကျနေသည့် စီရင်ထုံးလမ်းညွှန်ချက်အတိုင်းဖြစ်စေရန်နှင့် တရားသူကြီးများသည် အမှန်တရားကို ချစ်မြတ်နိုးရန်၊ နိုင်ငံအတွက်၊ အများပြည်သူအတွက် စိတ်ကောင်းစေတနာထားရန်၊ အရည်အချင်းရှိသည့် တရားသူကြီးဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားလိုကြောင်း။

အစွမ်းကုန်ကြိုးပမ်း

ယနေ့အချိန်အခါတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံတော်၏ တာဝန်အရပ်ရပ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ထိန်းသိမ်းဆောင်ရွက်လျက်ရှိပြီး ရှေ့လုပ်ငန်းစဉ် (၅) ရပ်၊ ဦးတည်ချက် (၉) ရပ်တို့ကို ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါ ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့်ဦးတည်ချက် (၉) ရပ် တို့တွင် “တရားဥပဒေစိုးမိုးရေး” ကို အလေးထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို အတိအလင်း ထုတ်ပြန်ကြေညာထားပြီးဖြစ်ကြောင်း၊ တရားဥပဒေ စိုးမိုးရေး အပြည့်အဝရရှိစေရန် အကောင်အထည်ဖော်ရာ၌ တရားစီရင်ရေး၏ မှန်ကန်မှုနှင့်မြန်ဆန်မှုသည် အရေးပါသည့် အခန်းကဏ္ဍတွင်ရှိသည့်အတွက် တရားစီရင်ရေးကို အကောင်အထည်ဖော်ကြရသည့် တရားသူကြီးများက ကျရာနေရာမှ အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်ပေးကြရန် မှာကြားလိုကြောင်း။

ညှိနှိုင်းဆွေးနွေးဖလှယ်

Judicial College အဆောက်အဦသစ်ကြီး တည်ထောင်ဖွင့်လှစ်ရသည့် ရည်ရွယ်ချက်များအတိုင်း ယခုကျောင်းတော်ကြီးမှနေ၍ အာဆီယံအပါအဝင် မိတ်ဆွေနိုင်ငံများနှင့် နှစ်နိုင်ငံတရားစီရင်ရေးကိစ္စများကို ညှိနှိုင်းဆွေးနွေးဖလှယ်ပြီး ပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် နိုင်ငံတကာနှင့် ချစ်ကြည်ရင်းနှီးမှု၊ ယုံကြည်စိတ်ချရသည့် တရားစီရင်ရေး အကာအကွယ်ရှိသော ရင်းနှီးမြှုပ်နှံမှုပြုလုပ်နိုင်သည့် နိုင်ငံအဖြစ် ပြသနိုင်မှုများ ဖော်ဆောင်နိုင်အောင် ဆောင်ရွက်ပေးကြရန်၊ တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့် ညီမျှခြင်းဆိုသည့် လောကပါလတရားများ ဖြစ်ထွန်းစေသည့် မြန်မာ့တရားစီရင်ရေးသည် အာဆီယံမှာသာမက ကမ္ဘာကပါ လေးစားဂုဏ်ယူရသည့် တရားစီရင်ရေးဖြစ်အောင် ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း ပြောကြားသည်။

အဆောက်အဦသစ်အတွင်းလှည့်လည်ကြည့်ရှု

ထို့နောက် ပြည်ထောင်စုတရားသူကြီးချုပ်က ကျေးဇူးတင်စကားပြောကြားပြီး အခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူးနှင့် အခမ်းအနား တက်ရောက်လာကြသူများသည် Judicial College အဆောက်အဦသစ်အတွင်း လှည့်လည်ကြည့်ရှုခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်