ပခုက္ကူ ၂၂ ဒီဇင်ဘာ
ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဦးမြင့်အောင်နှင့် မကွေးတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်တို့သည် ပခုက္ကူအကျဉ်းထောင်ရှိ အကျဉ်းသူ/အကျဉ်းသားများ၏ ဥပဒေနှင့်အညီ ရသင့်ရထိုက်သော အခွင့်အရေးများ ရရှိခြင်းရှိ/မရှိကို ဒီဇင်ဘာလတွင် လာရောက်စစ်ဆေးကြည့်ရှုခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးနှင့် မကွေးတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဦးစိန်ထွန်း၊ တရားလွှတ်တော် တရားသူကြီး ဦးမြင့်သိန်း၊ မကွေးတိုင်းဒေသကြီး တရားရေး ဦးစီးမှူး ဒေါ်စိုးဉာဏ်၊ ပခုက္ကူခရိုင် တရားသူကြီး ဦးမျိုးဝင်းနှင့် ပခုက္ကူ၊ ရေစကြို၊ မြိုင်၊ ပေါက်၊ ဆိပ်ဖြူမြို့နယ်များမှ တရားသူကြီးများ၊ မကွေးတိုင်းဒေသကြီး အကျဉ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းနိုင်၊ ပခုက္ကူအကျဉ်းဦးစီးဌာန၊ ပခုက္ကူထောင်မှ တာဝန်ရှိသူများလိုက်ပါပြီး ပခုက္ကူထောင်ရှိ အကျဉ်းသား (၃၇၀)ဦး၊ အကျဉ်းသူ (၇၀)ဦးနှင့် အချုပ်သား အမျိုးသား (၁၃၅)ဦး၊ အမျိုးသမီး(၁၁)ဦး စုစုပေါင်း (၅၈၆)ဦးတို့၏ နေထိုင်စားသောက်မှု အခြေအနေ၊ ကျန်းမာရေးစောင့်ရှောက်မှု အခြေအနေ၊ သောက်သုံးရေရရှိမှု အခြေအနေများ စစ်ဆေးကြည့်ရှုပြီး အကျဉ်းသားများ၏ အဆောင်များ၊ စားဖိုဆောင်များ၌ သန့်ရှင်းစွာထားရှိမှုရှိ/မရှိ၊ ဆေးကုသနိုင်ရန် အခွင့်အရေးများ ရရှိခြင်းရှိ/မရှိ၊ ညှဉ်းပန်းနှိပ်စက်မှုရှိ/မရှိ၊ ဥပဒေနှင့်အညီ ရသင့်ရထိုက်သော အခွင့်အရေးများ ရရှိခြင်းရှိ/မရှိတို့ကို စစ်ဆေးမေးမြန်ပြီး လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။ ထို့ပြင် တရားသူကြီးများနှင့် တရားရေးဝန်ထမ်းများကို ပခုက္ကူခရိုင်တရားရုံး၌ တွေ့ဆုံပြီး မိမိတို့ဒေသအလိုက် (၁)နှစ်အထက် ကြန့်ကြာနေသော အချုပ်တရားခံပါမှုခင်းများ၊ (၂)နှစ်အထက် ကြန့်ကြာနေသော ခံဝန်မှုခင်းများနှင့် (၃)နှစ်အထက် ကြန့်ကြာနေသော တရားမမှုခင်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဦးမြင့်အောင်က ပြန်လည်သုံးသပ်ပြောကြားခဲ့ကြောင်း ပခုက္ကူခရိုင်တရားသူကြီးရုံးမှ သိရသည်။
ဆလိုင်းကိုကီး (ပြန်/ဆက်)