နေပြည်တော် ၃၀ ဒီဇင်ဘာ
ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဦးမျိုးတင့်သည် ဒီဇင်ဘာ ၂၇ ရက် နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး မအူပင်အကျဉ်းထောင်ကို သွားရောက် ကြည့်ရှုစစ်ဆေးခဲ့သည်။

ရှေးဦးစွာ မအူပင်အကျဉ်းထောင်တာဝန်ခံ ဦးဌေးဝင်းက အကျဉ်းထောင်အတွင်း အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးနှင့်အဖွဲ့သည် အကျဉ်းထောင်အတွင်း အကျဉ်းသားများနေထိုင်သည့်အဆောင်များ၊ စားဖိုဆောင်နှင့် ကျန်းမာရေးဆေးခန်းတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး အကျဉ်းသားများနှင့် တွေ့ဆုံ၍ အကျဉ်းသား၊ အချုပ်သားများဥပဒေနှင့်အညီ ရသင့်ရထိုက်သော အခွင့်အရေးများရရှိခြင်း ရှိ/မရှိ၊ နေရာထိုင်ခင်းသက်သာ ချောင်ချိမှု ရှိ/မရှိ၊ ကျန်းမာရေး မကောင်းပါကဆေးကုသခွင့် ရ/မရ အခြေအနေများကို စစ်ဆေးခဲ့သည်။
ယင်းနောက် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးသည် မအူပင်ခရိုင်တရားရုံး၌ ခရိုင်တရားသူကြီးနှင့် မြို့နယ်တရားသူကြီးများကို တွေ့ဆုံ၍ တရားစီရင်ရေးဆိုင်ရာများကို ဆွေးနွေးခဲ့သည်။
(သတင်းစဉ်)