မြတ်မျိုးလတ်
ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် တရားစီရင်ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက် ရှိရာ တရားစီရင်ရေးဆိုင်ရာ မဟာဗျူဟာစီမံကိန်းများ ရေးဆွဲပြီး နယ်ပယ်အလိုက် ရည်မှန်းချက်များ သတ်မှတ်၍ အကောင်အထည်ဖော်လျက် ရှိပါသည်။ ၂၀၁၅ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ သုံးနှစ်တာ မဟာဗျူဟာစီမံကိန်းကို ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး လက်ရှိတွင် ၂၀၁၈ ခုနှစ်မှ ၂၀၂၂ ခုနှစ်ထိ တရားစီရင်ရေးဆိုင်ရာ ငါးနှစ်တာ မဟာဗျူဟာစီမံကိန်းအရ နယ်ပယ် (၅)ရပ်ခွဲခြားသတ်မှတ်၍ သက်ဆိုင်ရာနယ်ပယ်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါသည်။ နှစ်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်မှုများကိုလည်း ၂၀၁၆ ခုနှစ်မှစတင်၍ နှစ်စဉ် အစီရင်ခံစာစာအုပ်များ ရေးသားထုတ်ပြန်၍ တင်ပြနိုင်ခဲ့ပြီး ဖြစ်ပါသည်။
ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ တရားစီရင်ရေး မဟာဗျူဟာစီမံကိန်း (၂၀၁၈-၂၀၂၂)၊ နယ်ပယ်(၅) ဖြစ်သည့် “ထိရောက်သော မှုခင်းစီမံခန့်ခွဲမှုနှင့် တရားရုံးက ဆောင်ရွက်သော အထူးမှုခင်း ကိစ္စရပ်တို့ကို တိုးမြှင့်ဆောင်ရွက်ရန်” နယ်ပယ် အောက်တွင် နိုင်ငံတစ်ဝန်း မှုခင်းစီမံခန့်ခွဲမှု အစီအစဉ် (National Case Mana- gement Program-NCMP)ကို သုံးနှစ်အတွင်း နိုင်ငံတစ်ဝန်းရှိ တရားရုံးများတွင် အဆင့်လိုက် အကောင်အထည်ဖော် ဆောင်ရွက်သွားရန် ရည်မှန်းဆောင်ရွက်လျက် ရှိပါသည်။ နိုင်ငံတစ်ဝန်း မှုခင်းစီမံခန့်ခွဲမှု အစီအစဉ်သည် ၂၀၁၅ ခုနှစ်ကတည်းက ရှေ့ပြေးစမ်းသပ် တရားရုံးအစီအစဉ် (Pilot Court Program) ဖြင့် စမ်းသပ်ကျင့်သုံး ခဲ့သည့် မှုခင်းစီမံခန့်ခွဲမှုစနစ်၏ အောင်မြင်မှုများကို အခြေခံကာ အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် အစီအစဉ် ဖြစ်သည်။
ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် ၂၀၁၅ ခုနှစ်မှ စတင်ကာ ရှေ့ပြေး စမ်းသပ်တရားရုံး အစီအစဉ်ကို USAID-PRLP အဖွဲ့နှင့် ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်။ အဆိုပါအစီအစဉ်အရ ရှေ့ပြေးစမ်းသပ် တရားရုံးသုံးရုံးကို ဦးစွာရွေးချယ်သတ်မှတ်၍ မှုခင်းစီမံခန့်ခွဲမှုစနစ်ကို စမ်းသပ်ကျင့်သုံးခဲ့ပါသည်။ ရှေ့ပြေးစမ်းသပ် တရားရုံးသုံးရုံး၏ အတွေ့အကြုံ များအရ ၂၀၁၆ ခုနှစ်တွင် ရှေ့ပြေးစမ်းသပ် တရားရုံးငါးရုံးကို ထပ်မံတိုးချဲ့ ၍ ဆက်လက်စမ်းသပ်ကျင့်သုံးခဲ့ပါသည်။
ဤသို့ စမ်းသပ်ကျင့်သုံးခဲ့သည့် မှုခင်းစီမံခန့်ခွဲမှုစနစ်သည် အမေရိကန်နိုင်ငံတွင် ၁၉၇၀ နှစ်များကတည်းက ကျင့်သုံးခဲ့ပြီး ဥရောပနိုင်ငံများအပါအဝင် က္ဘာ့နိုင်ငံ အများအပြားတွင် ကျင့်သုံးနေသည့် စနစ်ဖြစ်ပါသည်။ အဆိုပါစနစ်ကို မြန်မာနိုင်ငံတွင် စမ်းသပ်ကျင့်သုံးခြင်းမပြုမီ မြန်မာနိုင်ငံတွင် လက်တွေ့ကျင့်သုံးနေသည့် တည်ဆဲ ကျင့်ထုံးဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် ဆန့်ကျင်မှုမရှိစေရန် အချိန်ယူလေ့လာမှုများ၊ အလုပ်ရုံဆွေးနွေးပွဲများ အကြိမ်ကြိမ်ပြုလုပ်၍ လုပ်ထုံးလုပ်နည်းများရေးဆွဲ စမ်းသပ် ကျင့်သုံးခဲ့ခြင်း ဖြစ်ပါသည်။
မှုခင်းစီမံခန့်ခွဲခြင်းစနစ်ကို ကျင့်သုံးရာတွင် မှုခင်းအချက်အလက် ခြေရာခံသည့်စနစ် (Case Tracking Database System) ကိုပါ တစ်ပြိုင်တည်းကျင့်သုံးပြီး ခြောက်လတစ်ကြိမ် ဆန်းစစ်လေ့လာ တိုင်းတာခြင်း၊ တစ်နှစ်ပြည့်သည့်အခါ တရားရုံးတစ်ရုံးချင်း၏ ရလဒ်များကို ပြန်လည်တိုင်းတာ ဆန်းစစ်ခြင်းတို့ကိုလည်း ဆောင်ရွက်ပါသည်။ ထို့ပြင် အဆိုပါစနစ်ကို စတင်ကျင့်သုံးမှု မပြုမီ ကျင့်သုံးမည့်တရားရုံး၏ လက်ရှိအနေအထား ကိုသိရှိနိုင်ရန် စစ်တမ်းများကောက်ယူ၍ အခြေခံမျဉ်း (Base Line)u ကို ရေးဆွဲသတ်မှတ်ရပါသည်။ ထို့နောက် ခြောက်လတစ်ကြိမ် တိုင်းတာဆန်းစစ်မှုများနှင့် နှိုင်းယှဉ်ကာ အောင်မြင်တိုးတက်မှု ရှိမရှိကို ဆန်းစစ်အကဲဖြတ်ရပါသည်။ ရှေ့ပြေးစမ်းသပ် တရားရုံးများတွင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် အောင်မြင်တိုးတက်မှုများကို ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ထုတ်ပြန်ထားသည့် ၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ် နှစ်စဉ်အစီရင်ခံစာ စာအုပ်များတွင် အသေးစိတ် ဖော်ပြထားပါသည်။
မှုခင်းစီမံခန့်ခွဲမှုစနစ်တွင် အောင်မြင်တိုးတက်မှုရလဒ်များကို တိုင်းတာရန် သတ်မှတ်ထားသည့်စံ(၅)ချက် ရှိပါသည်။ ၎င်းတို့မှာ-
(၁) ပြက္ခဒိန်နှစ်အလိုက် အမှုပြီးပြတ်နှုန်း (Calender Clearance Rate) တွက်ချက်တိုင်းတာခြင်း
(၂) စစ်ဆေးဆဲအမှုများ၏ သက်တမ်း (Age of Pending Caseload) တွက်ချက်တိုင်းတာခြင်း
(၃)တရားရုံးအသုံးပြုသူများ၏ ကျေနပ်မှုစစ်တမ်း (Court User Satisfaction Survey) ကောက်ယူခြင်း
(၄) အမှုရွှေ့ဆိုင်းမှုနှုန်း (Postponement Rate) တွက်ချက်ခြင်းနှင့်
(၅) အမှုကြားနာရန် ချိန်းဆိုသော ပျမ်းမျှရုံးချိန်းအရေအတွက် (Average Number of Hearing Schedule Per-Case) တွက်ချက်ခြင်းတို့ ဖြစ်ပါသည်။
ဖော်ပြပါစံ(၅)ရပ်တွင် တရားရုံးအသုံးပြုသူများ၏ ကျေနပ်မှုစစ်တမ်းသည် သက်ဆိုင်ရာတရားရုံးတွင် နေ့ရက်တစ်ရက် သတ်မှတ်၍ သတ်မှတ်ထားသည့်နေ့ရက်တွင် တရားရုံးသို့လာရောက်သူများ၏ လွတ်လပ်သည့် သဘောထားမှတ်ချက်များကို စစ်တမ်းအဖြေလွှာများဖြင့် ရယူပြီး တွက်ချက်တိုင်းတာခြင်းဖြစ်သည်။ ကျန်သော စံ (၄)ရပ်မှာ တရားရုံးရှိ အမှုတွဲများကို စိစစ်ကြည့်ရှုပြီး ကောက်ယူထားသည့် အချက် အလက်များ၊မှုခင်းလချုပ် စာရင်းများမှ ရယူတွက်ချက် တိုင်းတာခြင်းဖြစ်သည်။ ယင်းသို့ တိုင်းတာရာတွင် ပကတိအခြေအနေအမှန်ကို အနီးစပ်ဆုံး ခန့်မှန်းသိရှိနိုင်စေရန်နှင့် တရားရုံးအသုံးပြုသူများ၏ လွတ်လပ်သော သဘောဆန္ဒများကို သိရှိနိုင်စေရန် စစ်တမ်းကောက်ယူသည့်စနစ်ကို ကြိုတင်စီမံ၍ နည်းလမ်းတကျ သတ်မှတ်ထားသည်။
တရားရုံးများတွင် အမှုများ စစ်ဆေးကြားနာသည့်အခါ သက်သေမလာရောက်ခြင်း၊ ရှေ့နေခွင့်တိုင်ခြင်း၊ ဆင့်စာအတည် မဖြစ်ခြင်း၊ တရားသူကြီး အစည်းအဝေးသွားခြင်း စသည့် အကြောင်းအမျိုးမျိုးကြောင့် အလွယ်တကူ ရုံးချိန်းရွှေ့ဆိုင်းမှုများကို တွေ့ရှိကြရမည် ဖြစ်သည်။ ယင်းကဲ့သို့ အလွယ်တကူ ရွှေ့ဆိုင်းမှုများကြောင့်၊ အမှုများ ကြန့်ကြာကာ တရားရုံးများအပေါ် အမှုသည်များ၊ ရှေ့နေများ၏ ဝေဖန်သံများ ပေါ်ပေါက်လျက်ရှိသည်။ ထို့ကြောင့် အမှုများ စီရင်ဆုံးဖြတ်ရန် ကြန့်ကြာနေမှု များသည် တရားစီရင်ရေးအပေါ် အများပြည်သူယုံကြည်ကိုးစားမှု လျော့နည်းစေနိုင်သည့် အချက်တစ်ချက်ဖြစ်သည်မှာ ထင်ရှားပါသည်။
မှုခင်းစီမံခန့်ခွဲမှုစနစ်သည် အမှုတွင်ကြန့်ကြာရသည့် အကြောင်းရင်းများကို ကြိုတင်စီမံခန့်ခွဲနိုင်ရန် တရားသူကြီးက ဦးဆောင်၍ အမှုအား စစ်ဆေးကြားနာမည့် အစီအစဉ်ကို အမှုသည်များအားလုံးနှင့် ကြိုတင်ညှိနှိုင်းဆောင်ရွက်ထားသည့်စနစ်၊ အမှုစစ်ဆေးကြားနာရန် ခွင့်ပြုထားသည့် စံသတ်မှတ်ရက်အတွင်း ပြီးပြတ်စေရန် ကြိုတင်ညှိနှိုင်းထားသည့် ရုံးချိန်းအစီအစဉ် များအတိုင်း အမှုကို စဉ်ဆက်မပြတ် ကြားနာစစ်ဆေးသွားခြင်းဖြင့် အမှုစစ် တရားသူကြီးက စဉ်ဆက်မပြတ် စီမံခန့်ခွဲ ဆောင်ရွက်ရသည့် စနစ်ဖြစ်သည်။ အကယ်၍ အမှုကိုစံသတ်မှတ်ရက်အတွင်း ပြီးပြတ်အောင် စီရင်ဆုံးဖြတ်နိုင်ခြင်း မရှိပါကလည်း မည်သည့်အတွက်၊ မည်သူ့ကြောင့် ကြန့်ကြာခဲ့ရကြောင်း အဖြေထုတ်ပြနိုင်ရန် နည်းပညာအကူအညီဖြင့် တိုင်းတာစောင့်ကြည့်မည့် မှုခင်းခြေရာ ခံသည့်စနစ်လည်း ပါရှိခြင်း ဖြစ်သည်။ ဤသို့တိုင်းတာရာတွင် အမှုသည်များ၊ ဥပဒေ အရာရှိများ၊ သက်သေများ၏ ပျက်ကွက်မှုကိုသာမက တရားသူကြီးနှင့် တရားရုံးဝန်ထမ်းများ၏ ပျက်ကွက်မှုကိုပါ စောင့်ကြည့် တိုင်းတာမည်ဖြစ်၍ မျှတသောစနစ်ဟု ဆိုနိုင်ပါသည်။
ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ နိုင်ငံတစ်ဝန်း မှုခင်းစီမံခန့်ခွဲမှု အစီအစဉ်သည် မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး တွင် တရားစီရင်ရေးကဏ္ဍ၏တာဝန်ကို အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းလည်း ဖြစ်ပေသည်။ အကြောင်းမှာ ကမ္ဘာ့ဘဏ်၏ နိုင်ငံများအလိုက် စီးပွားရေး လုပ်သာကိုင်သာရှိမှု အညွှန်းကိန်း (Ease of Doing Business Ranking) ကို တိုင်းတာရာတွင် အရည်အသွေးရှိသည့် တရားစီရင်ရေး လိုအပ်ချက်တစ်ရပ်ဖြစ်သည့် ခေတ်မီမှုခင်းစီမံခန့်ခွဲမှုစနစ် ရှိမရှိဆိုသည့် အချက်သည် ထည့်သွင်းစဉ်းစားသည့် အချက်တစ်ချက်အဖြစ် ပါဝင်နေသောကြောင့်ပင် ဖြစ်ပါသည်။
“မှုခင်းစီမံခန့်ခွဲမှုစနစ်” ၏ ရည်မှန်းချက်ပန်းတိုင်များမှာ-
(၁) မှုခင်းများတွင် အငြင်းပွားမှုများကို မျှတစွာဖြေရှင်းနိုင်ရန်
(၂) မှုခင်းများကို အချိန်နှင့်တစ်ပြေးညီ စစ်ဆေးစီရင်နိုင်ရန
(၃) အမှုလက်ကျန်များနှင့် ကြန့်ကြာနေသည့် မှုခင်းများလျှော့ချရန်
(၄) တရားရုံးများအပေါ် ပြည်သူလူထု၏ ယုံကြည်စိတ်ချမှုမြှင့်တင်ရန်တို့ပင် ဖြစ်ပါသည်။
ဖော်ပြပါ ရည်မှန်းချက်ပန်းတိုင်များသို့ အောင်မြင်စွာရောက်ရှိနိုင်ရန် မှုခင်းစီမံခန့်ခွဲမှုစနစ်ကို ကျင့်သုံးဆောင်ရွက်ရာတွင် အောက်ပါ အနှစ်သာရများကို မပျောက်ပျက်အောင် အလေးထားဆောင်ရွက်ရန်လည်း လိုအပ်မည် ဖြစ်ပါသည်-
(၁)အမှုများ၏ အမှုအမျိုးအစားအပေါ်မူတည်ပြီး အမှု၏အဆင့်ဆင့် ဆောင်ရွက် မည့်ကာလ ၊ အမှုတစ်မှုလုံး ပြီးပြတ်နိုင်မည့်ကာလကို အမှုသည်များအား ကြိုတင် သိရှိစေခြင်း၊
(၂) အမှုကြားနာစစ်ဆေးခြင်းမပြုမီ အမှုသည်များ/ ရှေ့နေများအတွက် လုံလောက်သည့် ကြိုတင်ပြင်ဆင်ချိန်ပေးခြင်း၊
(၃) အမှုအတွက် လုံလောက်သည့် ပြင်ဆင်ချိန်ပေးပြီးနောက်အမှုကို စဉ်ဆက်မပြတ် ကြားနာစစ်ဆေးသွားခြင်း၊
(၄) ကောင်းမွန်လုံလောက်သည့် အကြောင်းမရှိဘဲ ရုံးချိန်းရွှေ့ဆိုင်းခြင်းကို ခွင့်မပြုခြင်း၊
(၅) သက်သေများကို နှစ်ဖက်အမှုသည်များနှင့် ရှေ့နေများက တာဝန်ယူ၍ ရုံးချိန်းရက်တွင် ရုံးရှေ့သို့ ရောက်ရှိစေခြင်း၊
(၆) ရုံးချိန်းတစ်ချိန်းတွင် တစ်ဦးထက်ပိုသော သက်သေများကို စစ်ဆေးခြင်းဖြင့် ရုံးချိန်းအရေအတွက် လျော့ကျစေခြင်း။
နိုင်ငံတစ်ဝန်း မှုခင်းစီမံခန့်ခွဲမှုအစီအစဉ်ကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် လက်ရှိတရားရုံးများအားလုံး၌ တစ်ပြိုင်တည်း အကောင်အထည်ဖော်ဆောင်ရွက်ရန် မလွယ်ကူလှပါ။ မှုခင်းစီမံခန့်ခွဲမှုစနစ်ကို ကျင့်သုံးဆောင်ရွက်နိုင်ရန် တရားရုံးများ တွင် ကြိုတင်လေ့လာမှုစစ်တမ်းများ ကောက်ယူခြင်း၊ ကွန်ပျူတာ၊ ပရင်တာများ တပ်ဆင်ခြင်း၊ တရားသူကြီးများနှင့် ဝန်ထမ်းများအား သင်တန်းများပေးခြင်းစသည့် ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်ရသည့်အပြင် စတင်ကျင့်သုံး ဆောင်ရွက်ပြီးသည်နှင့် စဉ်ဆက်မပြတ် စောင့်ကြည့်စစ်ဆေးခြင်း၊ အစီရင်ခံစာ ထုတ်ပြန်ခြင်းစသည့် လုပ်ငန်းစဉ်များ ပူးတွဲပါရှိနေသောကြောင့် မြန်မာတစ်နိုင်ငံလုံးရှိ တရားရုံးများအားလုံးတွင် သုံးနှစ်အတွင်း အဆင့်လိုက် အကောင်အထည်ဖော် ဆောင်ရွက်သွားရန် သတ်မှတ်ထားခြင်း ဖြစ်သည်။
နိုင်ငံတစ်ဝန်း မှုခင်းစီမံခန့်ခွဲမှုအစီအစဉ်ကို ၂၀၁၈ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့မှ စတင်ကာ တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးရှိ ခရိုင်တရားရုံး ၁၂ ရုံးနှင့် မြို့နယ် တရားရုံး ၁၄ ရုံး စုစုပေါင်း ၂၆ ရုံးတွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါသည်။ ၂၀၁၉ ခုနှစ်တွင်လည်း ခရိုင်တရားရုံးငါးရုံးနှင့် မြို့နယ်တရားရုံး ၄၃ ရုံး၊ စုစုပေါင်း တရားရုံး ၄၈ ရုံးတွင် တိုးချဲ့အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
မှုခင်းစီမံခန့်ခွဲခြင်း၏ အဓိပ္ပာယ်မှာ ရာဇဝတ်မှုများနှင့် တရားမမှုများ စစ်ဆေးစီရင်ရာတွင် စံသတ်မှတ်ကာလအတွင်း ပြီးပြတ်စေရန် မှုခင်းစစ်ဆေးစီရင်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီတရားရုံးသည် အမှုနှင့် သက်ဆိုင်သည့် တာဝန်ရှိသူများနှင့်အတူ ပူးပေါင်း၍ နည်းပညာအထောက်အပံ့များဖြင့် စဉ်ဆက်မပြတ် ကြီးကြပ်ကွပ်ကဲနိုင်ရန် စီစဉ်ဆောင်ရွက် ခြင်းပင် ဖြစ်သည်။
နိုင်ငံတစ်ဝန်း မှုခင်းစီမံခန့်ခွဲမှုအစီအစဉ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် တရားရုံးများတွင် မှုခင်းစီမံခန့်ခွဲခြင်းကို ဆောင်ရွက်ရာ၌ သာမန်တရားရုံးများနှင့် ခြားနားစွာဆောင်ရွက်မှုများကို တွေ့ရှိကြရမည် ဖြစ်ပါသည်။ ထင်သာမြင်သာရှိမည့် ခြားနားချက်များမှာ အမှုသည်များနှင့် ရှေ့နေများသို့ အမှုနှင့်သက်ဆိုင်သည့် ပုံစံများ ဖြန့်ဝေပေးကာ အသိပေးခြင်းနှင့် အမှုများ ကြားနာစစ်ဆေးခြင်း မပြုမီ အမှုစစ်ဆေးမည့် တရားသူကြီးသည် နှစ်ဖက်အမှုသည်များ၊ ရှေ့နေများနှင့် ညှိနှိုင်းအစည်းအဝေးများ ကျင်းပပြုလုပ်ခြင်းတို့ပင် ဖြစ်သည်။
မှုခင်းစီမံခန့်ခွဲမှုစနစ် ကျင့်သုံးဆောင်ရွက်လျက်ရှိသည့် တရားရုံးတွင် အမှုပထမ ရုံးချိန်း(နှစ်ဖက်အမှုသည် စုံလင်သည့်နေ့)၌ တရားရုံးကပုံစံ(က)နှင့် ပုံစံ(ခ)ကို ထုတ်ပေးမည် ဖြစ်သည်။ ပုံစံ(က)မှာ မှုခင်းစီမံခန့်ခွဲမှု အစည်းအဝေးပြုလုပ်ရန် အကြောင်းကြားစာ ဖြစ်သည်။ အဆိုပါပုံစံတွင် အမှုသည်များအမည်၊ စွဲဆိုထားသည့် အကြောင်းအရာများကို ရေးသားထားခြင်းဖြင့် အမှုသည်များ မိမိအမှုအကြောင်း အရာများကို သေသေချာချာသိရှိနားလည်စေမည် ဖြစ်ပါသည်။ ပုံစံ(ခ)မှာ အမှုသည်များ မိမိအမှုအတွက် ကြိုတင်ပြင်ဆင်ထားသင့်သည့် အချက်များကို အသိပေးထားခြင်း ဖြစ်ပါသည်။ ယင်းပုံစံများ ကြိုတင်ထုတ်ပေးထားခြင်းမှာ အမှုသည်များအနေဖြင့် မှုခင်းစီမံခန့်ခွဲမှု အစည်းအဝေးတွင် ဆောင်ရွက်ရမည့် အချက်များကို သိရှိနိုင်စေရန်နှင့် အမှုအတွက် ကြိုတင်ပြင်ဆင်ထားရမည့် အချက်များကို ကြိုတင်ပြင်ဆင်နိုင်ရန် ရည်ရွယ်ခြင်း ဖြစ်ပါသည်။
ထို့ကြောင့် မှုခင်းစီမံခန့်ခွဲမှု အစည်းအဝေးဆိုသည်မှာ အမှုများကြားနာစစ်ဆေးခြင်း မပြုမီ အမှုစစ်ဆေးစီရင်မည့် အစီအစဉ်ကို နှစ်ဖက်အမှုသည်များ၊ ၎င်းတို့၏ ကိုယ်စားလှယ်များနှင့် ရှေ့နေများကို ရှင်းလင်းပြောကြားခြင်း၊ ကြိုတင်ပြင်ဆင်ရမည့် အချက် အလက်များကို အသိပေးစီစဉ်စေခြင်း စသည်တို့ကို ဆောင်ရွက်သည့်အစည်းအဝေး ပင်ဖြစ်ပါသည်။ မှုခင်းစီမံခန့်ခွဲမှု အစည်းအဝေးတွင် နှစ်ဖက်အမှုသည်များ အမှုကျေ အေးရုပ်သိမ်းရန် ဆန္ဒရှိမရှိ မေးမြန်းမှတ်တမ်းတင်ခြင်း၊ အမှုအမျိုးအစား သတ်မှတ်ခြင်းနှင့် အမှုစီမံဆောင်ရွက်မည့် အချိန်ကာလများ သတ်မှတ်ခြင်း၊ အမှုအတွက် ကြိုတင်ပြင်ဆင်ချိန်များ သတ်မှတ်ခြင်းတို့ကို ဆောင်ရွက်ပြီး ဆောင်ရွက်မှုမှတ်တမ်းကို ပုံစံ(ဂ)တွင် မှတ်တမ်းရေးသား၍ အမှုသည်များ၊ ရှေ့နေများနှင့် တရားသူကြီးတို့က လက်မှတ်ရေးထိုးကြရပါသည်။ အဆိုပါ ဆောင်ရွက်ချက်များသည် မှုခင်းစီမံဆောင်ရွက်မည့် အစီအစဉ်ကို နှစ်ဖက်အမှုသည်များနှင့် ၎င်းတို့၏ ရှေ့နေများရှေ့တွင် ညှိနှိုင်းဆွေးနွေး၍ အတည်ပြုချက် ရယူထားသည့် အစီအစဉ် ဖြစ်ပါသည်။
နောက်ရုံးချိန်းသည် တရားမမှုများတွင် အကြိုညှိနှိုင်း အစည်းအဝေးကျင်းပ ပြုလုပ်မည့်နေ့ရက်ဖြစ်ပြီး ရာဇဝတ်မှုများတွင် အပြီးသတ် အကြိုညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်မည့်နေ့ရက် ဖြစ်ပါသည်။ အကြိုညှိနှိုင်း အစည်းအဝေးဆိုသည်မှာ တရားမမှုများတွင် မှုခင်းစီမံခန့်ခွဲမှု အစည်းအဝေးပြုလုပ်ပြီးနောက် ငြင်းချက်မထုတ်မီ နှစ်ဖက်အမှုသည်များက တရားရုံးသို့ တင်ပြလျှောက်ထားလိုသည့် ကိစ္စရပ်များကို ကြိုတင်ပြင်ဆင်စေပြီး သတ်မှတ်ထားသည့် ကာလအတွင်း ဆောင်ရွက်စေရန် ပြုလုပ်သည့် အစည်းအဝေးကို ဆိုသည်။ အပြီးသတ်အကြို ညှိနှိုင်းအစည်းအဝေးဆိုသည်မှာ ရာဇဝတ်မှုနှင့် တရားမမှုများတွင် တင်ပြထားသည့် သက်သေများကို ကြားနာစစ်ဆေးမည့် နေ့ရက်၊ စာမှတ်စာတမ်း အထောက်အထားများ တင်ပြရန်နေ့ရက်တို့ကို ကြိုတင် ညှိနှိုင်းသတ်မှတ်၍ သတ်မှတ်သည့်နေ့ရက်တွင် မပျက်မကွက် ကြားနာစစ်ဆေးနိုင်ရန်နှင့် တင်ပြနိုင်ရန် ပြုလုပ်သည့် အစည်းအဝေးကိုဆိုသည်။ ထို့ကြောင့် အဆိုပါအစည်း အဝေးများသည် အမှုကြားနာစစ်ဆေးရန် အသေးစိတ်အစီအစဉ်နှင့် သက်သေစစ်ဆေး ကြားနာမည့် ရုံးချိန်းနေ့ရက်နှင့် အချိန်များကို နှစ်ဖက်ညှိနှိုင်း သတ်မှတ်ပေးခြင်းပင် ဖြစ်ပါသည်။
မှုခင်းစီမံခန့်ခွဲခြင်းအစီအစဉ်အရ အမှုများကို သုံးမျိုးခွဲခြား စီမံခန့်ခွဲပြီး (၁) အလျင်အမြန်ဆောင်ရွက်ရမည့်အမှု (၂) ရိုးရှင်းသော အမှုနှင့် (၃) ရှုပ်ထွေးသောအမှုဟူ၍ ခွဲခြားသတ်မှတ် ဆောင်ရွက်ပါသည်။ ရာဇဝတ်မှုများတွင် အလျင်အမြန် ဆောင်ရွက်ရမည့် အမှုကို ရက်ပေါင်း (၉၀) အတွင်းပြီးပြတ်အောင်၊ ရိုးရှင်းသောအမှုကို ရက်ပေါင်း (၁၈၀) အတွင်းပြီးပြတ်အောင်၊ ရှုပ်ထွေးသော အမှုကို ရက်ပေါင်း (၂၇၀) အတွင်း ပြီးပြတ်အောင် စစ်ဆေးဆောင်ရွက်နိုင်ရန် ရည်မှန်းထားပါသည်။ တရားမမှုများတွင် အလျင်အမြန် ဆောင်ရွက်ရမည့်အမှုကို ရက်ပေါင်း ၂၇၀ အတွင်း ပြီးပြတ်အောင်၊ ရိုးရှင်းသောအမှုများကို ရက်ပေါင်း ၃၆၅ ရက်အတွင်း ပြီးပြတ်အောင်၊ ရှုပ်ထွေးသောအမှုများကို ရက်ပေါင်း ၂၇၀ အတွင်း ပြီးပြတ်အောင် စစ်ဆေးဆောင်ရွက်နိုင်ရန် ရည်မှန်းထားပါသည်။ သို့ရာတွင် ရည်မှန်းထားသည့်အတိုင်း ရာနှုန်းပြည့်ဆောင်ရွက်နိုင်ရန် မလွယ်ကူပါ။ မှုခင်းစီမံခန့်ခွဲမှုစနစ်ကို နှစ်ကာလကြာမြင့်စွာ ကျင့်သုံးလာခဲ့သည့် အမေရိကန်နိုင်ငံမှာပင် ရာနှုန်းပြည့် ဆောင်ရွက်နိုင်ခြင်းမရှိဟု ဆိုပါသည်။ အကြောင်း အမျိုးမျိုးကြောင့် သတ်မှတ်ကာလထက် ကြာမြင့်သွားသည့် အမှုများများစွာ ရှိနိုင်ပါသည်။ ဥပမာအားဖြင့် တရားခံပြေးမှုနှင့် ပူးတွဲစွဲဆိုသည့် ရာဇဝတ်မှုများ၊ အမှုစစ်ဆေးစဉ်အတွင်း အထက်ရုံးသို့ တက်ရောက်ခြင်းများတွင် စံသတ်မှတ်ကာလ ကျော်လွန်သွားနိုင်ပါသည်။ အဆိုပါကိစ္စများ၌ ကြိုတင်စီမံခန့်ခွဲနိုင်သည့် ကိစ္စများကို မှုခင်းစီမံခန့်ခွဲမှုအစည်း အဝေးတွင် ကြိုတင်စီမံ ဆောင်ရွက်နိုင်ပြီး အမှုစစ်ဆေးစဉ် အထက်ရုံးသို့ တက်ရောက်နေသဖြင့် အကြိုညှိနှိုင်းအစည်းအဝေး သို့မဟုတ် အပြီးသတ် အကြိုညှိနှိုင်းအစည်းအဝေးတွင် သတ်မှတ်ထားသည့် ရုံးချိန်းများ ရွေ့သွားသည့်အခါ အဆိုပါ အစည်းအဝေးများကို ပြန်လည်ပြုလုပ်ရန် လိုအပ်မည် ဖြစ်ပါသည်။
နိုင်ငံတစ်ဝန်း မှုခင်းစီမံခန့်ခွဲမှု အစီအစဉ်အရ ဆောင်ရွက်လျက်ရှိသည့် မှုခင်းစီမံခန့်ခွဲမှုစနစ် အောင်မြင်ရန် အမှုစစ်ဆေးခြင်းတွင် ဆက်စပ်ပါဝင်နေကြသူများ အားလုံး၏ ပူးပေါင်းပါဝင်မှုသည် လွန်စွာအရေးပါလှသည်။ ထို့ကြောင့် မှုခင်းစီမံခန့်ခွဲမှု အစီအစဉ် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းမပြုမီ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် ရှင်းလင်းဆွေးနွေးပွဲများကို ဦးစွာကျင်းပ ပြုလုပ်ခဲ့ပါသည်။ အဆိုပါ ရှင်းလင်းဆွေးနွေးပွဲများတွင် အမှုစစ်ဆေးခြင်း၌ ဆက်စပ်ပါဝင်နေကြသည့် ဌာနဆိုင်ရာများမှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ ရှေ့နေများကိုဖိတ်ကြားပြီး မှုခင်းစီမံခန့်ခွဲမှုအစီအစဉ်နှင့် မိတ်ဆက်ရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ သက်ဆိုင်ရာ တရားရုံးများတွင်လည်း ခရိုင်အဆင့်နှင့် မြို့နယ်အဆင့် ရှင်းလင်းဆွေးနွေးပွဲများကို ဆောင်ရွက်ကာ အမှုစစ်ဆေးခြင်းတွင် ဆက်စပ်ပါဝင် နေကြသူများအားလုံး၏ ပူးပေါင်းပါဝင်မှုများ တိုးမြှင့်ရရှိအောင် ဆောင်ရွက်လျက်ရှိပါသည်။
ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ နိုင်ငံတစ်ဝန်း မှုခင်းစီမံခန့်ခွဲမှု အစီအစဉ်သည် ပြည်သူများလိုလားသည့် မြန်ဆန်ထိရောက်ပြီး မျှတသည့် မှုခင်းစစ်ဆေးစီရင်ခြင်းစနစ်သစ်ကို အကောင်အထည်ဖော် ဆောင်ရွက်နေသည့် အစီအစဉ်ဖြစ်သောကြောင့် သက်ဆိုင်သူများအားလုံးက တတ်စွမ်းသရွေ့ ပူးပေါင်းပါဝင်ဆောင်ရွက်ကြပါရန် တိုက်တွန်းရေးသား အပ်ပါသည်။ ။