နေပြည်တော် နိုဝင်ဘာ ၂၂

 

ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဖိလစ်ပိုင်နိုင်ငံတရားသူကြီးချုပ် The Hon. Alexander G. Gesmundo ၏ ဖိတ်ကြားချက်အရ ဖိလစ်ပိုင်နိုင်ငံ၊ စီဘူးမြို့တွင် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ရက်မှ ၂၀ ရက်အထိ ကျင်းပည့် (၁၁)ကြိမ်မြောက် အာဆီယံတရားသူကြီးချုပ်များကောင်စီ အစည်းအဝေးသို့ တက်ရောက်ခဲ့သည်။

 

အာဆီယံတရားသူကြီးချုပ်များကောင်စီ အစည်းအဝေးကို ၂၀၁၃ ခုနှစ်ကတည်းက နှစ်စဉ်ကျင်းပခဲ့ပြီး အာဆီယံနိုင်ငံအသီးသီးမှ တရားသူကြီးချုပ်များနှင့် တရားစီရင်ရေးဆိုင်ရာ အကြီးအကဲများ တက်ရောက်ကြသည်။

 

အစည်းအဝေး ပထမနေ့တွင် ဒုတိယအကြိမ် အာဆီယံနှင့်မိတ်ဖက်နိုင်ငံများ အစည်းအဝေးကို Hybrid ပုံစံဖြင့် ကျင်းပပြီးအစည်းအဝေးကို အာဆီယံတရားသူကြီးချုပ်များနှင့် တရားစီရင်ရေးဆိုင်ရာ အကြီးအကဲများက လူကိုယ်တိုင်တက်ရောက်ကြပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဂျပန်နိုင်ငံနှင့် ကိုရီးယားသမ္မတနိုင်ငံတို့မှ တရားသူကြီးချုပ်များက အွန်လိုင်းမှ တက်ရောက်ကြသည်။ အစည်းအဝေးတွင် တရားမျှတမှုလက်လှမ်းမီရေးကို မြှင့်တင်ရန် တရားရုံးနည်းပညာကို အသုံးပြုခြင်းဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပြီး အာဆီယံ တရားသူကြီးချုပ်များကောင်စီ၏ လုပ်ငန်းအဖွဲ့များက အာဆီယံတရားသူကြီးချုပ်များကောင်စီမှတစ်ဆင့် ဒေသတွင်း တရားစီရင်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အတွေ့အကြုံများကို မျှဝေခဲ့ကြသည်။

 

အစည်းအဝေးဒုတိယနေ့တွင် (၁၁)ကြိမ်မြောက် အာဆီယံတရားသူကြီးချုပ်များကောင်စီ အစည်းအဝေးကို ကျင်းပရာ ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေးက အခြားအာဆီယံတ ရားသူကြီးချုပ်များ၊ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များနှင့်အတူ အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် အာဆီယံတရားသူကြီးချုပ်များကောင်စီ၏ အာဆီယံ တရားရေးပေါ်တယ်လုပ်ငန်းအဖွဲ့၊ အာဆီယံဒေသတွင်း တရားမမှုခင်းဆင့်စာဆင့်ဆိုမှု လွယ်ကူစေရေး လုပ်ငန်းအဖွဲ့၊ မှုခင်းစီမံခန့်ခွဲမှုနှင့် တရားရုံးဆိုင်ရာနည်းပညာ လုပ်ငန်းအဖွဲ့၊ တရားစီရင်ရေးဆိုင်ရာ လေ့ကျင့်ရေးနှင့် သင်ကြားရေး လုပ်ငန်းအဖွဲ့၊ နိုင်ငံဖြတ်ကျော်ဖြစ်ပွားသည့် မိသားစုမှုခင်းဆိုင်ရာ ကလေးသူငယ်အငြင်းပွားမှုများ ဖြေရှင်းရေး လုပ်ငန်းအဖွဲ့၊ ဗီဒီယိုကွန်ဖရင့်ဖြင့် အမှုကြားနာစစ်ဆေးခြင်း လုပ်ငန်းအဖွဲ့၊ အာဆီယံနှင့်မိတ်ဖက်နိုင်ငံများ တွေ့ဆုံဆွေးနွေးမှု လုပ်ငန်းအဖွဲ့နှင့် လေ့လာရေးအဖွဲ့တို့က ဆောင်ရွက်ပြီးလုပ်ငန်းများ၊ ရရှိသည့်အောင်မြင်မှုများနှင့် ဆက်လက်ဆောင်ရွက်မည့် အဆိုပြုချက်များနှင့်စပ်လျဉ်းသည့် အစီရင်ခံစာများကို အာဆီယံ တရားသူကြီးချုပ်များကောင်စီသို့ အစီရင်ခံတင်ပြကြသည်။

 

အစည်းအဝေးတွင် ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေးက မြန်မာနိုင်ငံတရားစီရင်ရေးနှင့် သက်ဆိုင်သည့် အကြောင်းအရာများကို ပါဝင်ဆွေးနွေးခဲ့သည်။

 

အစည်းအဝေးအပြီးတွင် (၁၁)ကြိမ်မြောက် အာဆီယံတရားသူကြီးချုပ်များကောင်စီ အစည်းအဝေးရလဒ်ဖြစ်သည့် စီဘူးကြေညာစာတမ်းကို အာဆီယံနိုင်ငံများမှ တရားသူကြီးချုပ်များနှင့် ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်အားလုံး ပါဝင်လက်မှတ်ရေးထိုး၍ ထုတ်ပြန်ခဲ့သည်။

 

အဆိုပါအစည်းအဝေးသို့ ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

 

သတင်းစဉ်