mdn

နေပြည်တော်  စက်တင်ဘာ ၃၀

ရုရှားဖယ်ဒရေးရှင်းနိုင်ငံ၊ တရားရုံးချုပ်မှ ကြီးမှူး၍ (၁၁) ကြိမ်မြောက် အာရှ-ပစိဖိတ် ဆိုင်ရာ နိုင်ငံတကာဥပဒေဖိုရမ် (The 11th International Legal Forum of the Asia-Pacific Region) ကို ယနေ့ မွန်းလွဲပိုင်းတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပရာ ပြည်ထောင်စုတရား သူကြီးချုပ် ဦးထွန်းထွန်းဦး နေပြည်တော်ရှိ ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ ပါဝင် တက်ရောက်သည်။

ဦးစွာ အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ရုရှားဖယ်ဒရေးရှင်းနိုင်ငံ၊ တရားရုံးချုပ် တရားသူကြီးချုပ် H.E. Mr. Vyacheslav Lebedev က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးသည် တက်ရောက်လာကြသည့် အာရှ နှင့် ပစိဖိတ်ဒေသနိုင်ငံများမှ တရားသူကြီးချုပ်များ၊ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များနှင့်အတူ အမှာစကား ပြောကြားခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးသည် ‘အာရှနှင့် ပစိဖိတ်ဒေသတွင်း စီးပွားရေး အငြင်းပွားမှုများ ဖြေရှင်းခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ (Economic Dispute Resolution Procedures in Asia-Pacific)’ ခေါင်းစဉ်ဖြင့် ဆွေးနွေးရာတွင် တရားစီရင်ရေးကဏ္ဍသည် စီးပွားရေးဆောင်ရွက်ချက်များအပေါ် များစွာ အကျိုးသက်ရောက်မှု ရှိပါကြောင်း၊ မြန်မာနိုင်ငံ တရားစီရင်ရေးကဏ္ဍအနေဖြင့် တိုးတက်လာသည့် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုများ၊ ကုန်သွယ်မှုအခြေအနေများနှင့် လိုက်လျောညီထွေစွာ အငြင်းပွားမှုများကို တရားစီရင်ရေးအရ ဖြေရှင်းခြင်းနှင့် တရားစီရင်ရေးမဟုတ်သည့် အခြားနည်းလမ်းများဖြင့် ဖြေရှင်းခြင်း (Alternative Dispute Resolution) တို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၁၆ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့် အနုညာတစီရင်ဆုံးဖြတ်ခြင်းဥပဒေအရ ပြည်တွင်း ပြည်ပ ကုမ္ပဏီများ အနေဖြင့် ယင်းတို့အကြား အငြင်းပွားမှုများကို အနုညာတစီရင်ဆုံးဖြတ်ခြင်းဖြင့် ဖြေရှင်းနိုင်ပြီး ပြည်တွင်းပြည်ပ အနုညာတဆုံးဖြတ်ချက်များကို စီရင်ပိုင်ခွင့်ရှိသော တရားရုံးများတွင် အတည်ပြု နိုင်ပြီဖြစ်ပါကြောင်း၊ ဒေသတွင်း တရားစီရင်ရေးအဖွဲ့အစည်းများနှင့် အပြန်အလှန် အကျိုး ဖြစ်ထွန်းစေမည့် နည်းလမ်းများကို ရှာဖွေဆောင်ရွက်ခဲ့ရာ ၂၀၂၀ ပြည့်နှစ်တွင် မြန်မာနှင့် စင်ကာပူ နိုင်ငံ တရားရေးကဏ္ဍများအကြား ငွေကြေးဆိုင်ရာစီရင်ချက်များနှင့်ပတ်သက်၍ လမ်းညွှန်မှု စာချွန်လွှာ (MoG) ကို လက်မှတ်ရေးထိုးခဲ့ပါကြောင်း။

ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ မှုခင်းကိစ္စရပ်များနှင့်ပတ်သက်၍လည်း အထူးတရားရုံး များကို ဆောင်ရွက်ရန် လေ့လာလျက်ရှိပြီး ယင်းမှုခင်းများနှင့်ပတ်သက်၍ နိုင်ငံတကာကျင့်သုံးမှု များကို တရားသူကြီးများအနေဖြင့် လေ့လာနိုင်ရန်အတွက် အပြည်ပြည်ဆိုင်ရာ ကူးသန်း ရောင်းဝယ်ရေးကိစ္စရပ်များကို ဥပဒေရှုထောင့်မှ လေ့လာခြင်းစာအုပ် (Case Study Book on International Transaction) ကို ထုတ်ဝေထားပါ ကြောင်း၊ လက်ရှိတွင် ကူးသန်းရောင်းဝယ် ဆိုင်ရာမှုခင်းများကို တရားရုံးများတွင် စီရင်ပိုင်ခွင့်အလိုက် စစ်ဆေးစီရင်လျက်ရှိပြီး အမှုစီရင်ဆုံး ဖြတ်ချက်များကို တရားရုံးအသုံးပြုသူများနှင့် အများပြည်သူ လေ့လာနိုင်ရန် စီစဉ်ထားပါကြောင်း၊ အမှုသည်များအကြား အချင်းချင်း သဘောတူညီချက်ဖြင့် အငြင်းပွားမှုများကို အချိန်ကုန် ငွေကုန်သက်သာစွာ ဖြေရှင်းနိုင်ရေးအတွက် တရားရုံးက ဦးဆောင် သည့် စေ့စပ်ဖြေရှင်းရေးစနစ် (Court-Led Mediation) ကို ၂၀၁၉ ခုနှစ်မှစတင်၍ အကောင် အထည်ဖော် ဆောင်ရွက်လျက် ရှိရာ ကောင်းမွန်သည့် ရလဒ်ကောင်းများရရှိခဲ့သဖြင့် ၂၀၂၂ ခုနှစ် တွင် နိုင်ငံတစ်ဝန်းရှိ တရားရုံးများ၌ ကျင့်သုံးဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်သည့်ဥပဒေ ကို ပြင်ဆင်ပြဋ္ဌာန်း နိုင်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ပြင် နိုင်ငံတကာနှင့် ဒေသတွင်း တရားစီရင်ရေးအဖွဲ့ အစည်းများနှင့်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိရာ နားလည်မှုစာချွန်လွှာ များရေးထိုးခြင်း၊ ညီလာခံများ၊ နှီးနှောဖလှယ်ပွဲများ၊ ဆွေးနွေးပွဲများနှင့် သင်တန်းများတွင် ပါဝင် တက်ရောက် ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း ဆွေးနွေးပြောကြားသည်။

ဖိုရမ်သို့ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးနှင့်အတူ ပြည်ထောင်စု တရားလွှတ်တော်ချုပ်တရားသူကြီးများနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 (သတင်းစဉ်)