နေပြည်တော်  ၂၁   ဇန်နဝါရီ    

 

အာဆီယံခရီးသွားလုပ်ငန်းဖိုရမ်နှင့် ဆက်စပ်အစည်းအဝေးများကို အက္ခရာအစဉ်အလိုက် အာဆီယံနိုင်ငံများမှ အိမ်ရှင်အဖြစ် အလှည့်ကျ နှစ်စဉ်ကျင်းပပြုလုပ်လျက်ရှိရာ ယခုနှစ်အတွက် ဗီယက်နမ်နိုင်ငံ၊ ဟာလောင်မြို့၊ FLC Bay Resort ရှိ FLC Convention Center တွင် ဇန်နဝါရီ (၁၄) ရက်မှ (၁၈) ရက်နေ့ထိ  အာဆီယံခရီးသွားလုပ်ငန်းဖိုရမ် (၂၀၁၉) နှင့် ဆက်စပ်အစည်းအဝေးများ ကျင်းပခဲ့ရာ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်နှင့် အဖွဲ့ တက်ရောက်သည်။

 

mdn

 

ပြည်ထောင်စုဝန်ကြီးသည် ဇန်နဝါရီ-၁၆  ရက်တွင် ကျင်းပသည့် အာဆီယံခရီးသွား လုပ်ငန်းဖိုရမ် (၂၀၁၉) ဖွင့်ပွဲအခမ်းအနားသို့လည်းကောင်း၊ ဇန်နဝါရီ-၁၇ ရက်တွင် (၂၂)ကြိမ် မြောက် အာဆီယံခရီးသွား လုပ်ငန်းဆိုင်ရာ ဝန်ကြီးများအစည်းအဝေး( 22nd ASEAN Tourism Ministers Meeting) သို့လည်းကောင်း၊ ဇန်နဝါရီ-၁၈  ရက်တွင် (၁၈) ကြိမ်မြောက် အာဆီယံ၊ တရုတ်၊ ဂျပန်နှင့် ကိုရီးယား ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ ခရီးသွားဝန်ကြီးများ အစည်းအဝေး (18th ASEAN Plus Three Tourism Ministers Meeting) နှင့် (၇)ကြိမ်မြောက် အာဆီယံ၊ အိန္ဒိယ ခရီးသွားဝန်ကြီးများ အစည်းအဝေး (7th ASEAN-India Tourism Ministers Meeting) သို့လည်းကောင်း တက်ရောက်သည်။

 

ယင်းအစည်းအဝေးများတွင် အာဆီယံနိုင်ငံများနှင့် မိတ်ဖက်နိုင်ငံများသို့ မိမိတို့နိုင်ငံတွင်း ခရီးသွား လုပ်ငန်းဆိုင်ရာ တိုးတက်ဖြစ်ပေါ်မှု စာရင်းအင်းကိန်းကဏ္ဍာန်းများနှင့် ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ သတင်းအချက်အလက်များ မျှဝေခြင်း၊ ခရီးသွားဧည့်သည်များ ပိုမိုဝင်ရောက်ရေးနှင့် စပ်လျဉ်း၍ တရုတ်၊ ဂျပန်၊ ကိုရီးယားနှင့် အိန္ဒိယနိုင်ငံများမှ ခရီးသွားများအတွက် ဗီဇာဖြေလျော့ပေးထားမှု အခြေအနေများနှင့် Myanmar Be Enchanted ခရီးသွား အမှတ်တံဆိပ်အသစ် ပြောင်းလဲခဲ့မှုများကို အသိပေးကြေညာခြင်းများ၊ ဒေသတွင်းခရီးသွား လုပ်ငန်းမြှင့်တင်ရေး လုပ်ငန်းစဉ်များတွင် မြန်မာနိုင်ငံမှတက်ကြစွာ ပူးပေါင်း ဆောင်ရွက်နိုင်မည့် ကိစ္စရပ်များကို အတည်ပြုဆွေးနွေးပြောကြားသည်။

 

mdn

 

ထို့အပြင် ပြည်ထောင်စုဝန်ကြီးသည် အာဆီယံခရီးသွားလုပ်ငန်းစဉ်များ အကောင်အထည် ဖော်ရေးအတွက် ဖွဲ့စည်းထားရှိသော အာဆီယံခရီးသွားလုပ်ငန်း ကော်မတီအစည်းအဝေးများ (ASEAN Tourism Committee Meetings) နှင့် အာဆီယံခရီးသွားလုပ်ငန်း အာဏာပိုင် အဖွဲအစည်းအဝေးများ ( National Tourism Organizations) မှ ချမှတ်သဘောတူထားသော လုပ်ငန်းစီမံကိန်း (Work Plan) အလိုက် ၂၀၁၈ ခုနှစ်တွင် ဆောင်ရွက်ခဲ့သော လုပ်ငန်းပြီး စီးမှုအခြေအနေများအား အတည်ပြုသတ်မှတ်ခြင်း၊ ၂၀၁၉ ခုနှစ်အတွင်း ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းများအပေါ် မူဝါဒချမှတ်ခြင်း ကိစ္စများတွင် ပူးပေါင်း ပါဝင်ဆွေးနွေးညှိနှိုင်းသည်။

 

ပြည်ထောင်စုဝန်ကြီးသည် ဇန်နဝါရီ- ၁၈ ရက် မွန်းလွဲပိုင်းတွင် အာဆီယံခရီးသွား ဝန်ကြီးများ၏ သတင်းစာရှင်းလင်းပွဲသို့လည်းကောင်း၊ အာဆီယံခရီးသွားလုပ်ငန်းဆုများ (ASEAN Tourism Awards) ပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားသို့ လည်းကောင်း၊ အာဆီယံခရီးသွား လုပ်ငန်းဖိုရမ် (၂၀၁၉) ပိတ်ပွဲအခမ်းအနားသို့ လည်းကောင်း ပါဝင်တက် ရောက်ခဲ့သည်။

 

mdn

 

အာဆီယံခရီးသွား လုပ်ငန်းစွမ်းဆောင်ရည်ဆု စုစုပေါင်း(၁၄၂)ဆုကို ပေးအပ်ချီးမြှင့်ခဲ့ရာတွင် မြန်မာနိုင်ငံမှ ASEAN Community Based Tourism Award အတွက် ရပ်ရွာအခြေပြုခရီးသွား လုပ်ငန်းကို အောင်မြင်စွာ ဆောင်ရွက်နေသော ရန်ကုန်တိုင်း၊ တွံတေးမြို့နယ်ရှိ ကျိုက်သလဲ ကျေးရွာနှင့် မန္တလေးတိုင်းရှိ ဆည်သည်ကျေးရွာတို့ကလည်းကောင်း၊ ASEAN Public Toilet Award အတွက် မင်းကွန်းခရီးစဉ်ဒေသရှိ အများသုံးသန့်စင်ခန်း၊ မန္တလေးမြို့၊ ချမ်းအေးသာဇံမြို့ နယ်၊ (၇၀)လမ်း၊ (၂၆)နှင့် (၂၇)လမ်းကြားရှိ အများသုံးသန့်စင်ခန်း၊ နေပြည်တော်၊ ဥတ္တရသီရိ မြို့နယ် Ocean Supercenter ရှိအများသုံး သန့်စင်ခန်းများသို့ စွမ်းဆောင်ရည်ဆုများကို ပေးအပ်ချီးမြှင့်ခဲ့ပြီး သက်ဆိုင်ရာ တာဝန်ရှိသူများက ဆုများကို လက်ခံရယူခဲ့ကြသည်။

 

ခရီးစဉ်ကာလအတွင်း ပြည်ထောင်စုဝန်ကြီးသည် အာဆီယံခရီးသွားလုပ်ငန်းဖိုရမ် (၂၀၁၉) နှင့်အတူ ဟာလောင်မြို့ရှိ Quang Ninh Exhibition of Planning and Expo Centre တစ်ဆက်တည်း ကျင်းပပြုလုပ်လျက်ရှိသည့် အာဆီယံခရီးသွားပြပွဲ (၂၀၁၉) တွင် မြန်မာနိုင်ငံ ကိုယ်စားပြု ခရီးသွားပြခန်းဖွင့်လှစ်ပြသနေမှုကို သွားရောက်ကြည့်ရှုအားပေးခဲ့သည်။ ထို့အပြင် အာဆီယံ-တရုတ်စင်တာ ( ASEAN-China Center) ၊ အာဆီယံ-ကိုရီးယားစင်တာ (ASEAN-Korea Center) ၊ ပစိဖိတ်-အာရှ ခရီးသွားလုပ်ငန်းအဖွဲ့ ( Pacific- Asia Tourism Association) မဲခေါင်ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေးရုံး (Mekong Tourism Cooperation Office) တို့မှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ နှစ်ဖက်အဖွဲ့အစည်းများကြား ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များ၊ မိမိတို့နိုင်ငံတွင်း ခရီးသွားလုပ်ငန်း ရေရှည်ဖွံ့ဖြိုး တိုးတက်ရေး၊ ဝန်ဆောင်မှုအရည်အသွေး တိုးတက်မြင့်မားရေးနှင့် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် လိုအပ်သည့် အကူအညီများ ရရှိနိုင်ရေး ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ တွေ့ဆုံ ဆွေးနွေးညှိနှိုင်းခဲ့သည်။

 

mdn

         

ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဇန်နဝါရီ- ၁၉ ရက် နံနက်ပိုင်းတွင် ဗီယက်နမ်နိုင်ငံ၏ အဓိကခရီးစဉ် ဒေသတစ်ခုဖြစ်သော Ha Long Bay တလျောက်ရှိ စိတ်ဝင်စားစရာ ခရီးသွား လုပ်ငန်းဆိုင်ရာ သဘာဝအလှအပများ၊ ခရီးသွားဧည့်သည်များ လည်ပတ်သွားလာနေမှုများနှင့် ခရီးစဉ် ပြေးဆွဲဆောင်ရွက်မှု အခြေအနေများနှင့် ခရီးသွားလုပ်ငန်း တိုးတက်ဖွံ့ဖြိုးတိုးတက်မှု အခြေအနေများကို သင်္ဘောဖြင့် လှည့်လည်ကြည့်ရှု့လေ့လာခဲ့ပြီး ညနေပိုင်းတွင် မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ကြောင်း သိရသည်။

 

mdn

 

(သတင်းစဉ်)

 

mdn