နေပြည်တော် နိုဝင်ဘာ ၁၂

 

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် ယနေ့ကျင်းပသော အာဆီယံ၏ ဆွေးနွေးဘက်နိုင်ငံများဖြစ်သည့် ဂျပန်နိုင်ငံ၊ ကိုရီးယားနိုင်ငံများနှင့် ကျင်းပသော (၁၉) ကြိမ်မြောက် အာဆီယံ-ဂျပန် ပို့ဆောင်ရေးဝန်ကြီး အစည်းအဝေး၊ (၁၂)ကြိမ်မြောက် အာဆီယံ- ကိုရီးယား ပို့ဆောင်ရေးဝန်ကြီး အစည်းအဝေးနှင့် အာဆီယံနှင့်ဆွေးနွေးဘက်နိုင်ငံများ၊ ဖွံ့ဖြိုးမှုမိတ်ဖက်များ၏ အထူးအစည်းအဝေးများသို့ အဆိုပါဝန်ကြီးဌာနမှ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်သည်။

 

(၁၉)ကြိမ်မြောက် အာဆီယံ-ဂျပန် ပို့ဆောင်ရေးဝန်ကြီးများ အစည်းအဝေးကို နံနက်ပိုင်းတွင် ကျင်းပရာ ကမ္ဘောဒီးယားနိုင်ငံနှင့် ဂျပန်နိုင်ငံတို့မှ ပို့ဆောင်ရေးဝန်ကြီးများက အဖွင့်အမှာစကား ပြောကြားကြသည်။ ယင်းနောက် အာဆီယံနှင့် ဂျပန်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်လျက်ရှိသော ပို့ဆောင်ရေးစီမံကိန်းများ အပေါ် အကောင်အထည်ဖော်နိုင်မှုများ၊ အခြေခံအဆောက်အအုံနှင့် လူ့အရင်းအမြစ်ဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များကို နိုင်ငံအလိုက် ဆွေးနွေးရာ ပြည်ထောင်စုဝန်ကြီးက အာဆီယံနှင့် ဂျပန်နိုင်ငံတို့အကြား အကောင် အထည်ဖော်လျက်ရှိသည့် ပူးပေါင်းဆောင်ရွက်မှုများ၊ အစားအသောက်များ ပျက်စီးဆုံးရှုံးမှုမရှိစေရေး အတွက် သယ်ယူ ပို့ဆောင်သိုလှောင်ရာ၌ စံညွှန်းသတ်မှတ်ရေးကို ဂျပန်နိုင်ငံက ကူညီရေးဆွဲပေးမှု၊ ယာဉ်အန္တရာယ် လမ်းအန္တရာယ် ကင်းရှင်းရေးတွင် ICT နည်းပညာ တိုးမြှင့် အသုံးချ ရေးကိစ္စနှင့် နှစ်နိုင်ငံ အစီအစဉ်အရ ဂျပန်-မြန်မာပို့ဆောင်ရေး ပူးပေါင်းဆောင်ရွက်မှုများ၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို အမြင်ချင်း ဖလှယ်ဆွေးနွေးသည်။

 

ဆက်လက်၍ (၁၂) ကြိမ်မြောက် အာဆီယံ- ကိုရီးယားပို့ဆောင်ရေးဝန်ကြီးများ အစည်းအဝေးတွင် အာဆီယံ- ကိုရီးယား ပို့ဆောင်ရေးပူးပေါင်းဆောင်ရွက်မှုလမ်းပြမြေပုံ (၂၀၂၁-၂၀၂၅) ဆောင်ရွက်နိုင်မှုအပေါ် နိုင်ငံအလိုက် အမြင်ချင်းဖလှယ်ဆွေးနွေးရာ၌ ပြည်ထောင်စုဝန်ကြီးက ကိုရီးယားနိုင်ငံက အာဆီယံအဖွဲ့ဝင် နိုင်ငံများနှင့် နှစ်နိုင်ငံအကြား ပို့ဆောင်ရေးကဏ္ဍဖွံ့ဖြိုးရေးအတွက် ပူးပေါင်းကူညီ ဆောင်ရွက်ပေးမှုများကို ဆွေးနွေးပြောကြားပြီး လေကြောင်းကဏ္ဍဆက်သွယ်မှုများ မြှင့်တင်ရန်အတွက် မြန်မာနိုင်ငံက ဦးဆောင်ညှိနှိုင်း လျက်ရှိသော အာဆီယံ-ကိုရီးယား လေကြောင်းသဘောတူစာချုပ် အပြီးသတ်အတည်ပြုရေး ဆောင်ရွက်ရန် များကို ဆွေးနွေးပြောကြားသည်။

 

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် အာဆီယံနှင့် ဆွေးနွေးဘက်နိုင်ငံများ/ ဖွံ့ဖြိုးမှုမိတ်ဖက်များ၏ အထူး အစည်းအဝေးသို့ တက်ရောက်သည်။

 

အစည်းအဝေးတွင် ကိုဗစ်-၁၉ ကာလအလွန် အာဆီယံ သယ်ယူပို့ဆောင်ရေးကဏ္ဍ  စဉ်ဆက်မပြတ် ဖွံ့ဖြိုးစေရန်အတွက် အဖွဲ့ဝင်နိုင်ငံများ၏ ဝန်ကြီးများက နိုင်ငံအလိုက် ပို့ဆောင်ရေးကဏ္ဍ စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေးဆောင်ရွက်မှုများကို ဆွေးနွေးပြောကြားရာ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၏ ပို့ဆောင်ရေး ကဏ္ဍ ရေရှည်နှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေးအတွက် ဂျပန်နိုင်ငံ၏အကူအညီဖြင့် ရေးဆွဲထားသည့် အမျိုးသားပို့ဆောင်ရေး ပင်မစီမံကိန်း၏ ဦးစားပေးလုပ်ငန်းစဉ်များနှင့်အညီ ရထားလမ်းအဆင့်မြှင့်တင်မှု၊ ဆိပ်ကမ်းများ တည်ဆောက်မှု၊ လေဆိပ်အဆင့်မြှင့်တင်တည်ဆောက်နေမှု၊ ရေလမ်းကြောင်းကောင်းမွန်ရေး ဆောင်ရွက်နေမှုများကို ဆွေးနွေးပြောကြားသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက အများပြည်သူပို့ဆောင်ရေးသည် အရေးပါသည့်အလျောက် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှုလျှော့ချရေး၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကြောင့် ပြည်သူများ၏ လူမှုစီးပွားဆိုးကျိုးများ လျော့ပါးစေရေးကို ရည်မှန်း၍ နိုင်ငံတော်အစိုးရက မြို့ပြများတွင် လျှပ်စစ်ရထား၊ လျှပ်စစ်ကားများ တိုးမြှင့်အသုံးပြုရေး၊ ကိုယ်ပိုင်ယာဉ်များအစား အများပြည်သူပို့ဆောင် ရေးစနစ်များကို တိုးမြှင့်အသုံးပြုနိုင်ရေး ပြင်ဆင်ဆောင်ရွက်နေမှုများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)