နေပြည်တော် ဇူလိုင် ၇
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်- မန္တလေး ရထားလမ်းပိုင်း အဆင့်မြှင့်တင် ရေးစီမံကိန်း၏ ရန်ကုန် - တောင်ငူ ရထားလမ်းပိုင်းရှိ စီမံကိန်း လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေနှင့် နေပြည်တော်-တောင်ငူ အဝေးပြေးလမ်းနှင့် ပဲခူး-ရန်ကုန် ပြည်ထောင်စုလမ်းပေါ်ရှိ လမ်းညွှန်းအမှတ်အသားများ တပ်ဆင်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေး
ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် အမြန်လမ်းမကြီးတစ်လျှောက် လမ်းညွှန်းများ၊ လမ်းအမှတ်အသားများနှင့် အချက်ပြ များ စိုက်ထူရေးဆွဲတပ်ဆင်ထားမှုများကို ကြည့်ရှုစစ်ဆေးရာ လမ်းဦးစီးဌာန အမြန်လမ်းမကြီး ပြုပြင်ထိန်းသိမ်း ရေးနှင့် ကြီးကြပ်ရေးအဖွဲ့မှ အင်ဂျင်နီယာချုပ်က အမြန်လမ်းမကြီးတစ်လျှောက် လမ်းညွှန်းများ၊ လမ်းအမှတ် အသားများနှင့် အချက်ပြများ တစ်ပြေးညီဖြစ်စေရေး ဆောင်ရွက်ထားရှိမှုအခြေအနေ၊ မိုင်တိုင် (၁၆၇) နေရာ၌ ပြည်သူများ ယာဉ်အန္တရာယ်ကင်းရှင်းစေရေးအတွက် နည်းဥပဒေ၊ ညွှန်ကြားချက်များနှင့်အညီ လမ်းညွှန်းများ၊ လမ်းအမှတ်အသားများ ပြည့်စုံအောင် စိုက်ထူရေးဆွဲထားရှိမှုများကို ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ညောင်လေးပင်မြို့နယ် ပြွန်တန်ဆာမြို့ရှိ ရန်ကုန်- တောင်ငူ ရထားလမ်းပိုင်း အဆင့်မြှင့်တင်ရေး စီမံကိန်း အဆင့်(၁) ၏ ပဲခူး-ညောင်လေး ပင်လမ်းပိုင်း(CP-102)စီမံကိန်းရုံး ရှင်းလင်းဆောင်သို့ ရောက်ရှိရာ မြန်မာ့မီးရထားမှ စီမံကိန်းမြန်မာ့မီးရထားဦးဆောင်ညွှန်ကြားရေးမှူးနှင့် အပိုင်းလိုက် စီမံကိန်း အင်ဂျင်နီယာများက ရန်ကုန်-မန္တလေးရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်း၏ အပိုင်း(၁)ဖြစ်သော ရန်ကုန်-တောင်ငူ ရထားလမ်းပိုင်း၌ ဆောင်ရွက်နေသည့် စီမံကိန်းလုပ်ငန်းများ၏ တိုးတက်မှုအခြေအနေ၊ စီမံကိန်း၏ သတ်မှတ်ကာလများအတိုင်း အချိန်မီပြီးစီးရေး ညှိနှိုင်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။ တင်ပြ မှုများအပေါ် ပြည်ထောင်စုဝန်ကြီး က စီမံကိန်းအရည်အသွေး ပြည့်မီစေရန်အတွက် သတ်မှတ်ထားသည့် ဒီဇိုင်းမှန်ကန်မှု၊ စီမံကိန်းတွင် တည်ဆောက်ရေးပစ္စည်းများ မှန်ကန်စွာ အသုံးပြုမှု၊ လုပ်ငန်းခွင်၌ လုပ်သားများ၏ ကျွမ်းကျင်မှု စသည်တို့သည် အဓိကလိုအပ်ချက်များဖြစ်သောကြောင့် ဌာနမှတာဝန်ရှိသူများ၊ စီမံကိန်းဆိုင်ရာ အကြံပေးအဖွဲ့နှင့် စီမံကိန်းကန်ထရိုက်တာအဖွဲ့များ ပေါင်းစပ်ညှိနှိုင်း၍ လုပ်ငန်းအား အရှိန်အဟုန်ဖြင့် အောင်မြင် တိုးတက်စေရေး၊ ရထားပို့ဆောင်ရေးကဏ္ဍ ခေတ်မီဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဦးစားပေးလုပ်ငန်းအလိုက် အလေးထား၍ အကောင်အထည်ဖော် ဆောင်ရွက်ရေးတို့ကို မှာကြားပြီး စီမံကိန်းတာဝန်ရှိသူများကို စားသောက်ဖွယ် ရာများနှင့် သစ်သီးခြင်း ပေးအပ်သည်။
ထို့နောက် ဒိုက်ဦးဘူတာနှင့် အိမ်ခြေလေးဆယ် ဘူတာကြားရှိ အရှည်ပေ ၃၈၀ ရှိ ရဲနွယ်ချောင်းကူး (တံတားအမှတ် 116 - B) နှင့် ဒိုက်ဦး - စစ်တောင်းကားလမ်းပေါ် ရှိ ရထားသံလမ်းကူး (Level Crossing အမှတ် - 51) နေရာများ တွင် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည် များ မှာကြားကာ စီမံကိန်းလုပ်ငန်းခွင်ရှိ ဝန်ထမ်းများကို စားသောက်ဖွယ်ရာများ ပေးအပ်သည်။
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် ပဲခူးမြို့ ရန်ကုန်-မန္တလေး လမ်းဟောင်းနှင့် ပဲခူးမြို့တွင်းလမ်း လမ်းဆုံ နေရာရှင်းလင်းဆောင်သို့ ရောက်ရှိကြရာ ပဲခူးတိုင်းဒေသကြီး လမ်းဦးစီးဌာန ညွှန်ကြားရေးမှူးက ပဲခူးတိုင်း ဒေသကြီးအတွင်း လမ်းညွှန်းများ၊ လမ်းအမှတ်အသားများနှင့် အချက်ပြများ ကိုက်ညီပြည့်စုံမှန်ကန်ရေး ဆောင်ရွက် ပြီးစီးမှု၊ အဆိုပါလမ်းဆုံနေရာတွင် ယခင်က ယာဉ်တိုက်မှုများပြားသောကြောင့် အများပြည်သူ ယာဉ်အန္တရာယ် ကင်းရှင်းစေရေးအတွက် လမ်းညွှန်းများ၊ အချက်ပြများ၊ လမ်းအမှတ်အသားများ တစ်ပြေးညီဖြစ်စေရေး ကြီးကြပ်မှု ကော်မတီ၏ ကွင်းဆင်းစစ်ဆေးအကြံပြုချက်များနှင့်အညီ ပြည့်စုံ အောင် စိုက်ထူရေးဆွဲထားရှိ မှုကြောင့် ယာဉ်တိုက်မှုများ လျော့နည်းကျဆင်းခဲ့သည့် အခြေအနေ ရှင်းလင်းတင်ပြချက်များ အပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် ရွာသာကြီးရှိ မြန်မာ့မီးရထား ရွာသာကြီးကုန်းတွင်း ဆိပ် (Dry Port) သို့ရောက်ရှိပြီး ရွာသာကြီးကုန်းတွင်းဆိပ် (Dry Port) အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်