ပေကျင်း ၄ ဧပြီ
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည် တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသစ်လင်းအုန်းနှင့်အတူ ယနေ့နံနက်ပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်ကြီးရှိ ဧည့်ခန်းမ၌ တရုတ်ကွန်မြူနစ်ပါတီ ပေါ်လစ်ဗျူရိုအဖွဲ့ဝင်နှင့် ဗဟိုကော်မတီဝင် ပြန်ကြားရေးဝန်ကြီး မစ္စတာ ဟွမ်းကွန်းမင်းနှင့် တွေ့ဆုံဆွေးနွေးသည်။
တွေ့ဆုံစဉ် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုတိုးတက်ရေး၊ အပြန်အလှန် ယုံကြည် နားလည်မှုတည်ဆောက်ရေး၊ စာမတတ်သူပပျောက်ရေးနှင့် စာဖတ်ရှိန် မြှင့်တင်ရေးအပါအဝင် ပညာရေးကဏ္ဍ၊ ရာသီဥတုနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာများ၊ သိပ္ပံနှင့် နည်းပညာကဏ္ဍ၊ နှစ်နိုင်ငံ ရုပ်ရှင်လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေးတို့နှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။
ဆက်လက်၍ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီဝင် ပြန်ကြားရေးဌာန အမြဲတမ်းဒုတိယဝန်ကြီး မစ္စတာ ဝမ်ဇောင်ဟို ဦးဆောင်သောအဖွဲ့နှင့် တွေ့ဆုံပြီး နှစ်နိုင်ငံ ရုပ်ရှင်သမိုင်းကြောင်း၊ မြန်မာနိုင်ငံတွင် ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံ ဆောင် ရွက်နေမှု၊ မြန်မာနိုင်ငံတွင် ရုပ်ရှင်သင်တန်းကျောင်းနှင့် စတူဒီယိုများ တည်ထောင်ရေး အပါအဝင် ရုပ်ရှင်ထုတ်လုပ်ရေးဆိုင်ရာများ၊ ရုပ်ရှင်ရုံလုပ်ငန်းများတွင် လာရောက် ရင်းနှီးမြှုပ်နှံရေး၊ ရုပ်ရှင်ဇာတ်ကားများ လာရောက်ရိုက်ကူးရေးနှင့် ပူးတွဲရိုက်ကူး / ထုတ်လုပ်ရေးဆိုင်ရာများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့် ဦးဆောင်သော မြန်မာ ကိုယ်စားလှယ်အဖွဲ့သည် ပေကျင်းရုပ်ရှင်အကယ်ဒမီသို့ ရောက်ရှိကြရာ တာဝန်ရှိသူများက ရုပ်ရှင်သင်တန်းကျောင်း၏ သမိုင်းကြောင်း၊ ဌာနများအလိုက် ဘာသာ ရပ်ဆိုင် ရာများ သင်ကြားပို့ချမှုနှင့် လက်တွေ့ဆောင်ရွက်မှု၊ သင်တန်းများ ဖွင့်လှစ် နိုင်မှုနှင့် ထူးချွန်အနုပညာရှင်များ မွေးထုတ်နိုင်မှု အပါအဝင် ဘွဲ့ဒီဂရီများ ၊ ဘွဲ့လွန် နှင့် Ph.D ဘွဲ့များ အထိ ပေးအပ်ချီးမြှင့်နိုင်မှုများကို ရှင်းလင်းပြောကြားကြသည်။
ရှင်းလင်းပြောကြားချက်များအပေါ် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ဝင်များက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြသည်။
ပေကျင်းရုပ်ရှင်အကယ်ဒမီသည် အာရှတွင် အကြီးဆုံးနှင့် နိုင်ငံတကာတွင် နာမည်ကျော်ကြားသည့် ရုပ်ရှင်ဘာသာရပ်များကို အဓိက သင်ကြားသည့် နေရာတစ် ခုဖြစ်သည်။ ဆရာ ဆရာမ အများစုမှာ ပြည်တွင်း ပြည်ပ ရုပ်ရှင်နယ်ပယ်မှ ပညာရှင် များ၊ လေ့လာသူများ၊ ဘာသာရပ်ဆိုင်ရာ ထူးချွန်သူများ၊ ထူးချွန်လူငယ်များနှင့် ရုပ်ရှင် အနုပညာရှင်များ ဖြစ်ပြီး နိုင်ငံတကာအသိအမှတ်ပြု ကျောင်းလည်းဖြစ်သည်။
ရုပ်ရှင်ထူးချွန်သူများ ပျိုးထောင်မွေးထုတ်ပေးသည့် နေရာ၊ ရုပ်ရှင်ပညာရပ်များ လေ့လာ သုတေသနပြုလုပ်ရာနေရာ၊ ရုပ်ရှင်အနုပညာနှင့် နည်းပညာ ဖန်တီးထုတ်လုပ် မှု အတွေ့အကြုံဖလှယ်သည့် နေရာဖြစ်ပြီး သင်ကြားပို့ချမှု၊ သင်ယူလေ့လာမှု၊ ဖန်တီး ထုတ်လုပ်မှုများတွင် ထင်ရှားသည့် ရလဒ်များ ရရှိမှုကြောင့် ပြည်တွင်းပြည်ပမှ ရုပ်ရှင်ဖန်တီး ထုတ်လုပ်မှုဆုများစွာ ရရှိထားသည်။
ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပေကျင်းမြို့ရှိ CITIC Group သို့ သွားရောက်ကြရာ စာအုပ်ထုတ်ဝေရေးလုပ်ငန်းအပါအဝင် လုပ်ငန်းခွဲပေါင်းများစွာ လုပ်ကိုင်ဆောင်ရွက်နေမှု၊ မြန်မာနိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၅၀ တွင် ရင်းနှီးမြှုပ်နှံပြီး နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ လုပ်ကိုင်ဆောင်ရွက်နေမှုများ ရှင်းလင်းပြောကြား မှုအပေါ် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ဝင်များက ပြန်လည်မေးမြန်းဆွေးနွေးကြပြီး မြန်မာနိုင်ငံတွင် ရုပ်ရှင်ကဏ္ဍ၌လည်း ရင်းနှီးမြှုပ်နှံမှုလုပ်ကိုင်ရေး ဖိတ်ခေါ်ဆွေးနွေးခဲ့သည်။
(သတင်းစဉ်)


