နေပြည်တော်၊ ဇန်နဝါရီ  

 

ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ယနေ့ ညနေပိုင်းတွင် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီး H.E. Mr. Manjurul Karim Khan Chowdhury ဉီးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို ကျန်းမာရေးဝန်ကြီးဌာန၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံ ဆွေးနွေးသည်။

 

ထိုသို့တွေ့ဆုံဆွေးနွေးစဉ် နှစ်နိုင်ငံ ကျန်းမာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး ကိစ္စ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ အရှေ့တောင် အာရှဒေသဆိုင်ရာရုံး၏ ညွှန်ကြားရေးမှူး ရွေးချယ် ခန့်ထားနိုင်ရေးကိစ္စ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ထုတ်လုပ်သည့် ဆေးနှင့် ဆေးပစ္စည်းများ မြန်မာနိုင်ငံတွင် မှတ်ပုံတင်နိုင်ရေးနှင့် ဖြန့်ဖြူးအသုံးပြုနိုင်ရေးကိစ္စ၊ ကျန်းမာရေးဆိုင်ရာ ကိုယ်စားလှယ်များကို နှစ်နိုင်ငံ အပြန်အလှန် စေလွှတ်နိုင်ရေး ကိစ္စနှင့် ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းများဆိုင်ရာ ကိစ္စရပ်များကို နှစ်နိုင်ငံရင်းနှီးခင်မင်စွာ အမြင်ချင်းဖလှယ် ဆွေးနွေး ပြောကြားသည်။

 

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ ကျန်းမာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ် (ပြည်ထောင်စုဝန်ကြီးရုံး)၊ ညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာရေး ဉီးစီးဌာန)၊ ညွှန်ကြားရေးမှူးချုပ် (ကုသရေးဉီးစီးဌာန)၊ ဒုတိယအမြဲတမ်းအတွင်းဝန် (ပြည်ထောင်စုဝန်ကြီးရုံး) နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်