နေပြည်တော်  ၁၃  မတ်

 

အမျိုးအသားအဆင့် ငါးမွေးမြူရေးကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (National Aquaculture Development Plan- NADP) စတင်ဆောင်ရွက်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်ဗဟိုဌာန- ၂ (MICC-2) ၌ ကျင်းပသည်။

 

အခမ်းအနားတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူက မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင် ရေသတ္တဝါ မွေးမြူရေးကဏ္ဍသည် အရေးကြီး အခန်းကဏ္ဍမှ ပါဝင်လျက်ရှိကြောင်း၊ အမျိုးသားပို့ကုန် မဟာဗျူဟာ(NES) (2014-2019) တွင် ရေသတ္တဝါ မွေးမြူရေးကဏ္ဍကို စီးပွားရေးဖွံ့ဖြိုးမှုနှင့် အလုပ်အကိုင်များ ဖန်တီးမှုအတွက် တွန်းအားအဖြစ် အလေးထား ဖော်ပြခဲ့ပါကြောင်း၊ စီမံကိန်းဖော်ထုတ်ရေးဆွဲရန် လိုအပ်သည့် သုတေသနများ ဆောင်ရွက်ခြင်း၊ လုပ်ဆောင်ချက်များ ရေးဆွဲချမှတ်နိုင်ရေးတို့တွင် သက်ဆိုင်သူများ အားလုံးပါဝင်သည့် ဆွေးနွေးညှိနှိုင်းခြင်းများကို လုပ်ငန်းစဉ်အဆင့်ဆင့် ဆောင်ရွက်ခဲ့ပြီး ဖွံ့ဖြိုးမှုမိတ်ဘက်အဖွဲ့အစည်းများ၊ ကျွမ်းကျင်ပညာရှင်များ ပူးပေါင်းဆောင်ရွက်ခဲ့ပါကြောင်း၊ နိုင်ငံတစ်ဝန်းလုံးနှင့် ရေသတ္တဝါ မွေးမြူရေးကဏ္ဍတွင် ပတ်သက်ဆက်နွှယ်သူများ၏ သန္နိဋ္ဌာန်များနှင့် မျှော်မှန်းချက်များကို ဤစီမံကိန်းတွင် ကိုယ်စားပြုဖော်ပြထားကြောင်း၊ အမျိုးအသားအဆင့် ငါးမွေးမြူရေးကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (NADP)ကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ကျေးလက်ဒေသနေ လူထုအသိုင်းအဝိုင်းမှ ထုတ်လုပ်လျက်ရှိသည့် အခြေခံကုန်စည်များကို တန်ဖိုးမြှင့်တင်ရန်သာမက မြင့်တက်လာသည့် ဝင်ငွေပမာဏနှင့် အကျိုးအမြတ်ကိုလည်း ယခုကဏ္ဍတွင် ပံ့ပိုးပါဝင်နေကြသည့် သက်ဆိုင်သူများအကြား တန်းတူညီမျှ မျှဝေခံစားခွင့်ရရှိ အောင် ကြပ်မတ်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ အသား၊ ငါးနှင့် ရေထွက်ပစ္စည်း ရောင်းဝယ်ဖောက် ကားခြင်း လုပ်ငန်းဆောင်ရွက်ကြသည့် လုပ်ငန်းရှင်များအနေဖြင့် အစားအသောက် ဘေးအန္တရာယ် ကင်းရှင်းမှုဆိုင်ရာ သတ်မှတ်ချက်များကို လိုက်နာကြရန် လိုအပ်ကြောင်း ပြောကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ သံအမတ်ကြီးနှင့် ဂျာမနီသံရုံး ကောင်စစ်ဝန်တို့က အမျိုးအသားအဆင့် ငါးမွေးမြူရေးကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းကို ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ထံ လွှဲပြောင်းပေးအပ်သည်။

 

မြန်မာနိုင်ငံ၏ ငါးမွေးမြူရေးလုပ်ငန်းကဏ္ဍ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အဆိုပါကဏ္ဍ၌ ပါဝင်သက်ဆိုင်သူများအတွက် ခြုံငုံအကျိုးသက်ရောက် တိုးတက်ရေးကိုထိရောက်စွာ အထောက်အကူပြုနိုင်ရန် ရည်ရွယ်၍ ဥရောပသမဂ္ဂနှင့် ဂျာမနီနိုင်ငံအစိုးရတို့၏ ကူညီပံ့ပိုးမှုဖြင့် မြန်မာ့ရေသတ္တဝါ မွေးမြူရေးကဏ္ဍ ရေရှည်ဖွံ့ဖြိုး တိုးတက်ရေးစီမံကိန်း(MYSAP)နှင့် မြန်မာ့လူမှုစီးပွား ဖွံ့ဖြိုး တိုးတက်ရေးအဖွဲ့(CESD)က အမျိုးအသားအဆင့် ငါးမွေးမြူရေးကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (NADP)ကို ရေးဆွဲခဲ့သည်။ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း MSDP ၏ မျှော်မှန်းချက်၊ မြန်မာ့စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာနှင့် ရင်းနှီးမြှုပ်နှံမှု အစီအစဉ် ADS ၏ အခြေခံစည်းမျဉ်းများ၊ အမျိုးသားပို့ကုန် မဟာဗျူဟာ NES နှင့် အခြား အမျိုးသားအဆင့် စည်းမျဉ်းမူဘောင်များ၏ လမ်းညွှန်ချက်နှင့်အညီ မြန်မာနိုင်ငံ၏ ငါးမွေးမြူရေးကဏ္ဍ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မူဝါဒနှင့် ဥပဒေမူဘောင်ဆိုင်ရာ အထောက်အပံ့များပေးရန် ရည်ရွယ်၍ အမျိုးအသားအဆင့် ငါးမွေးမြူရေးကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း(NADP)ကို ချိန်ညှိရေးဆွဲထား၍ စီမံကိန်းကို ၂၀၁၉ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ (၅)နှစ်တာ အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်