နေပြည်တော် ၃၁ ဇန်နဝါရီ 

 

အပူပိုင်းဇုန် ကျေးလက်လူနေမှုဘဝ မြှင့်တင်ရေးအတွက် အသေးစား ရေနေသတ္တဝါ မွေးမြူရေးဖွံ့ဖြိုးမှုစီမံကိန်း အပြီးသတ်ဆောင်ရွက်မှုဆိုင်ရာ ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ Park Royal ဟိုတယ်၌ ကျင်းပသည်။

 

2

 

ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဇုန်တွင်ပါဝင်သည့် မန္တလေး၊ မကွေးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် နေထိုင်သည့် ပြည်သူများအတွက် အလုပ်အကိုင် အခွင့်အလမ်းရရှိရေးနှင့် ရာသီဥတုဖောက်ပြန်မှုများကို ကြံ့ကြံ့ခိုင်ရင်ဆိုင် ကျော်လွန်နိုင်ရေးအတွက် ထိရောက်မှုရှိသည့် အစီအမံများချမှတ်၍ ကြိုးပမ်းဆောင်ရွက် သွားရမည်ဖြစ်ကြောင်း ပြောကြားသည်။

 

အပူပိုင်းဇုန်ဒေသတွင် ငါးနှစ်ကြာလုပ်ဆောင်မည့် စီမံကိန်းတစ်ရပ်ဖြစ်သည့် ကျေးလက်လူနေမှုဘဝ မြှင့်တင်ရေးအတွက် အသေးစားရေနေသတ္တဝါ မွေးမြူရေးဖွံ့ဖြိုးမှုစီမံကိန်းအား ၂၀၁၄ ခုနှစ်တွင် ရေးဆွဲခဲ့ပြီး စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်ခြင်းကို JICA မှ ကျွမ်းကျင်ပညာရှင်များနှင့်အတူ ငါးလုပ်ငန်းဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်နေခြင်း ဖြစ်သည်။

 

ယခုစီမံကိန်းသည် ဒေသနေပြည်သူများ၏ အမှန်တစ်ကယ် လိုအပ်ချက်အပေါ် မူတည်ပြီး ဆန်းစစ်လေ့လာမှု ပြုလုပ်ထားခြင်းနှင့် ဒေသအခြေအနေနှင့် သင့်တော်မှုရှိသည့် ရေနေသတ္တဝါ မွေးမြူရေးနည်းစနစ်များ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ပြီး စပါး - ငါး မွေးမြူရေး နည်းစနစ်နှင့် သွင်းအားစုအနည်းငယ်သာ ထည့်သွင်းရသည့် မွေးမြူရေးစနစ်များ ပါဝင်ခြင်း၊ ဒေသငါးထုတ်လုပ်သူများ ဖွံ့ဖြိုးတိုးတက်ရန် ရည်ရွယ်၍ အမာခံ ငါးမွေးတောင်သူများအဖွဲ့ ဖွဲ့စည်းဆောင်ရွက်နေပြီး ယင်းတို့မှတစ်ဆင့် ဒေသအတွက် အရည်အသွေးကောင်းမွန်သည့် ငါးသားပေါက်များ ထုတ်လုပ်ခြင်းနှင့် ၎င်းတို့ ပတ်ဝန်းကျင်တွင် နေထိုင်သည့် ငါးမွေးတောင်သူများထံသို့ နည်းပညာဆိုင်ရာ အရေးပါသည့် သတင်းအချက်အလက်များနှင့် ငါးသားပေါက် ဖြန့်ချိခြင်းတို့ကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။ 

 

(သတင်းစဉ်)